မန္တလေးမှုခင်း ဖြစ်ပွားမှုများ လုံခြုံရေးကင်မရာ အလုံး ၇၀ ဖြင့် ၂၄ နာရီစောင့်ကြည့်မည်

ပို့စ်တင်ချိန် - 5/14/2014 08:58:00 PM




မန္တလေး၊ မေ ၁၃

အုပ်စုဖွဲ့လုယက်မှု အပါအဝင် မှုခင်းဖြစ်ပွားမှု မြင့်တက်နေသော မန္တလေးမြို့တော်တွင် လုံခြုံရေးနှင့် မှုခင်းဖြစ်ပွားမှုများ စောင့်ကြည့်ရေးအတွက် မြို့နယ်လေးခုတွင် စက်တင်ဘာလကုန်မှ စတင်ကာ လုံခြုံရေးကင်မရာ အလုံး ၇၀ တပ်ဆင်၍ ၂၄ နာရီ စောင့်ကြည့်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ တပ်ဆင်ထားသည့် လုံခြုံရေး ကင်မရာများကို တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးတွင် Police Command Centre ထားရှိကာ၂၄ နာရီ စောင့်ကြည့်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

အဆိုပါ လုံခြုံရေးကင်မရာ အလုံး ၇၀ ကို တပ်ဆင်ရာတွင် မြို့လုံခြုံရေး၊ မှုခင်း ဖြစ်ပွားမှု ထိန်းသိမ်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပျက်ကွက်မှုတို့ကို သီးခြားကင်မရာ တပ်ဆင်ကာ စောင့်ကြည့်သွားမည် ဖြစ်ပြီး ကင်မရာများ တပ်ဆင်ရန် တိုင် ၄၀ ကိုစိုက်ထူထားပြီး ဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ ကင်မရာများကို မှုခင်းဖြစ်ပွားမှု အများဆုံးနေရာများ၊ လမ်းဆုံလမ်းခွများ၊ ချမ်းအေးသာစံမြို့နယ်၊ အောင်မြေသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည် မြို့နယ်တို့တွင် တပ်ဆင်သွားမည် ဖြစ်ပြီး နောက်ပိုင်းတွင် အခြားမြို့နယ်များ၌ပါ တိုးချဲ့တပ်ဆင်သွားမည် ဖြစ်ကြောင်း ၎င်းကထပ်မံပြောကြားသည်။

“နည်းပညာပိုင်းနဲ့ ပတ်သက်လို့ တရုတ်က ပညာရှင်တွေနဲ့ ဆောင်ရွက်မှာပါ။ စောင့်ကြည့်ဖို့ အကွာအဝေးကလည်း ဘယ်လောက်ပမာဏအထိ ရမယ်ဆိုတာကိုလည်း လုပ်ဆောင်နေတယ်” ဟု အဆိုပါ CCTV ကင်မရာ တပ်ဆင်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်သည့် ရဲတပ်ဖွဲ့ အရာရှိတစ်ဦးက ဆိုသည်။

“အခုလိုမျိုး တပ်ဆင်မယ်ဆိုတော့ ကောင်းပါတယ်။ ညနေခင်း အလုပ်ဆင်း အလုပ်ပြန်တဲ့ သူတွေအတွက် ပိုပြီး စိတ်ချရတာ့ပေါ့။ လုယက်မှုတွေ ဖြစ်တယ် ဆိုတော့လည်း တရားခံကို ချက်ချင်းခြေရာခံ ဖမ်းဆီး ဖော်ထုတ်နိုင်တာပေါ့” ဟု ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်သည့် မသက်ထားက ပြောကြားသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနှင့် နိုင်ငံတကာ ရဲတပ်ဖွဲ့အဆင့် ရှိစေရန်အတွက် CCTV ကင်မရာ တပ်ဆင်ရန် ၂၀၀၉ ခုနှစ်ကတည်းက ရေရှည်စီမံချက်အဖြစ် ဆောင်ရွက်လာခြင်း ဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဒီလို တစ်နေရာတည်းကနေ ကိုယ်တိုင်ကိုယ်ကျ သတင်းသွားယူ တွေ့မြင်ရသလိုမျိုး လုပ်ဖို့ဆိုတာ မလွယ်ပါဘူး။ ၂၄ နာရီ မီးပေးနိုင်မှုတွေ လိုအပ်ပါတယ်” ဟု ၎င်းကဆိုသည်။

မန္တလေးမြို့တော်တွင် မေလ ဒုတိယပတ်နှင့် ဧပြီလကုန်ပိုင်းတို့တွင် ညအချိန် တာဝန်ကျ ရဲအရာရှိများကို လူငယ်အုပ်စုတစ်စုက ခဲများဖြင့် ပစ်ပေါက်ခြင်း၊ လူငယ်များ အုပ်စုလိုက် တုတ်၊ ဓားအချို့ ကိုင်ဆောင်ပြီး မြို့ပေါ်တွင် သွားလာလှည့်ပတ်နေခြင်း၊ ညဥ့်နက်ပိုင်းအချိန် စားသောက်ဆိုင်များ ရှေ့တွင် ရပ်ထားသည့် ကားမှန်များကို လူငယ်အုပ်စုတစ်စုက ခဲဖြင့်ပစ်ပေါက်ခြင်း၊ ကားမှန် ရိုက်ခွဲခြင်းများနှင့် မိုးလင်းခါနီးအချိန် နေအိမ်များတွင် ဖောက်ထွင်း ခိုးယူခံရခြင်းများ ဖြစ်ပွားခဲ့သည်။

The Voice Weekly