ကမ္ဘာ့အမွေအနှစ် ညီလာခံသို့ ပျူမြို့ဟောင်းသုံးမြို့မှ ဒေသခံလေးဦး တက်ရောက်ခွင့်ရ

ပို့စ်တင်ချိန် - 6/02/2014 08:29:00 PM


ရန်ကုန်၊ ဇွန် ၁

ကာတာနိုင်ငံ ဒိုဟာမြို့တွင် ဇွန်လ ၁၅ မှ ၂၅ ရက်အထိ ကျင်းပမည့် ကမ္ဘာ့အမွေအနှစ် ညီလာခံသို့ မြန်မာနိုင်ငံမှ ရှေ့ဟောင်း အမွေအနှစ် စာရင်းဝင်ရန် တင်သွင်းထားသည့် ဟန်လင်း၊ ဗိသာနိုး၊ သရေခေတ္တရာ ပျူမြို့ဟောင်းသုံးမြို့ရှိ ဒေသခံ လေးဦးသည် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် လိုက်ပါ တက်ရောက်မည် ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနထံမှ စုံစမ်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ရှိ ဟန်လင်းမြို့ဟောင်း၊ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့ရှိ ဗိသာနိုးတို့မှ ဒေသခံတစ်ဦးစီနှင့် ပဲခူးတိုင်း အနောက်ပိုင်းဒေသကြီး ပြည်မြို့ရှိ သရေခေတ္တရာ မြို့ဟောင်းမှ ဒေသခံနှစ်ဦးတို့ တက်ရောက်မည် ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနက သိရသည်။

“ပြည်ထောင်စု ဒုဝန်ကြီး ဒေါ်စန္ဒာခင် ဦးဆောင်တဲ့အဖွဲ့၊ ပြည်ပက ငှားထားတဲ့ ပညာရှင်တွေနဲ့ ဒေသခံတွေပါ ခေါ်သွားမယ်။ ကုန်ကျမယ့်စရိတ်ကို နိုင်ငံတော်က တောင်းတာလည်း ရှိသလို ပြင်ပအဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေလည်း ထောက်ပံ့ပေးတယ်” ဟု အဆိုပါဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်က ဆိုသည်။

သရေခေတ္တရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပြည်ခရိုင် အုပ်ချုပ်ရေးမှုးက အဆိုပြုသူ သုံးဦးတွင် နှစ်ဦးကို ရွေးချယ်ပေးခြင်း ဖြစ်ကြောင်း၊ ၎င်းတို့သည် မြို့ဟောင်း တည်ရှိသည့် ကျေးရွာများက မဟုတ်သော်လည်း သရေခေတ္တရာ အမွေအနှစ် စောင့်ရှောက်ရေး အဖွဲ့ဝင်များ ဖြစ်ကြောင်း ကမ္ဘာ့ အမွေအနှစ်စာရင်း ပါဝင်ရေး စီမံခန့်ခွဲရေးရုံး (သရေခေတ္တရာ မြို့ဟောင်းလုပ်ငန်း) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ရွေးထားတဲ့ သူတွေက ညီလာခံမှာ ဆွေးနွေးတဲ့ အချက်တွေသိပြီး ကိုယ့်ဒေသကို ပြန်ရောက်ရင် ရလာတဲ့ အတွေ့အကြုံတွေ ပြန်မျှဝေဖို့နဲ့ ဘာတွေ ဆက်လုပ်ရမယ် ဆိုတာကို သိဖို့အတွက်ပါပဲ” ဟု ၎င်းကဆိုသည်။

ကမ္ဘာ့ အမွေအနှစ်စာရင်း တင်သွင်း ဆောင်ရွက်ထားသည့် ပျူသုံးမြို့အပြင် ပုဂံဒေသကိုပါ ယူနက်စကိုမှ ရသည့် ထောက်ပံ့ငွေများဖြင့် ကမ္ဘာ့အမွေအနှစ် စာရင်း ထပ်မံတင်သွင်းနိုင်ရန် ဆောင်ရွက်လျက် ရှိသည်။

The Voice Weekly