၂၀၁၃ တီယန်မင်ရင်ပြင်တိုက်ခိုက်မှုအတွက် စွဲချက်တင်

ပို့စ်တင်ချိန် - 6/02/2014 10:39:00 AM




AFP
တရုတ်နိုင်ငံ ဘေဂျင်းရှိ တီယန်မင်ရင်ပြင်တွင် ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ဖြစ်ပွားခဲ့သော တိုက်ခိုက်မှု၌ ပါဝင်ခဲ့သူ ရှစ်ဦးကို တရားစွဲဆိုလိုက်ပြီဖြစ်ကြောင်း ဒေသခံအာဏာပိုင်များကို ကိုးကား၍ ဆင်ဟွာသတင်းက ဖော်ပြသည်။

တရုတ်နိုင်ငံအနောက်ဘက် ဆင်ဂျန်ပြည်နယ်ရှိ ၀ီဂွာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအာဏာပိုင်များက လူ ရှစ်ဦးကို ဦးဆောင်ပါဝင်စီစဉ်သူ အကြမ်းဖက်သမားများအဖြစ် လူထုလုံခြုံရေးကို အန္တရာယ်ပြုမှုဖြင့် စွဲဆိုလိုက်ခြင်းဖြစ်သည်။

အဆိုပါ ရှစ်ဦးသည် ဆင်ဂျန်ပြည်နယ်မြို့တော် ယူရမ်ကီတွင် တရားရင်ဆိုင်ရမည်ဖြစ်သည်။ တရုတ်အာဏာပိုင်များက တူရကီဘာသာ စကားပြောသည့် ၀ီဂွာတိုင်းရင်းသားများကို အကြမ်းဖက်မှုများဖြင့် စွဲဆိုနှိပ်ကွပ်လျက်ရှိသည်။

အောက်တိုဘာ ၂၈ ရက်က ဖြစ်ပွားခဲ့သောအမှုတွင် တီယန်မင်ရင်ပြင်လုံခြုံရေးအတားအဆီးများကို ဖြတ်ကျော်ပြီး ကားတစ်စီးက ဖြတ် သန်းမောင်းဝင်ခဲ့ကာ နန်းတော်ရှေ့၌ မီးလောင်ပေါက်ကွဲခဲ့ရာ ကားတွင်းပါ လူ သုံးဦးအပါအ၀င် လူ ငါးဦးသေဆုံးခဲ့ပြီးလူ ၄၀ ဒဏ်ရာရရှိ ခဲ့သည်။

တိုက်ခိုက်မှုဖြစ်ပြီး မကြာမီအစ္စလာမ်အဖွဲ့ တစ်ဖွဲ့က ယင်းဖြစ်ရပ်ကို ဂျီဟတ်ဒီလှုပ်ရှားမှုဟု ပြောဆိုလိုက်ပြီး နောက်ပိုင်း အကြမ်းဖက်မှုများ ဆက်တိုက်လာဦးမည်ဟုလည်း သတိပေးလိုက်သည်။ အွန်လိုင်းတွင် ရေးသားထားသော တာကစ္စတန်အစ္စလာမ်ပါတီခေါင်းဆောင်၏ အဆိုအရ ယင်းတိုက်ခိုက်မှုကို မူဂျာဟစ်ဒင်များက ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့သော်တရုတ်အာဏာပိုင်များက ဘေဂျင်းတိုက်ခိုက်မှုအတွက် ၀ီဂွာတိုင်းရင်းသားများလက်ချက်ဟု စွပ်စွဲခဲ့ပြီး ဒေသအတွင်း နှိပ်ကွပ်မှု မြှင့်တင်ခဲ့သည်။ ပြီးခဲ့သည့် လပိုင်းအတွင်း ဖြစ်ပွားခဲ့သော အမှုများတွင်လည်း လူပေါင်းရာချီဖမ်းဆီးခဲ့သည်။

ဝီဂွာဒေသရှိ ဆင်ဂျီယန်တရားရုံးတွင် ဗုဒ္ဓဟူးနေ့က တရုတ်တရားရုံးက စုစုပေါင်း လူ ၅၅ ဦးကို အကြမ်းဖက်မှုဖြင့် တရားစီရင်လိုက်သည်။ ၀ီဂွာတိုင်းရင်းသားများကို တရုတ်ဟန်လူများစုက ပြီးခဲ့သည့် နှစ်များအတွင်း ဖိနှိပ်မှုများအပေါ် ဒေသခံများမကျေမနပ်ဖြစ်နေကြပြီး ဒေသ၏ စီးပွားရေးအများစုကို ဟန်တရုတ်များက အုပ်စီးထားသည်ဟု သိရသည်။ ၀ီဂွာများကို အလုပ်ခန့်ထားရာတွင် လည်းကောင်း၊ အိမ်ရာနှင့် ပညာရေးအခွင့်အလမ်းများအတွင်းလည်းကောင်း၊ ခွဲခြားဆက်ဆံမှုများရှိနေပြီး ဘာသာရေးနှင့် နိုင်ငံရေးကန့်သတ်ချုပ်ချယ်မှု အများအပြားရှိနေကြောင်း ၀ီဂွာတိုင်းရင်းသားများက ပြောသည်။

—Ref: CNN

7day daily