မန္တလေးတွင် ပဋိပက္ခဖြစ်ပွား

ပို့စ်တင်ချိန် - 7/02/2014 07:39:00 AM


မန္တလေး၊ မဇ္ဈိမ။ ။ မန္တလေးမြို့ ‘နေ’ လက်ဖက်ရည်ဆိုင် ပိုင်ရှင် ညီအစ်ကိုနှစ်ဦး အဓမ္မမှု ကျူးလွန်ခဲ့သည်ဆိုသော သတင်းအရ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က စစ်ဆေးရန် ဆိုင်ပိတ်သိမ်းခိုင်းရာမှ ဘာသာရေးအသွင်ဆောင်သည့် ပဋိပက္ခတစ်ခု ည ၆ နာရီဝန်းကျင်မှစ၍ ဖြစ်ပွားခဲ့သည်။

မြို့လယ်ကောင် ၈၂ x ၂၈လမ်းထောင့်ရှိ အဆိုပါလက်ဖက်ရည်ဆိုင်တွင် အစ္စလာမ် ဘာသာဝင် ဆိုင်ရှင်နှစ်ဦးက ဝန်ထမ်းအမျိုးသမီးငယ်ကို အဓမ္မပြုကျင့်ခဲ့သည်ဟု အင်တာနက်တွင် သတင်းပြန့်နှံ့ခဲ့ ခြင်းမှ စတင်ခဲ့ခြင်းဖြစ်သည်။ ထိုသတင်းကြောင့် ဇွန် ၃ဝ ရက်တွင် ရဲတပ်ဖွဲ့က လက်ဖက်ရည်ဆိုင်ကို လာရောက်စစ်ဆေးခဲ့ကာ ယနေ့တွင်မူ လုံခြုံရေးအကြောင်းပြချက်ဖြင့် ဆိုင်ပိတ်သိမ်းခိုင်းရာမှ ပဋိပက္ခဆန်သည့် အခြေအနေသို့ ရောက်ရှိခဲ့ရသည် ဟု ယင်းနေရာတွင် တာဝန်ထမ်းဆောင်နေ သည့် ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက မဇ္ဈိမ ကို အတည်ပြုသည်။

”မလိုလားအပ်တဲ့ပြဿနာတွေ မဖြစ်ပွားဖို့ ပထမရက်မှာ လုံခြုံရေးယူပေးထားပါတယ်။ ဒီနေ့မှာတော့ ဆိုင်ကို ပိတ်ခိုင်းခဲ့တာပါ”ဟု မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး ဦးစိန်ထွန်းကပြောသည်။ ထိုအခါ ဆိုင်ပိုင်ရှင်မှ မည်သည့်အတွက်ကြောင့် ပိတ်ခိုင်းသနည်းဟုဆိုကာ မေးခွန်းထုတ်ရာမှ စတင်၍ ဘာသာမတူသည့် လူအုပ်စု နှစ်ခုအကြား အပြန်အလှန် အော်ဟစ် ငြင်းခုန်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဓမ္မပြုကျင့်သည်ဟု စွပ်စွဲခံရသူ တစ်ဦး၏ ဇနီးဖြစ်သူကမူ ”ဆိုင်မှာ အမျိုးသမီးဝန်ထမ်း မရှိပါဘူး။ အဒေါ်ကြီး တစ်ယောက်နဲ့ ကျွန်မကိုယ်တိုင် ထမင်းချက်ပါတယ်။ ရဲတွေ မနေ့က လာရှာတယ်” ဟု ပြောသည်။

ဖြစ်စဉ်ကြောင့် အဆိုပါလမ်းနှင့် အနီး ပတ်ဝန်းကျင်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က လုံခြုံရေး ရယူထားသည်။ ၈၂ လမ်းသို့ ဝင်ရောက်ရာ လမ်းတစ်လျှောက် ရဲတပ်ဖွဲ့က ပိတ်ဆို့ထားသည်။ ယင်းနေရာတွင် လက်နက်များ ကိုင်ဆောင်လှည့်လည်ခြင်း၊ ခဲများဖြင့် ပစ်ပေါက်ခြင်းတို့ကို ရာဂဏန်း ချီသည့် နှစ်ဖက်လူအုပ်စုတို့ လုပ်ဆောင်နေသည်။

၈၂လမ်း x ၈၃ လမ်းကြားတွင်လည်း မော်တော်ယာဉ် တစ်စီးနှင့် နေအိမ်၊ ဆိုင် ခန်းအချို့၏ ဆိုင်းဘုတ်များ၊ မှန်များ ဖျက် ဆီးခံခဲ့ရသည်။ ဈေးချိုနာရီစင်တစ်ဝိုက်တွင် မော်တော်ဆိုင်ကယ်များ ပျက်စီးသည် အထိ ဖြစ်ပွားခဲ့သည်။ ထို့ပင် ဓားဒဏ်ရာ ရရှိသူအချို့လည်းရှိပြီး မန္တလေးဆေးရုံကြီး သို့ပို့ဆောင်ခဲ့သည်။ ဖမ်းဆီးထိန်းသိမ်း ခံရသူမရှိသေးဘဲ လုံခြုံရေး အင်အားတိုးမြှင့် ထားသည်ဟု ည ၁၂ နာရီ အချိန်အထိ နောက်ဆုံးသတင်းများက ဆိုသည်။

မန္တလေးတစ်မြို့လုံး ယခုအချိန်တွင် မီးများဖြတ်ထားသည်ဟု သိရသည်။

မျိုးသန့်၊ အောင်ကိုဦး
Mizzima – News in Burmese