ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောပွဲများကို တန်ပြန်ကန့်ကွက် ဆန္ဒပြမှုများ ဆက်တိုက်ပြုလုပ်

ပို့စ်တင်ချိန် - 6/02/2014 10:38:00 AM


နေပြည်တော်၊ ဇွန် ၁

နေပြည်တော်ကောင်စီ နယ်မြေအတွင်း ဇွန်လ ၁ ရက်နေ့က သုံးနေရာ ဆက်တိုက်ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲများကို လူတစ်စုက တန်ပြန်ကန့်ကွက် ဆန္ဒပြမှုများ ဆက်တိုက် ပြုလုပ်ခဲ့ကြောင်း NLD ပါတီထံမှ သိရသည်။

ဇွန်လ ၁ ရက်နေ့က နေပြည်တော်ကောင်စီ နယ်မြေရှိ လယ်ဝေးမြို့နယ်၊ ပျဉ်းမနားမြို့နယ်နှင့် တပ်ကုန်းမြို့နယ်တို့တွင် ဒေါ်အောင်ဆန်းစုကြည်က အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဟောပြောနေချိန် ယင်းသို့ ကန့်ကွက် ဆန္ဒထုတ်ဖော်သည့် လူစုများ ထွက်ပေါ်လာကြောင်း၊ ယင်းအဖွဲ့များမှာ ဆန္ဒဖော်ထုတ်ခွင့် တရားဝင် လျှောက်ထားခြင်း မရှိကြောင်း နေပြည်တော်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျ ရဲအုပ်တစ်ဦးက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပျဉ်းမနားမြို့မှ ဟောပြောပွဲအပြီး တပ်ကုန်းမြို့နယ် အတွင်းသို့ သွားရောက်သည့် လမ်း၌ ပုဒ်မ ၄၃၆ မပြင်ဆင်ရန် ဆန္ဒပြသူ ၂၀ နှင့် ထိပ်တိုက်တွေ့ဆုံကာ အပြန်အလှန် အငြင်းပွားမှုများ ဖြစ်ပွားခဲ့ကြောင်း NLD ပါတီဝင်အချို့က ပြောဆိုသည်။

ယင်းသို့ တွေ့ဆုံစဉ် ဆန့်ကျင်ဆန္ဒပြသည့် အဖွဲ့မှ ဦးစန်းလွင်က ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ယခုကဲ့သို့ အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲ ပြုလုပ်နေခြင်းသည် အများပြည်သူကို လမ်းပေါ်ထွက် ဆန္ဒပြရန် တွန်းအားပေးသကဲ့ ဖြစ်နေပြီး အခြေခံဥပဒေနှင့် ညီညွတ်မှု မရှိကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းက ဖက်ဆစ်ဂျပန်များကို ခေါ်လာသည့်အတွက် ၎င်း၏ မိဘနှစ်ပါး သေဆုံးခဲ့ရကြောင်း အပါအဝင် စွပ်စွဲပြောဆိုမှုများ ပြုလုပ်ခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က NLD ၏ ဟောပြော လုပ်ဆောင်မှုသည် အခြေခံ ဥပဒေနှင့် ညီညွတ်မှု ရှိသောကြောင့် မကျေနပ်ပါက သက်ဆိုင်ရာသို့ တိုင်ကြားနိုင်ကြောင်း အပါအဝင် တုံ့ပြန်ဖြေကြားမှုများ ပြုလုပ်ခဲ့သည်။

အခြေခံဥပဒေ ပုဒ်မ ၄၃၆ မပြင်ဆင်ရေးအတွက် ခွင့်ပြုချက်မတောင်းဘဲ ဆန္ဒပြသည့် အစုအဖွဲ့ လေးစုခန့် ရှိပြီး မည့်သို့ အရေးယူမည်ကို မသိရှိရသေးကြောင်း အဆိုပါ နေပြည်တော်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျရဲအုပ်က ဆိုသည်။
“သတင်းတွေတော့ တက်လာတယ်။ အရေးယူမယ် မယူဘူး ဆိုတာ မပြောနိုင်ပါဘူး” ဟု ၎င်းကဆိုသည်။

ပုဒ်မ ၄၃၆ မပြင်ဆင်ရေးအတွက် ဆန္ဒပြသူများသည် မိမိတို့၏ ဆန္ဒအတိုင်း ပြုလုပ်ပိုင်ခွင့် ရှိသော်လည်း အောက်တန်းကျသော စိတ်များနှင့် အထက်အမိန့် ကြောက်ရသော စိတ်များကို ဖယ်ရှားရန် လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပျဉ်းမနားမြို့နယ်တွင် ပြုလုပ်သည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးပွဲတွင် ပြောကြားခဲ့သည်။

ပျဉ်းမနားမြို့နယ် ရွှေချီရပ်ကွက်တွင် နေသည်ဟု ပြောဆိုပြီး ပုဒ်မ ၄၃၆ မပြင်ဆင်ရေးအတွက် ဆန္ဒပြမှုကို ဦးဆောင်ခဲ့သည့် ဦးအောင်လင်းက “ပုဒ်မရဲ့ အဓိပ္ပာယ်ကိုတော့ မသိဘူး။ ကျွန်တော်တို့က နိုင်ငံခြားသားနဲ့ ဘာသာခြားတွေ သမ္မတ မဖြစ်ဖို့ကို ရည်ရွယ်ပြီး ဆန္ဒပြတာပါ။ ခွင့်ပြုချက်တော့ မတင်ထားပါဘူး” ဟု ပြောဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်မီတာခ မတိုးမြှင့်ရေး၊ အလုပ်သမား ဆန္ဒပြမှုများ၊ လယ်မြေ အသိမ်းခံထားရမှုကြောင့် ဆန္ဒထုတ်ဖော်ခဲ့သူများကို ခွင့်ပြုချက်မယူဘဲ ဆန္ဒထုတ်ဖော်မှုဖြင့် အရေးယူထားပြီး ၂၀၁၃ ခုနှစ်အတွင်း အဆိုပါ ပုဒ်မဖြင့် တရားစွဲဆို ခံထားရသူ ၈၀ ကျော် ရှိကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ထံမှ သိရှိရသည်။

The Voice Weekly