နိုင်ငံရေး အကျဉ်းသား ၆၀ လက်ကျန် ရှိနေသေး

ပို့စ်တင်ချိန် - 6/02/2014 10:29:00 AM


လက်ကျန်နိုင်ငံရေး အကျဉ်းသားစိစစ်ရေးကော်မတီက အသိအမှတ်ပြုထားတဲ့ လက်ကျန် နိုင်ငံရေး အကျဉ်းသား ၆၀ ကျန်နေသေးကြောင်း နဲ့ အဲဒီစာရင်းကို အကျဉ်းဦးစီးဌာနနဲ့ သမ္မတရုံးထံ ဒီနေ့ ပေးအပ်လိုက်တယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီ အစည်းအဝေးကျင်းပခဲ့တာဖြစ်ပြီး အဲ့ဒီစာရင်းအတိုင်း အစိုးရက ပြန်လည်စိစစ်မှာဖြစ်တယ်လို့ လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီဝင် ဦးရဲအောင်က ပြောပါတယ်။

"၂၀၁၃ မှာ လက်ကျန်နိုင်ငံရေးအကျဉ်းသား ၃၀ ကျနော်တို့စာရင်းအရ ရှိနေပြီးတော့ အခု ၂၀၁၄ မှာနောက်ထပ် တိုးတာကအယောက် ၃၀ စာရင်း ကျနော်တို့ တင်ပြပေးခဲ့ပါတယ်၊ အကျဉ်ဦးစီး ညွှန်ကြားရေးမှူးချုပ်က ဒီစာရင်းတွေကို အကျဉ်းထောင်ထဲမှာ ရှိမရှိ စစ်ဆေးပြီးတော့ အကျဉ်းထောင်ထဲမှာလည်းရှိတယ် ဒီပုဒ်မတွေအရကျနေတာလည်း မှန်တယ်ဆိုလို့ရှိရင် နောက်တစ်ကြိမ် ကော်မတီအစည်းအဝေးကျရင် ဒီလူတွေနဲ့ပတ်သက်ပြီး ကျနော်တို့ ကျနော်တို့ဆွေးနွေးကြလိမ့်မယ်"

လက်ကျန် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီက တင်ပြလိုက်တဲ့ အကျဉ်းသားတွေထဲမှာ ၂၀၁၀ ခုနှစ်မတိုင်ခင်က နိုင်ငံရေး ပုဒ်မ တွေနဲ့ ထောင်ချခံထားကြရတဲ့ သူတွေပါရှိတဲ့အပြင်  ဒီနှစ် အတွင်း တရားမ၀င် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈၊ နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(ခ)တို့နဲ့ တရားစွဲဆို ထောင်ချခံထားရသူတွေ ပါဝင်တယ်လို့ သိရပါတယ်။

RFA Burmese