မဒေးကျွန်းတွင် လူထုစည်းဝေးပွဲလုပ်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ပေးရန်တောင်းဆို

ပို့စ်တင်ချိန် - 5/14/2014 01:32:00 PM


ဆိုင်းဘုတ်ထောင်ထားသည်ကို တွေ့ရစဉ်။ (ဓါတ်ပုံ- နိရဉ္စရာ)

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းတွင် မေလ ၁၃ ရက်နေ့က  ဒေသခံ ပြည်သူ ၂၀၀ ကျော်မှ လူထု အစည်းအဝေး ပြုလုပ်ပြီး မဒေးကျွန်း ဒေသဖွံ့ဖြိုးရေးကို ပြုလုပ်ပေးရန် တောင်းဆိုခဲ့ကြသည်။

ယင်းလူထု အစည်းအဝေးအား မဒေးကျွန်းရွာမ ဘုန်းတော်ကြီးကျောင်းတွင် နေ့လည်ပိုင်းမှ စတင်ပြုလုပ်ခဲ့ပြီး ကျောက်ဖြူမြို့နယ် အထွေထွေ ဒုဦးစီးမှူး ဦးကျော်နု၊ စီအန်ပီစီ တရုတ်ကုမ္ပဏီမှ ဘာသာပြန်များ၊ တခြား ကုမ္ပဏီများမှ တာဝန်ရှိသူများ အပါအ၀င် လူပေါင်း ၂၀၀ ကျော်တက်ရောက်ခဲ့သည်ဟု လူမူရေး လူုပ်ရှား ဆောင်ရွက်နေသူ ဦးထွန်းကြည်က ပြောကြားသည်။

“ ကျွန်တော်တို့ တောင်းဆိုတာက ကျေးရွာချင်းဆက်လမ်းတွေကို ဖေါက်လုပ်ပေးထားပေမယ့် ကွန်ကရစ်လမ်း ဖေါက်လုပ် မပေးဘဲ မြေသားလမ်းသာ ဖြစ်တဲ့ အတွက် မိုးရွာရင် အကုန်လုံး ပျက်စီးနိုင်တယ်။ ဒါကြောင့် လမ်းတွေကို ကွန်ကရစ်ခင်းပေးဖို့ တောင်းဆိုပါတယ်” ဟု ဆိုသည်။

ဒုတိယအနေဖြင့် မဒေးကျွန်းတွင် လျှပ်စစ်မီး ဖြန့်ဝေရာတွင် မီတာအိုးများကို တရုတ်စီအန်ပီစီ ကုမ္ပဏီမှ အခကြေးငွေ မယူဘဲ အိမ်တိုင်းတွင် တပ်ဆင်ပေးရန်နှင့် မဒေးကျွန်း စီမံကိန်း လုပ်ငန်းခွင်များတွင် ဒေသခံ အလုပ်သမားများကိုသာ အထူးဦးစားပေး ခန့်အပ်ရန် တောင်းဆိုခဲ့ကြသည်ဟု သူက ပြောသည်။

Madae
ဖေါက်လုပ်ပေးထားသော ကျေးရွာချင်းဆက် မြေသားလမ်း။ (ဓါတ်ပုံ- နိရဉ္စရာ)

ယင်းပြင် စီမံကိန်းများနှင့် ပတ်သက်ပြီးလည်း မပြုလုပ်မှီ ကြိုတင်ပြီး ကျွန်းပေါ်နေ ဒေသခံများအား အသိပေး ချပြရန်လည်း တောင်းဆိုခဲ့ကြသည်ဟု ဆိုသည်။

လုထု အစည်းအဝေးသို့ တက်ရောက်လာသူ အစိုးရ တာဝန်ရှိသူများမှ သက်ဆိုင်ရာကို တင်ပြပေးမည် ဖြစ်ကြောင်း ပြောဆိုသည်ဟု သိရသည်။

“ သူတို့ကတော့ ကျေးရွာသားတွေ တင်ပြတာကို အထက်ကို တင်ပြပေးမယ်။ သူတို့အနေနဲ့ ဘာမှ ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး။ အဲသလို ပြောပါတယ်။ ကျနော်တို့ကလည်း တင်ပြပါ။ လူထုတွေ တောင်းဆိုတာကို မလုပ်ပေးဘူးဆိုရင် ကျွန်းသူ ကျွန်းသားတွေ အနေနဲ့ ဆန္ဒဖေါ်ထုတ်ပြီး တောင်းဆိုသွားမယ်လို့တော့ ပြောလိုက်ပါတယ်” ဟု ဆိုသည်။

မဒေးကျွန်းတွင် မီးရရှိရေး၊ ကျေးရွာချင်းဆက် လမ်းများ ဖေါက်လုပ်ပေးရေး၊ ကျန်းမာရေး- ပညာရေး တိုးမြှင့် ပေးရန် ဆန္ဒဖေါ်ထုတ်ပြီး တောင်းဆိုထားသည်မှာ တနှစ်ကျော်ကြာလာပြီ ဖြစ်သော်လည်း ကျေးရွာချင်းဆက် မြေသားလမ်းဖေါက်လုပ်ပေးသော်လည်း လျှပ်စစ်မီးမှာ ယနေ့ထိ မရရှိသေးကြောင်း သိရသည်။

နိရဉ္စရာ