ဒေါ်စုက ပုဒ်မ၄၃၆ ပြင်ဆင်ရေးကို ကန့်ကွက်သူများနှင့် မျက်နှာချင်းဆိုင် စကားခေါ်ပြောရာမှ အပြန်အလှန် အငြင်းပွား

ပို့စ်တင်ချိန် - 6/02/2014 06:08:00 AM


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်က ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂)၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို ကန့်ကွက် လှုပ်ရှားသူများအား မျက်နှာချင်းဆိုင် ခေါ်ယူ စကားပြောရာမှ အပြန်အလှန် အငြင်းပွား မှုဖြစ်ပွားခဲ့သည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပျဉ်းမနားမြို့နယ်နှင့် တပ်ကုန်းမြို့နယ်များရှိ အင်န်အယ်လ်ဒီရုံးများတွင် လူထုလက်မှတ်ရေးထိုးပွဲများကို ဇွန်လ ၁ရက်က ကျင်းပရာတွင် တပ်ကုန်းမြို့နယ်၊ ဗိုလ်မင်းရောင်ရပ်ကွက်တွင် အထက်ပါဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
၄၃၆ မပြင်ရန် ဆိုင်းဘုတ်ကိုင်ဆောင် ဆန္ဒပြသူ လူနှစ်ဆယ်ဝန်းကျင်ရှိပြီး အဆိုပါဆန္ဒပြသူများကို ဒေါ်အောင်ဆန်းစုကြည်က "ဘာကြောင့်မပြင်ချင်တာလဲ" ဟု မိမိစီနင်းလာသည့် ကားအနားသို့ ခေါ်ယူမေးမြန်ရာမှစ၍ နှစ်မိနစ်ဝန်းကျင်ကြာ အငြင်းပွာမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါလူစုသည် "၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းကို ကန့်ကွက်သည်" "ပုဒ်မ ၅၉သည် ဗိုလ်ချုပ်ချမှတ်သော မူဖြစ်သည်၊ တစ်ဦးတစ်ယောက် ဖွဲ့စည်းပုံပြင်မည့် အကြံ ဒို့လက်မခံ" စသည့် ဆောင်ပုဒ်များပါဝင်သည့် ဆိုင်းဘုတ်များကိုင်ဆောင်ကာ ကန့်ကွက်ကြခြင်းဖြစ်သည်။

အဆိုပါအဖွဲ့မှ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို ကန့်ကွက်သူများအနက် တပ်ကုန်းမြို့နယ်၊ မြဝတီရပ်ကွက်၊ ပုန်းညှပ်လမ်း၊ နယ်မြေ ၆တွင် နေထိုင်သူ ဦးစန်းလွင်က "လမ်းပေါ်ကို လူတွေကို ဘာလို့ ထုတ်တာလဲ" ဟု ဒေါ်အောင်ဆန်းစုကြည်အား မေးမြန်းခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း "ဒီဟာတွေအားလုံးကို ဥပဒေနဲ့အညီပဲ လုပ်တာ။ ကျွန်မတို့ ဥပဒေဘောင်အတွင်းက လုပ်တယ်။ အားလုံးခွင့်ပြုချက်နဲ့ လုပ်တာ"ဟု ပြန်လည်ပြောကြားခဲ့သည်။
၎င်းကပဲ "ဥပဒေနဲ့မညီရင် ကျွန်မတို့ကို အရေးယူလို့ရတယ်။ ရဲစခန်းမှာ သွားပြီး တိုင်လို့ရတယ်။ ဥပဒေနဲ့ မညီလို့ပါဆိုပြီး" ဟုလည်း ဖြည့်စွက်ပြောကြားခဲ့သည်။

ဦးစန်းလွင်က ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများနက် ၉၈ ဒသမ ၁၂ ရာခိုင်နှုန်းက ထောက်ခံထားသည့်အတွက် မပြင်ဆင်လိုခြင်းဖြစ်သည်ဟု အဆိုပါဖြစ်ရပ်အပြီးတွင် မီဒီယာများကို ပြောသည်။

၎င်းက "၄၃၃ မှာပြဌာန်းပြီးသား။ ဥပဒေနဲ့ အညီခေါ်ရမယ်။ ဥပဒေပြဋ္ဌာန်းပြီးမှ အဲဒီဥပဒေကို လွှတ်တော်တင်၊ လွှတ်တော်တင်ပြီးမှ ဖွဲ့စည်းပုံပြင်ရမှာ။ အခုဟာက လွှတ်တော်မတင်ဘဲနဲ့ ဒီမှာလာပြီး ပြင်ဖို့လုပ်နေတာ"ဟု ဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂ဝဝ၈ခုနှစ်က ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြီး မြန်မာတစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၂၇၈မြို့နယ်မှ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ ၂၂,၇ဝ၈,၄၃၄ဦးအနက် ၂၂,၄၉၆,၆၆ဝက မဲပေးခဲ့ပြီး ၂ဝ,၇၈၆,၅၉၆ဦးက ထောက်ခံခဲ့ရာ ထောက်ခံသည့် ရာခိုင်နှုန်းမှာ ၉၂ဒသမ ၄ရာခိုင်နှုန်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

သို့သော် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပသည့် အချိန်သည် နာဂစ်မုန်တိုင်း ဖြစ်ပွားသည့် ၂ဝဝ၈ခုနှစ် မေလအတွင်း ဖြစ်၍ ယင်း ၉၂ ဒသမ ၄ ရာခိုင်နှုန်းသည် မှန်ကန်မှု မရှိနိုင်ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် အတိုက်အခံ ပါတီအများစုက လက်ခံယုံကြည်ထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့က ၁၉၉ဝ ခုနှစ်၊ ရွေးကောက်ပွဲနှစ်ပတ်လည်ဖြစ်သော မေလ ၂၇ ရက်မှ ဇူလိုင်လ ၁၉ ရက်(အာဇာနည်နေ့) အထိ လူထုဆန္ဒလက်မှတ်ကောက်ယူပွဲများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြုလုပ်နေပြီဖြစ်သည်။


ဝင်းကိုကိုလတ်၊ မောင်သင်တုန်း
Mizzima Burmese