MH370 အား ဝေဟင်မှရှာဖွေမှု လုပ်ငန်းစဉ်များကို စတင်ရပ်ဆိုင်း

ပို့စ်တင်ချိန် - 5/01/2014 08:34:00 AM


“မလေးရှား သရီး ဆဲဗင်း ဇီးရိုး။ ဟိုချီမင်းကို ဆက်သွယ်ပါတယ်။ ကောင်းသောညပါ”
“ကောင်းသောညပါ မလေးရှား သရီး ဆဲဗင်း ဇီးရိုး”


အဆိုပါ စကားစုများသည် ပဟေဠိဆန်ဆန် ပျောက်ကွယ်သွားသည့် မလေးရှား လေကြောင်းလိုင်းပိုင် MH370 ခရီးသည်တင်လေယာဉ်မှ လေကြောင်းထိန်းသိမ်းရေး မျှော်စင်တို့ နောက်ဆုံးဆက်သွယ်ပြောဆိုသွားသည့် အသံများဖြစ်သည်။ လေယာဉ် ပျောက်ကွယ်သွားမှု သီတင်း ၇ ပတ်မျှကြာမြင့်လာခဲ့သည့်နောက် အဆိုပါ အသံဖိုင်ကို ခရီးသည်များ၏ မိသားစုဝင်များရှေ့မှောက်တွင် ပထမဆုံးအကြိမ် ဖွင့်ပြခဲ့သည်။
boeing 777 အမျိုးအစားလေယာဉ်သည် မတ်လ ၈ ရက်နေ့ကတည်းက လူပေါင်း၂၃၉ ဦးကိုတင်ဆောင်ကာ ကွာလာလမ်ပူမှ ထွက်ခွာ သွားပြီးနောက် ကမ္ဘာ့လူသား များမြင်ကွင်းမှ ထူးဆန်းစွာပျောက်ကွယ်သွားခဲ့သည်။

မလေးရှားအာဏာပိုင်များသည် အင်္ဂါနေ့တွင် လေယာဉ်ကို နောက်ဆုံး ပုံရိပ်ဖမ်းတွေ့ရှိခဲ့သည့် ရေဒါမှတ်တမ်းများကိုပါ ပြသခဲ့သည်။ ထိုလုပ်ဆောင်မှုသည် MH370အား ဝေဟင်မှ ထောက်လှမ်းရှာဖွေမှုလုပ်ငန်းစဉ်များ အဆုံးသတ်လိုက်ပြီး နောက်တစ်နေ့တွင်ဖြစ်သည်။ နိုင်ငံတကာ ပူးပေါင်းရှာဖွေမှုလုပ်ငန်းများတွင် လေယာဉ်များဖြင့် ပင်လယ်ရေမျက်နှာပြင်အထက်တွင် ပိုက်စိပ်တိုက် ပျံသန်းရှာဖွေမှုများကို ရပ်
ဆိုင်းလိုက်ပြီ ဖြစ်သည်။ နိုင်ငံပေါင်း ၇ ခုမှ ကျွမ်းကျင်ပညာရှင် ၆၀၀ မျှတို့သည် အင်္ဂါနေ့တွင် ရှာဖွေရေးလုပ်ငန်းများ ရပ်နားလိုက်ပြီးနောက် အမှတ်တရ စုပေါင်း ဓာတ်ပုံအရိုက်ခံခဲ့ကြသည်။ ၎င်းတို့၏မျက်နှာတွင် boeing 777 လေယာဉ်နှင့်ပတ်သက်၍ မည်သည့်သဲလွန်စမျှ မဖော်ထုတ်နိုင်ခဲ့ခြင်းအတွက် စိတ်အနှောင့်အယှက် ဖြစ်နေသည့် အရိပ်အယောင်များ အထင်းသားပေါ်လွင်နေသည်။

လေတပ်တာဝန်ရှိသူ အများစုသည် ပါ့သ်မြို့အနီးရှိ တော်ဝင် ဩစတြေးလျ လေတပ်အခြေစိုက်စခန်းမှ ထွက်ခွာရန်အသင့်ရှိနေပြီဖြစ်သည်။ ၎င်းတို့အားလုံးသည် ရက်ပိုင်းအတွင်း အဆိုပါလုပ်ငန်းတာဝန်များကို စွန့်လွှတ်တော့မည် ဖြစ်သည်။ ရေပြင်ပေါ်တွင် လိုက်လံရှာဖွေနေသည့် သင်္ဘောအချို့သည်လည်း ပြန်လည်ထွက်ခွာ ရန်ပြင်ဆင်နေပြီး ရေအောက်ကြမ်းပြင် စူးစမ်းရှာဖွေရေးကဏ္ဍကိုသာ ပိုမိုအာရုံစိုက်လာဖွယ် ရှိနေသည်။ “ရေပြင်အထက်မှာ လေယာဉ်နဲ့ပတ်သက်တဲ့ သဲလွန်စ အချက်အလက်တွေပေါ်နေဖို့က ဖြစ်နိုင်ခြေမရှိသလောက်ပဲ။ ဝေဟင်ကနေ ရှာဖွေဖို့ အားထုတ်မှုမှန်သမျှ အကျိုးမရှိခဲ့ဘူးဆိုတဲ့စကားကို ထုတ်ပြောရတာ ကျွန်တော် တော်တော့်ကို စိတ်မကောင်းဖြစ်မိတယ်။ ဝေဟင်ထောက်လှမ်းမှုတွေအရ ပင်လယ်ရေမျက်နှာပြင် အထက်မှာရော၊ ရေအောက်မှာပါ ဘာအပျက်အစီးကိုမှ ရှာမတွေ့ခဲ့ပါဘူး” ဟု ဩစတြေးလျဝန်ကြီးချုပ် တိုနီအက်ဘော့က တနင်္လာနေ့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

ယခုအခါ တာဝန်ရှိသူများအနေဖြင့် ရေအောက်ရှာဖွေမှုများကို ပိုမိုဇောက်ချ အကောင်အထည်ဖော်မည်ဖြစ်ပြီး ယင်းအတွက် ပုဂ္ဂလိက ကန်ထရိုက်တာများကို ငှားရမ်းရဖွယ်ရှိသည်။ အဆိုပါကဏ္ဍအတွက် ဒေါ်လာ ၅၆ သန်းမျှ ကုန်ကျမည့် အခြေအနေရှိနေကြောင်းလည်း သိရသည်။ နိုင်ငံတကာပူးပေါင်းအဖွဲ့သည် စတုရန်း ကီလိုမီတာ ၆၀၀၀၀ မျှအကျယ်အဝန်းကို ဖြန့်ကျက်ရှာဖွေခဲ့သည့်တိုင် မည်သည့်
သတင်းအချက်အလက်မျှ မရရှိနိုင်ခဲ့ကြောင်း ခါးသီးလှသည့် အမှန်တရားကို မဖြစ်မနေ လက်ခံခဲ့ရသည်။ လတ်တလောတွင်မူ bluefin-21 မောင်းသူမဲ့ ရေငုပ်သင်္ဘောငယ်သည် သမုဒ္ဒရာကြမ်းပြင်ကို Scan ဖတ်စစ်ဆေးကာ အပျက်အစီးများကို ရှာဖွေနေသည်။ အင်္ဂါနေ့အတွက်မူ ရာသီဥတုဆိုးရွားခြင်းနှင့် လှိုင်းထန်ခြင်းတို့ကြောင့်အဆိုပါလုပ်ငန်းကို ဆိုင်းငံ့ထားရသည်။

ယနေ့အချိန်ထိ MH370 ၏ကံကြမ္မာကို မည်သူမျှ တိတိကျကျ မသိရသေးချေ။ မလေးရှား လေကြောင်းလိုင်းမှကိုယ်စားလှယ် ဆူဘက်စ်ချန်ဒရာကမူ လေယာဉ်သည် လမ်းကြောင်းပြောင်းပျံသန်းရင်း ၇ နာရီခွဲမျှအကြာတွင် ဆီကုန်ပြီး ပင်လယ်ထဲ ထိုးကျသွားခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုခဲ့သည်။ “ဘာပဲဖြစ်ဖြစ် ရှာဖွေမှု လုပ်ငန်းစဉ်တွေမှာ တစ်ခုခုထူးခြားတိုးတက်လာပါစေလို့ ဆုတောင်းပါတယ်” ဟုလေယာဉ်ပေါ် ပါသွားသူတစ်ဦး၏ မိသားစုဝင်တစ်ဦးဖြစ်သည့် ဂျင်မီဝမ်က မျက်ရည်စက်လက်ဖြင့် ဆန္ဒပြုသွားခဲ့သည်။

Planet