အပြောင်းအရွှေ့ လှုပ်ရှားမှုများပြားသည့် နွေရာသီကို အာဆင်နယ်ပရိသတ်များ မျှော်လင့်နိုင်ကြောင်း ဝင်းဂါး ပြောကြာ:

ပို့စ်တင်ချိန် - 6/02/2014 06:36:00 AM


အာဆင်နယ်နှင့် သုံးနှစ် စာချုပ်သက်တမ်းတိုးခဲ့ပြီးနောက် တောင့်တင်းသည့် အသင်းလူစာရင်းကို တည်ဆောက်ရန် ရည်ရွယ်ထားသည့် မန်နေဂျာ အာစင်ဝင်းဂါးက ပရိသတ်များ အနေဖြင့် အပြောင်းအရွှေ့ လှုပ်ရှားမှုများပြားသည့် နွေရာသီကို မျှော်လင့်နိုင်ကြောင်း ပြောကြားခဲ့သည်။

အာစင်ဝင်းဂါးသည် အမ်းမရိတ်တွင် ၂၀၁၇ ခုနှစ်အထိ ရှိနေမည့် စာချုပ်သစ်ချုပ်ဆိုပြီး ကောလာဟလ သတင်းများကို အဆုံးသတ်ခဲ့ပြီးနောက် မေလ အစောပိုင်းက အက်ဖ်အေဖလားရရှိခဲ့သည့် အာဆင်နယ် အသင်းကို ပိုမိုတောင့်တင်းအောင် တည်ဆောက်ရန် စိတ်အားထက်သန်လျက်ရှိသည်။

အသင်း၏ ပထမဦးစားပေး ညာနောက်ခံ ကစားသမား ဘာကာရီ ဆက်ဂ်ညာသည် အသင်းမှ ထွက်ခွာမည်ဟု အတည်ပြု ပြောကြားခဲ့ချိန်တွင် လူးကပ်စ် ဖေဘီယန်စကီးကလည်း ဇွန်လတွင် ဆွမ်ဆီးသို့ ပြောင်းရွှေ့ရန် စီစဉ်နေသည်။ ထို့နောက် အာစင်ဝင်းဂါးက အမ်းမရိတ်ကွင်းတွင် ခေတ်သစ်တစ်ခုကို တည်ဆောက်ရန် ဆန္ဒပြင်းပြနေခြင်း ဖြစ်သည်။

နွေရာသီ အပြောင်းအရွှေ့ လှုပ်ရှားမှုများကို ပရိသတ်များ မျှော်လင့်နိုင်သလားဟု သတင်းထောက်တစ်ဦး၏ မေးမြန်းမှုအပေါ် ဝင်းဂါးက “မျှော်လင့်နိုင်ပါတယ်။ ကျွန်တော်တို့ဟာ အပြောင်းအရွှေ့ ဈေးကွက်မှာ အပြင်းအထန် ကြိုးစားနေပါတယ်။ နောက်ပြီး ကစားသမားတွေကလည်း သင့်တော်တဲ့ အရည်အသွေးတွေ ရှာဖွေနိုင်တဲ့ ကျွန်တော်တို့ အသင်းမှာ လာကစားချင်ကြပါတယ်။ ကျွန်တော်တို့ အနေနဲ့ တောင့်တင်းတဲ့ အသင်းတစ်သင်း တည်ဆောက်နိုင်မှာ အသေအချာပါပဲ” ဟု ဖြေကြားခဲ့သည်။

အာဆင်နယ်သည် မေလ ၁၇ ရက်က ဝင်ဘလေကွင်းတွင် ဟူးလ်စီးတီးကို ၃-၂ ဂိုးဖြင့် အနိုင်ယူကာ အက်ဖ်အေဖလားကို ကိုင်မြှောက်ခဲ့ပြီးနောက် ၉ နှစ်ကြာ ဆုဖလားမရရှိမှုကို အဆုံးသတ်နိုင်ခဲ့သည်။ အဆိုပါ အက်ဖ်အေဖလားသည် အသင်း၏ အောင်မြင်မှုအတွက် အစဖြစ်ကြောင်း ဝင်းဂါးက ဆိုခဲ့သည်။

“အခုအချိန်က အကောင်းဆုံး အာဆင်နယ်အသင်းကို နောက်ထပ် တည်ဆောက်ရမယ့် အချိန်ပါ။ အက်ဖ်အေဖလား အောင်မြင်မှုက အသင်းသစ် စတင်တည်ဆောက်မှုအတွက် အရမ်းကို အရေးပါပါတယ်။ ကျွန်တော်တို့ အသင်းဟာ အသင်းကောင်း တစ်သင်း ဖြစ်တယ်ဆိုတာကိုလည်း ဘောလုံးရာသီတောက်လျှောက် သက်သေပြခဲ့ပြီးပါပြီ။ ဒါကြောင့် ကျွန်တော်တို့ ဇွန်နဲ့ ဇူလိုင်လမှာ အပြောင်းအရွှေ့တွေကို အောင်အောင်မြင်မြင် ပြုလုပ်ရပါမယ်။ ဒါမှလည်း တောင့်တင်းတဲ့ အသင်းတစ်သင်း တည်ဆောက်နိုင်မှာပါ” ဟု ဝင်းဂါးက ပြောကြားခဲ့သည်။
Ref:goal

soccer myanmar