ရေလုပ်သားတွေ အားမကျကြဖို့ သတိပြုသင့်

ပို့စ်တင်ချိန် - 6/02/2014 10:32:00 AM


တစ်ဖက်နိုင်ငံ၌ ငါးဖမ်းလှေသားဝင်ငွေအဖြစ် တစ်လ ဘတ် (၇၀၀၀)ရမည် ဟု မက်လုံပေးစည်းရုံး၍ ရိုးသားမှု၊ ယုံကြည်လွယ်မှုနှင့် လူငယ်သဘာဝ စွှန့်စားလိုမှုများကို အခွင့်ကောင်းယူပြီး ကျွန်းစုရေပြင် ပဲ့ဒိုင်ရွာမှ လူငယ် (၅)ဦးကို မောတောင် နယ်စပ်မှတစ်ဆင့် တစ်ဖက်နိုင်ငံသို့ ရောင်းစားခဲ့သည့် လူကုန်ကူးအဖွဲ့အား မြိတ်မြို့မ ရဲစခန်းမှ ဖမ်းဆီးရမိသည်ဟု သိရှိရပါသည်။

၂၀၁၃ ခုနှစ် အောက်တိုဘာလဆန်းပိုင်းအချိန်ခန့် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ပဲ့ဒိုင်ကျေးရွာမှ အသက် (၁၈)နှစ်ဝန်းကျင်အရွယ်ရှိ စိုးနီဝင်း၊ မောင်လင်း (ခ) ချမ်းမြင့်၊ ဇင်ငယ်၊ မျိုးသူနှင့် သားငယ်ကြီးတို့ သူငယ်ချင်း (၅)ဦး တစ်လ ဘတ် (၇၀၀၀)ရမည်ဟုဆို၍ ငါးဖမ်းလှေ လိုက်ပါသွားခဲ့ကြရာ ဇင်ငယ် တစ်ဦးတည်း သာ ၂၀၁၄ ခုနှစ် ဧပြီလ၌ ရွာကို ပြန်လည်ရောက်ရှိလာပြီး ကျန်လူငယ် (၄)ဦး မှာ ယနေ့တိုင် ပြန်လည်ရောက်ရှိခြင်း မရှိသောကြောင့် မိဘများ စိုးရိမ်ပူပင် စိတ်သောကရောက်ကြရသဖြင့် မြိတ်ရဲစခန်းသို့ ၂၇ - ၅ - ၂၀၁၄ ရက်နေ့ တွင် လာရောက်တိုင်းကြားသည့်အတွက် နေ့ချင်းပင် လူကုန်ကူးရာ ပါဝင်သူ တနင်္သာရီမြို့နယ်မှ အောင်ဖြိုး၊ မောတောင်မှ တင်နိုင်စိုးနှင့် ကျော်လှိုင်တို့အား ဖမ်းဆီးရမိခဲ့သည်။ ကျန်လူငယ် (၄) ဦး ပြန်လည်ရောက်ရှိလာရေးကိုလည်း လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့မှ စစ်ဆေးဆောင်ရွက်နေကြောင်း သိရှိရသဖြင့် မိဘများအတွက်တော့ မျှော်လင့်ချက်ရောင်ခြည် သန်းခဲ့ရပါပြီ။

မိဘများမှာ စိုးရိမ်းသောက အပူလှိုင်းထ ရင်ကွဲတမျှ အဆက်အသွယ်မရ ရင်မောနေရသည့် ဘ၀သင်ခန်းစာအပေါ် မိမိရပ်မြေ ပင်လယ်ပြင် ကသာ အေးချမ်းမှု၊   နွေးထွေးမှုရှိပါလားလို့ နောင်တရနေမိပါသည်။ လူငယ်များ လမ်းမှားမရောက်ဖို့၊ မိဘတွေ စိတ်သောက မဖိစီးဖို့ ရှိပြီးသား မိမိပင်လယ်ပြင်ကိုသာ တန်ဖိုးထား အားကိုးယုံကြည်ပြီး၊ တစ်ဖက်နိုင်ငံကို အထင်ကြီး အလိမ်အညာမခံရဖို့ သတိပြုမိရန် လက်ဆင့်ကမ်း အသိပေး နှိုးဆော်အပ်ပါသည်။

မြိတ်ပုလဲမြေ