အမုန်းပွားမယ့် စကားတွေ မပြောရေး MTV သီချင်းခွေ တစ်သိန်း ဖြန့်မည်

ပို့စ်တင်ချိန် - 6/02/2014 06:27:00 AM


လူမျိုးရေး ၊ ဘာသာရေး အမုန်းပွားစေတဲ့ စကားတွေ မပြောဆိုကြဖို့ ပညာပေးလှုံ့ဆော်ထားတဲ့ တေးသီချင်း MTV အခွေချပ်ရေ တစ်သိန်းကျော်နဲ့ အိပ်ဆောင် စာအုပ်တွေကို တနိုင်ငံလုံးကို ဖြန့်ဝေသွားမယ်လို့ “ပန်းစကား” အဖွဲ့က ဒီကနေ့ ပြောလိုက်ပါတယ်။

ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပတဲ့  ပြည် ပရောက်မြန်မာနိုင်ငံသားတွေ စုပေါင်းဖွဲ့စည်းထား တဲ့ ပြည်သူ့ဂုဏ်ရည်အဖွဲ့ရဲ့ ၂၀၁၄ ခုနှစ် ပြည်သူ့ ဂုဏ်ရည်ဆုပေးပွဲ အခမ်းအနားမှာ ဆုရရှိခဲ့တဲ့ ပန်းစကားအဖွဲ့  ဦးဆောင်သူ စာရေးဆရာ ဘလော့ဂါ ကိုနေဘုန်းလတ် က ပြောပါတယ်။

“ပန်းစကားလှုပ်ရှားမှုရဲ့ နောက်တဆင့်အနေနဲ့ အလိုလူကြီးမင်း ဆိုတဲ့သီချင်းကို အခုတော့ အကြမ်းသွင်းထားပြီးပြီပေါ့နော်၊ အွန်လိုင်းမှာရှိတယ် ၊ အကြမ်းမဟုတ်ပဲနဲ့ အဆိုတော်တွေပါ ဆိုပြီးတော့ အဆိုတော်တွေနဲ့ MTV တွေပါရိုက်ပြီးတော့ ဒီအခွေလေးကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖြန့်သွားဖို့ရှိတယ် နောက်တစ်ခုစီစဉ်နေတာကတော့ ပန်းစကားဆိုတဲ့ စာအုပ်ပေါ့နော်၊ အဲ့အထဲမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့စကားတွေပါမယ် အဲ့ဒါလေးတွေကို အိပ်ဆောင်စာအုပ်လေးတွေ အနေနဲ့ ပန်းစကားစာစဉ် ၁၊၂၊၃၊၄ ဆိုတဲ့ပုံစံမျိုးနဲ့ အဲ့ဒါတွေလည်း ထပ်ပြီးတော့ဖြန့်သွားမှာပေါ့”

ပြည်သူ့ဂုဏ်ရည် အထူးဆု ရရှိခဲ့တဲ့ ပန်းစကား အဖွဲ့ကို ပြီးခဲ့တဲ့ ဧပြီလက စတင်ထူးထောင်ခဲ့တာဖြစ်ပြီး သင်္ကြန်ကာလအတွင်း လူမျိုးရေးဘာသာရေးအမုန်းပွားစေတဲ့ စကားတွေမပြောဆိုကြဖို့ နှင်းဆီပန်းတွေ လိုက်ဝေလှုံ့ဆော်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီနှစ်၂၀၁၄ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုကို နာရေးကူညီမှုအသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်က ရရှိခဲ့ပြီး အထူးဆုတွေအနေနဲ့ ပန်းစကားအဖွဲ့၊ One More Foundation နဲ့ မခင်နှင်းကြည်သာ တို့က ရရှိခဲ့ပါ တယ်။ ၂၀၀၉ ခုနှစ်က စတင်ပေးအပ်ခဲ့တဲ့ ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲအခမ်းနားတွေကို  အမေရိကန် ပြည်ထောင်စုနဲ့ ကိုရီးယားနိုင်ငံတွေမှာ ကျင်းပခဲ့ပြီး အခုပေးအပ်တဲ့ ၅ ကြိမ်မြှောက် ဆုပေးပွဲဟာ မြန်မာနိုင်ငံအတွင်းမှာ ပထမ ဆုံးအကြိမ် ပေးအပ်တဲ့ အခမ်းနားလည်းဖြစ်ပါတယ်။

RFA