ဆန္ဒပြပြီးပြန်လာသည့် သဲကုန်းလယ်သမားများ အကြမ်းဖက် ဖမ်းဆီးခံရ

ပို့စ်တင်ချိန် - 5/14/2014 07:39:00 PM

သဲကုန်းမြို့တွင် လယ်ယာမြေပြန်လည်ရရှိရန်နှင့် ဖမ်းဆီးထားသည့် လယ်သမား ကိုပေါက်စကို ပြန်လွှတ်ပေးရန် မေလ ၁၄ရက်က သဲကုန်းတရားရုံးရှေ့တွင် ဆန္ဒပြသူများကို တွေ့ရစဉ်။ (ဓာတ်ပုံ- ရေခဲ၊ ပြည်)



ရေခဲ(ပြည်)

ပြည်၊ မဇ္ဈိမ။ ။ သဲကုန်းမြို့တွင်း လှည့်လည်ဆန္ဒပြကာ ဘုရားတွင် ဆုတောင်းပွဲလုပ်ပြီး ပြန်လာသည့် လယ်သမားနှဦးကို ရဲများကာ အကြမ်းဖက်ဖမ်းဆီးမှုတစ်ခု မေလ ၁၄ရက်က ပြည်ခရိုင်၊ သဲကုန်းမြို့တွင် ဖြစ်ပွားခဲ့သည်ဟု ဖမ်းဆီးခံရသူ ဒေါ်ညိုက မဇ္ဈိမကို ပြောသည်။

သဲကုန်းမြို့နယ် အောင်ကုန်းကျေးရွာမှ လယ်သမားများသည် လယ်ယာမြေပြန်လည်ရရှိရေး ဆန္ဒပြ ဆုတောင်းပွဲများပြုလုပ်ပြီး အပြန်လမ်းတွင် ဒေါ်ညို၊ ဦးမောင်ဝင်းနှင့် ကောင်းထက်ကျော်တို့ သုံးဦးကို သဲကုန်းမြို့နယ် ဦးဝါယမဘုန်းကြီးကျောင်းအတွင်း လယ်ယာမြေကိစ္စ ရှင်းပေးမည်ဟုဆိုကာ လက်ထိပ်ခတ် ဖမ်းဆီးခဲ့ခြင်းပြီး ကိုကောင်းထက်ကျော် ကိုမူ ဦးဝါယမဘုန်းကြီးကျောင်း ဆရာတော်က ဖမ်းဆီးမှု မပြုရန် မိန့်ကြားသဖြင့် နှစ်ဦးကိုသာ သဲကုန်းစခန်းတွင် ဖမ်းဆီးထားသည်။


“ကျွန်မက တွန်းလိုက်တော့ နယ်ထိန်း ကျော်ဆန်းဦးက အုပ်ခဲကျိုးနဲ့ထုမယ် ဆိုပြီး ရွယ်တယ်။ စခန်းမှူးက မထုနဲ့လို့ ပြောတော့ ကားပေါ်ကို အတင်း ဆွဲတင်တယ်။ ကိုမောင်ဝင်းကိုလည်း အတင်းဆွဲတင်တာပဲ။ ကောင်းထက်ကျော်ကတော့ ခေါင်းကွဲသွားတယ်။ အောင်မြတ်ဆွေနဲ့ ဇော်လတ် နယ်ထိန်းနှစ်ယောက် လက်ထိပ်နဲ့ဖြတ်ရိုက်လိုက်တာ”ဟု ဒေါ်ညိုက ပြောသည်။

ယင်းအပြင် ဆန္ဒပြသူများ၏ အိမ်များသို့ ရဲများက သွားရောက်ကာ အကြမ်းဖက်မှုများ လုပ်ခဲ့သေးသည်ဟု ဒေသခံရွာသားများက မဇ္ဈိမကို ပြောသည်။

သဲကုန်းရဲစခန်းက တာဝန်မှူးကမူ "အခုသိတာကတော့ ၅၀၅(ခ)လို့ပြောတယ်။ နောက်ပိုင်းဟာ ကျွန်တော် ဘာမှမသိဘူး"ဟု မဇ္ဈိမကို ပြောသည်။ ပုဒ်မ ၅၀၅(ခ)သည် အာမခံ မရရှိနိုင်သည့် ပုဒ်မဖြစ်သည်။

မေလ ၁၄ရက် နံနက်(၉)နာရီခွဲအချိန်က သဲကုန်းမြို့နယ် အောင်ကုန်းကျေးရွာမှ လယ်သမား(၂၅)ဦးသည် သပိတ်စခန်းဖြိုခွဲခံရသော သုံးလပြည့် အထိန်းအမှတ်အဖြစ်
မြို့နယ်တရားရုံး ရှေ့သို့ လမ်းလျှောက်ချီတက်ခဲ့ပြီး တရားရုံးရှေ့တွင် (၁၅)မိနစ်ခန့် ဆန္ဒထုတ်ဖော်ခဲ့သည်။ ထို့နောက် မိုးကောင်းစေတီတော်သို့ ထပ်မံချီတက်ခဲ့ပြီး မိုးကောင်းစေတီ ဓမ္မာရုံတွင် ဆုတောင်း မေတ္တာပို့သမှုများ ပြုလုပ်ခဲ့သည်။

ဆန္ဒပြရာတွင် “သိမ်းဆည်းလယ်ယာမြေပြန်လည်ရရှိရေး ဒို့အရေး…………ဒို့အရေး" "မတရားဖမ်းဆီးခံထားရသော လယ်သမား ကိုပေါက်စ ပြန်လည်လွှတ်ပေးရေး ဒို့အရေး……….ဒို့အရေး"
"မတရားသူကြီးဦးဝင်းမြင့် အလိုမရှိ……….အလိုမရှိ" စသည့် စာသားပါ ကြွေးကြော်သံများကို ရွတ်ဆိုကာ စာသားပါ လက်ကိုင်ပိုစတာများကို ကိုင်ဆောင်ခဲ့သည်။

ဆုတောင်းမေတ္တာပို့ရာတွင် “လယ်ယာမြေ သိမ်းဆည်းခံရမှုကို ကယ်တင်တော်မူပါဘုရား” “မတရား ဖမ်းဆီးခံထားရသော ကိုပေါက်စ ပြန်လည် လွတ်မြောက်ပါစေ” အစရှိသည့်
ဆုတောင်းမှုများ ပြုလုပ်ခဲ့သည်။

သဲကုန်းမြို့နယ် အောင်ကုန်းကျေးရွာမှ လယ်ယာမြေ(၁၁၅၉.၅၅)ဧကကို ၂၀၀၁ခုနှစ်တွင် စစ်တပ်က သိမ်းယူခဲ့ပြီး အမှတ်(၃) လက်ကားသမ၀ါယမအသင်းလီမိတက်အမည်ဖြင့်
ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးက ငါးကန်လုပ်ငန်းများ လုပ်ကိုင်လျှက်ရှိသည်။

ယင်းလယ်များ ပြန်လည်ရရှိရေးအတွက် ဖေဖော်ဝါရီလ ၁၁ရက်တွင် တောင်သူများက သဲကုန်းမြို့ပေါ်တွင် သပိတ်စခန်းဖွင့် တောင်းဆိုခဲ့ရာ ဖေဖော်ဝါရီ ၁၄ရက်တွင် ရဲတပ်ဖွဲ့၏
ဖြိုခွဲခြင်းကိုခံရပြီး အောင်ကုန်းကျေးရွာ ဒေါ်မုန်းနေအိမ်တွင် ယာယီသပိတ်စခန်းဖွင့်သည်။

ထို့ပြင် လယ်ယာမြေသိမ်းဆည်းရာတွင် ပါဝင်ပတ်သတ်သူများကို ဧပြီလ ၁၁ ရက်တွင် ကျိန်စာတိုက်ခြင်း၊ ဧပြီလ ၂၂ ရက်တွင် အခေါင်းလုပ် မီးရှို့သင်္ဂြိုလ်ခြင်းများပြုလုပ်ခဲ့သည်။ ကျိန်စာတိုက်ခြင်းကြေင့် သဲကုန်းတရားရုံးတွင် သန့်ဇင်ထက် ၊ဒေါ်ညို ၊ ဒေါ်မုန်း ၊ ကိုပေါက်စ ၊ ကိုအောင်သူ တို့ကို ပုဒ်မ၅၀၅(ခ)ဖြင့် တရားဆွဲဆိုခဲ့သည်။ မေလ၆ရက်နေ့၌ ရုံးတင်
စစ်ဆေးခဲ့ရာ လယ်သမား ကိုပေါက်စကို အာမခံမပေးသဖြင့် ပေါင်းတည်ထောင်တွင် အကျဉ်းကျနေသည်။


Mizzima Burmese