ဝန်ကြီးချုပ်အိမ်မီးလောင်မှု တရားစွဲဆိုနိုင်ရန် ရက်ပေါင်း လေးဆယ်ကျော်ကြာမှ မြို့နယ်ဥပဒေရုံးသို့ တင်ပြထား

ပို့စ်တင်ချိန် - 6/02/2014 03:51:00 PM



မျိုးသန့်| တနင်္လာနေ့၊ ဇွန် ၂ရက်၊ ၂၀၁၄ခုနှစ်။

မန္တလေးတိုင်း၊ ၀န်ကြီးချုပ်ဦးရဲမြင့်နေအိမ် ဧပြီလ ၁၉ရက်က မီးလောင်ကျွမ်းခဲ့ခြင်းကို ရဲတပ်ဖွဲ့က တရားစွဲဆိုရန် ရက်ပေါင်း လေးဆယ်ကျော်ကြာမြင့်ပြီး မေ ၃၁ ရက်တွင် မြို့နယ်ဥပဒေရုံးထံသို့ တင်ပြထားကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံး ခရိုင်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီး ဦးစိန်ထွန်းက ဇွန်၁ရက်တွင် မဇ္ဈိမကို ပြောသည်။

“ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ဆေးပေါ်ပေါက်ချက်တွေကို မြို့နယ်ဥပဒေရုံးကို တင်ပြထားပါတယ်။ အဲဒီက အကြံပြုချက် တွေကျလာပြီးမှ တရားစွဲဆိုဖို့ကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်၊ ဥပဒေရုံးကို မနေ့က မေ ၃၁ရက်က တင်ပြထားပါတယ်” ဟု ဒု-ရဲမှူးကြီးက ပြောသည်။

မန္တလေးမြို့ ၆၅လမ်း ၂၃-၂၄လမ်း ကြားရှိ မန္တလေးတိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးရဲမြင့်နေထိုင်သော ၀င်း အတွင်းတွင် ဧပြီလ၁၉ရက် ည၈နာရီခွဲခန့်က မီးလောင်ကျွမ်းခဲ့သည်။ ဧပြီလ၂၂ ရက်တွင် အောင်မြေသာ စံမြို့နယ် အမှတ်(၁)ရဲစခန်းက အဆိုပါ မီးလောင်ကျွမ်းသည့်နေရာရှိ အိမ်ထောင်ဦးစီးဖြစ်သူ ဖြေရှင်းပေး ရန် ပြစ်မှု ပုဒ်မ၂၈၅အရအမှုဖွင့်ခဲ့သည်။ ယခုအခါတွင် တရားစွဲဆိုရန် မြို့နယ်ဥပဒေရုံးထံသို့ အကြံပြုစာ တင်ပို့ခြင်းဖြစ်သည်။

“ရဲအရေးမပိုင်တဲ့အမှုဆိုရင် ဥပဒေရုံးကို အကြံပြုချက်တောင်းခံဖို့ မလိုပါဘူး။ ရဲအရေးပိုင်တဲ့အမှုဖြစ်တဲ့အ တွက် တရားရုံးကို အကြံပြုလွှာတောင်းခံတာဖြစ်ပါတယ်။ တရားရုံးအနေနဲ့လည်း အကြံပြုချက်ကိုပေးမှာ ပါ ” ဟု မြန်မာနိုင်ငံရှေ့နေများကွန်ရက်တွဲဖက်အတွင်းရေးမှူး တရားလွှတ်တော်ရှေနေ့ ဦးသိန်းသန်းဦးက ပြောသည်။

မီးလောင်ကျွမ်းမှုသည် နေအိမ်အပေါ်ထပ်ရှိ လေအေးပေးစက်အတွက် အသုံးပြုရန်တပ်ဆင်ထားသော် Safe Guard အပူလွန်ရာမှ လောင်ကျွမ်းရခြင်းဖြစ်ကြောင်း အဆိုပါမီးလောင်မှုနှင့် ပတ်သက်သော စစ် ဆေးချက်များဖော်ပြထားရှိသည်။ မီးလောင်ကျွမ်းမှုကြောင့် နှစ်ထပ်နေအိမ် အဆောက်အအုံ မီးလောင် ကျွမ်းခဲ့ပြီး တန်ဖိုးငွေကျပ်၁၁သိန်းခန့် ဆုံးရှုံးခဲ့သည်။

ပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်ခံထားရသူသည် အဆိုပါပုဒ်မဖြင့် တရားစွဲဆိုခံရပါက ထောင်ဒဏ်သုံးနှစ်(သို့)ငွေ ဒဏ်(သို့)ထောင်ဒဏ်နှင့် ငွေဒဏ်နှစ်ရပ်စလုံးကို ဖြစ်စေကျ ခံရမည်ဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ၀န်ကြီးချုပ်၏ပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်မေးမြန်းသော်လည်း မည် သည့်အကြောင်းကိုမှ ပြန်လည်ဖြေကြားခဲ့ခြင်းရှိပေ။

ပြည်ထောင်စုသမ်တ မြန်မာနိုင်ငံတော် အစိုးရပြည်ထောင်စုရှေ့နေချုပ်ရုံးနေပြည်တော်မှ အမှတ် ၁/၂၀၁၄ ဖြင့် မေ၁၄ရက် တွင် တရားစွဲဆိုမှုဆိုင်ရာ ညွှန်ကြားချက်တစ်ခုကို ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ ထွန်းရင် က ထုတ်ပြန်ခဲ့ရာတွင် မီး(သို့)မီးလောင်လွယ်သော အရာဝတ္ထုများနှင့် စပ်လျဉ်း၍ ပေါ့လျော့ခြင်း အတွက် သာမန်အားဖြင့် အိမ်ထောင်ဦးစီးကိုသာ အရေးယူလေ့ရှိကြောင်း တွေ့ရသည်။

ဥပဒေပြဋ္ဌာန်းချက်အရ မီးသို့မဟုတ် မီးလောင်လွယ်သော အရာဝတ္ထုများနှင့် စပ်လျဉ်း၍အရမ်းသို့မဟုတ် ပေါ့လျော့စွာ ပြုလုပ်မှု၊ ပျက်ကွက်မှုပြုသူကိုသာ အရေးယူရန်ဖြစ်သည်။ သို့ဖြစ်ရာ မီးနှင့် စပ်လျဉ်း၍ အရမ်း သို့မဟုတ် ပေါ့လျော့စွာ ပြုလုပ်ခြင်းအတွက် မည့်သူ့တွင် ပြစ်မှုကြောင်းအရ တာဝန်ရှိသူကို စုံစမ်းဖော် ထုတ် ရန်လိုအပ်သည်ဟု ဖော်ပြထားသည်။

သို့ဖြစ်၍ ဥပဒေရုံးအဆင့်ဆင့်သည် မီးသို့တည်းမဟုတ် မီးလောင်လွယ်သော အရာဝတ္ထုနှင့် စပ်လျဉ်း၍ အရမ်းသို့မဟုတ် ပေါ့လျော့ခြင်းကြောင့် မီးလောင်မှုများတွင် တရားစွဲမတင်မီ ဥပေဒအကြံဥာဏ်တောင်း ခံလာပါက ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၈၅ ပါပြဋ္ဌာန်းချက်၊ စီရင်ထုံးလမ်းညွှန်ချက် များနှင့်အညီ စွပ်စွဲခံရသူက မီးသို့မဟုတ် မီးလောင်လွယ်သော အရာဝတ္ထုကိုအရမ်း ပြုလုပ်မှုသို့မဟုတ်ပေါ့လျော့စွာပြုလုပ်မှု ကျူးလွန် ကြောင်းသက်သေခံအထောက်အထားခိုင်လုံသည့် အမှန်တကယ်ပြစ်မှု ကျူးလွန်သူကို တရားစွဲသင့်ကြောင်း ဥပဒေ အကြံပြုပြန်ကြားရန် ညွှန်ကြားထားသည်။

Mizzima Burmese