ဒေါ်အောင်ဆန်းစုကြည်ကို ကော်မရှင်သတိပေးတာ လုံးဝ သင့်လျော်မှုမရှိလို့ NLD တုံ့ပြန်ပြီ

ပို့စ်တင်ချိန် - 6/02/2014 05:11:00 PM

ရွေးကောက်ပွဲကော်မရှင်



 ရွေးကောက်ပွဲ ကော်မရှင်ဟာ ဥပဒေ ပြဌာန်းချက်များမှာ မပါဝင်တဲ့ တာဝန်တွေကို ထမ်းဆောင်ခွင့် မရှိဘူးလို့ NLD ပါတီက ဇွန်လ ၂ရက်နေ့မှာ ကြေညာချက်ထုတ် ပြန်လိုက်ပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဟောပြောတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သတိပေးတာဟာ သင့်လျော်မှု မရှိဘူးလို့ တုံ့ပြန်လိုက်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်က မေလ ၂၂ရက်နေ့ ရက်စွဲနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လိပ်မူပြီး ပေးပို့ခဲ့တဲ့ စာထဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့တဲ့ စကားတွေကို လွဲမှားပြီး ရည်ညွှန်းဖော်ပြထားတယ်လို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ကြေညာချက်မှာ ဆိုပါတယ်။

ပုဒ်မ ၄၅၃ (က)အရ မိမိယုံကြည်ချက်ကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားဖြန့်ဝေနိုင်ခွင့်ရှိနေတာကြောင့် ရွေးကောက်ပွဲကော်မရှင်ရဲ့ ဖွဲ့စည်းပုံက ခွင့်ပြုထားတဲ့ဘောင်ကို ကျော်လွန်နေသည့်သဘော သက်ရောက်တယ်ဆိုတဲ့ ပြောဆိုချက်ဟာ မမှန်ကန်တဲ့အပြင် NLD ဟာ နိုင်ငံရေးပါတီတစ်ခုရဲ့ ဥပဒေပါ လုပ်ပိုင်ခွင့်တွေကို သုံးစွဲထားတာဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်သူယုံကြည်ကိုးစားပြီး ဂုဏ်သိက္ခာရှိတဲ့ တပ်မတော်ဖြစ်ရေးအတွက် ကောင်းသောရည်ရွယ်ချက်နဲ့ ပြောဆိုချက်ဖြစ်တာကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဝင်ရောက်သတိပေးမှုဟာ လုံးဝ သင့်လျော်မှုမရှိဘူးလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Kamayut Media