ချစ်ခြင်းမေတ္တာရဲ့အင်အား

ပို့စ်တင်ချိန် - 7/02/2014 08:14:00 PM


အမယ်အိုတစ်ဦးဟာ လူ့ဘဝတစ်သက်တာကို ခက်ခဲပင်ပန်းစွာဖြတ်ကျော်ပြီးနောက် အသက် ၉၁နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်သွားပြီးနောက် အမယ်အိုဟာ ဘုရားသခင်နဲ့တွေ့ချိန်မှာ သူ့ကိုနှစ်ကာလကြာရှည်စွာစိတ်ရှုပ်စေခဲ့တဲ့ မေးခွန်းတစ်ခုကို ဘုရားသခင်ထံမေးမြန်းခဲ့ပါတယ်။

“တကယ်လို့ လူသားအားလုံးဟာ မွေးကတည်းက တန်းတူညီမျှရှိခဲ့တယ်ဆိုရင် ဘာဖြစ်လို့ တစ်ခါတလေမှာ လူတချို့က တခြားလူတချို့ကို ရက်စက်ကြမ်းကြုတ်စွာ ဆက်ဆံတတ်ပါသလဲ”

“လူတိုင်းက တိကျသေချာတဲ့သင်ခန်းစာတစ်ခုကို တက်ကြရတယ်။ ဒီသင်ခန်းစာတွေကိုတတ်မြောက်မှ ဘဝဆိုတာဘာလဲ၊ လူဆိုတာဘာလဲ ဆိုတာကို လူသားတွေနားလည်နိုင်မှာဖြစ်တယ်” လို့ ဘုရားသခင်ကဖြေတော့ အမယ်အို သဘောမပေါက်ခဲ့ပါဘူး။ ဒီလိုနဲ့ ဘုရားသခင်က အခုလို ရှင်းပြခဲ့ပါတယ်။

“တစ်ယောက်ယောက်က သင့်ကိုလိမ်ညာပြောဆိုတဲ့အခါမှာ အရာဝတ္ထုတစ်ခုဟာ သင်မြင်တဲ့အပြင်ပန်းသဏ္ဍာန်အတိုင်း မဟုတ်ကြောင်း သင့်ကိုပြောပြနေပါတယ်။ အစစ်အမှန်ဟာ အမြဲတမ်း အတုအယောင်ရဲ့အောက်မှာ ဖုံးနေပါတယ်။ တကယ်လို့ လူတစ်ယောက်ရဲ့တကယ့်အတွေးစစ်ကို သိချင်ရင် သူ့ရဲ့မျက်နှာဖုံးကိုထွင်းဖောက်ပြီး သူ့ရဲ့အတွင်းစိတ်ကိုကြည့်ရပါတယ်။ ဒီလိုကြည့်ချိန်မှာ သင်လည်း သင့်မျက်နှာဖုံးကို ချွတ်ပစ်ရပါမယ်။ ဒါမှ တခြားလူလည်း သင့်အပေါ် တကယ့်နားလည်မှာဖြစ်ပါတယ်”

“တစ်ယောက်ယောက်က သင့်ပစ္စည်းကိုခိုးယူတဲ့အခါမှာ ဘယ်အရာကမှ သင်ထာဝရမပိုင်ဆိုင်ကြောင်း သင့်ကိုပြောပြနေပါတယ်။ ဒါကြောင့် သင်လက်ရှိပိုင်ဆိုင်တဲ့အရာကို အမြဲတန်ဖိုးထားရပါတယ်။ အကြောင်းက အဲဒီအရာတွေ ဘယ်အချိန်မှာ ဆုံးရှုံးပျောက်ဆုံးမယ်ဆိုတာကို သင်မသိလို့ပါ။ သင့်အပေါ်ထားတဲ့ မိသားစု၊ သူငယ်ချင်းတွေရဲ့မေတ္တာကို ဒါဟာရသင့်လို့ရတဲ့အရာလို့ မထင်မှတ်ပါနဲ့။ မနက်ဖြန်ပဲဖြစ်ဖြစ် ဘယ်အချိန်မှာပဲဖြစ်ဖြစ် ဒါတွေဟာ ပျောက်ဆုံးသွားတတ်လို့ပါ။ အခုလက်ရှိအချိန်မှာပိုင်ဆိုင်တဲ့အရာကပဲ သင့်အတွက် သေချာပါတယ်”

“တစ်ယောက်ယောက်က သင့်ကိုရိုက်ပုတ်ပြီး နာကျင်အောင်လုပ်တဲ့အခါမှာ လူ့ခန္ဓာကိုယ်က ကျွတ်ဆတ်လွန်းကြောင်း သင့်ကိုပြောပြနေပါတယ်။ ဒါကြောင့် သင့်ကိုယ်သင်ကာကွယ်တတ်ရပါတယ်။ သင့်ခန္ဓာကိုယ်ကို သင်ဂရုစိုက်တတ်ရပါတယ်။ ဒါဟာ သင်မသေမချင်း သင်ပိုင်ဆိုင်နိုင်တဲ့ တစ်ခုတည်းသော ဥစ္စာပစ္စည်းဖြစ်ပါတယ်”

“တစ်ယောက်ယောက်က သင့်ကိုလှောင်ရယ်တဲ့အခါမှာ လူအချင်းချင်း တူညီတဲ့လူ၂ယောက်မရှိနိုင်ကြောင်း သင့်ကိုပြောပြနေပါတယ်။ တကယ်လို့ သင်နဲ့မတူတဲ့တခြားလူတစ်ယောက်ကို သင်တွေ့ဆုံတဲ့အခါ သူ့ရုပ်သွင်သဏ္ဍာန် ဒါမှမဟုတ် သူ့အမူအရာတွေကို မဝေဖန်၊ မကဲ့ရဲ့ပါနဲ့။ သူရဲ့အကျင့်စရိတ္တ အနိမ့်အမြင့်ကိုပဲ အလေးထားပါ”

“တစ်ယောက်ယောက်က သင့်ကိုဝမ်းနည်းကြေကွဲစေတဲ့အခါမှာ လူတစ်ယောက်ကိုသင်ချစ်တိုင်း တစ်ဘက်လူကလည်း သင့်ကိုချစ်မှာမဟုတ်ကြောင်း သင့်ကိုပြောပြနေပါတယ်။ ဒါပေမယ့် အချစ်အပေါ် သင်မျှော်လင့်ချက်မမဲ့ပါနဲ့။ သင်နဲ့သက်ဆိုင်တဲ့တကယ့်အချစ်ကို သင်ရှာဖွေတွေ့ရှိသွားတဲ့အချိန်မှာ ပျော်ရွှင်ခြင်းက သင်ရဲ့ဝမ်းနည်းကြေကွဲခြင်းတွေကို ဖာထေးသွားပါလိမ့်မယ်”

“တစ်ယောက်ယောက်က သင့်ကိုအပြစ်တင်တဲ့အခါမှာ ဘယ်သူမဆိုအမှားလုပ်တတ်ကြောင်း သင့်ကိုပြောပြနေပါတယ်။ သင်အမှားလုပ်မိချိန်မှာ အကောင်းဆုံးသင်လုပ်နိုင်တဲ့အရာတစ်ခုက သင့်ကိုအပြစ်တင်နေသူကို ခွင့်လွှတ်ပေးလိုက်တာပဲဖြစ်တယ်။ ပြောရရင်တော့ ကိုယ့်ကိုထိခိုက်နာကျင်စေသူကို ခွင့်လွှတ်တယ်ဆိုတာဟာ ဘဝမှာ တကယ်လုပ်ရခက်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာလည်း လူတစ်ယောက်ရဲ့ သတ္တိကိုဖော်ပြနေတာပဲဖြစ်ပါတယ်”

“သင့်ချစ်သူက သင့်အပေါ်သစ္စာဖောက်သွားတဲ့အခါမှာ ဆွဲဆောင်ဖြားယောင်းမှုကိုအံတုဖို့ဆိုတာ လူတွေရင်ဆိုင်နေရတဲ့ အကြီးမားဆုံးစိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း သင့်ကိုပြောပြနေပါတယ်။ ဆွဲဆောင်ဖြားယောင်းမှုတွေကို အံတုခုခံနိုင်ဖို့ အမြဲမပြတ် သတိပေးရပါတယ်။ ဒါမှ တိုတောင်းတဲ့စည်းစိမ်မဟုတ်ဘဲ တာရှည်တည်မြဲတဲ့ပျော်ရွှင်ငြိမ်းချမ်းခြင်းကို သင်ရမှာဖြစ်တယ်”

“တစ်ယောက်ယောက်က သင့်ကိုလှည့်ဖြားတဲ့အခါမှာ လောဘဆိုတာ ဆိုးယုတ်ခြင်းရဲ့ရင်းမြစ်ဖြစ်ကြောင်း သင့်ကိုပြောပြနေပါတယ်။ ပန်းတိုင်ဟာ သင်နဲ့ဘယ်လောက်ပဲဝေးပါစေ... သင့်စိတ်ကူးအိပ်မက်ကို ကြိုးစားပြီးအကောင်အထည်ဖော်ပါ။ ဒါမှ သင့်အောင်မြင်မှုက တခြားလူရဲ့အကူအညီကြောင့်ဆိုတဲ့ စိတ်မသန့်တာမျိုးကို သင့်မခံစားရမှာဖြစ်တယ်။ အောင်မြင်ဖို့ဆိုပြီးတော့လည်း ဖြတ်လမ်းမလိုက်ပါနဲ့”

ဘုရားသခင်ရှင်းပြတာတွေကို နားထောင်ပြီးတဲ့နောက် အမယ်အိုက ပြန်မေးပါတယ်။

“ဘုရားသခင်… တခြားလူရဲ့ကောင်းမှုတွေက အကျွန်တို့ကို ဘာသင်ခန်းစာတွေများရစေသလဲဆိုတာကို ဘုရားသခင်မပြောသေးဘူးနော်”

ဘုရားသခင်က ပြုံးပြုံးလေးနဲ့ ဆက်ရှင်းပြပြန်တယ်။

“တစ်ယောက်ယောက်က သင့်ကိုချစ်ခင်နှစ်သက်တဲ့အခါမှာ ချစ်ခြင်းမေတ္တာ၊ ကြင်နာခြင်း၊ ရိုးသားခြင်း၊ နှိမ့်ချခြင်း၊ ခွင့်လွှတ်သည်းခံခြင်း၊ လက်ခံခြင်း… စတဲ့ လူသားဆန်တဲ့ ဒီကောင်းကျိုးတွေအားလုံးက လောကမှာရှိတဲ့ဆိုးယုတ်မှုအားလုံးကို အောင်မြင်နိုင်ကြောင်း သင့်ကိုပြောပြနေတာဖြစ်ပါတယ်။ အကောင်းရှိရင် အဆိုးလည်းရှိတယ်။ လူတွေက အကောင်းနဲ့အဆိုးကြားမှာ လက်ဦးမှုရယူတတ်ကြပေမယ့် ချစ်ခြင်းမေတ္တာရဲ့အင်အားကိုတော့ အမြဲမေ့လျော့နေတတ်ကြတယ်”

“သင့်ဘဝမှာ တစ်ယောက်ယောက်နဲ့တွေ့ဆုံမိတဲ့အခါ.... ချိန်းထားလို့တွေ့တာပဲဖြစ်ဖြစ်၊ တိုက်ဆိုင်လို့တွေ့တာပဲဖြစ်ဖြစ် အဲဒီလူဆီကနေ ကိုယ်ဘာများသင်ယူနိုင်မလဲလို့ သင်တွေးကြည့်သင့်ပါတယ်။ နောက်ပြီး အဲဒီလူက သင့်ကို ချစ်တတ်ဖို့ ဒါမှမဟုတ် မုန်းတတ်ဖို့ သင်ပေးလိုက်သလား။ လူ့ဘဝကနေ သင်ခွဲခွာသွားတဲ့အခါ လူတွေအတွက် ချစ်ခြင်းတွေအများကြီး သင်ချန်ခဲ့သလား၊ ဒါမှမဟုတ် အမုန်း နာကျင်ထိခိုက်ခြင်းတွေကိုပဲ သင်ချန်ခဲ့သလား၊ ပျော်ရွှင်ခြင်း ဒါမှမဟုတ် ကြေကွဲခြင်းတွေ ချန်ခဲ့သလား.. ဒါကို သင်တွေးကြည့်သင့်ပါတယ်။ လူတိုင်းမှာ ချစ်နိုင်တဲ့အစွမ်းအစတွေ ရှိကြပါတယ်။ ချစ်ခြင်းမေတ္တာရဲ့အင်အားကို ကောင်းကောင်းအသုံးချသင့်ပါတယ်”

***၂ဝ၁၃ခုနှစ် စက်တင်ဘာလထုတ် အမှတ်စဉ် ၁၈ တရုတ်Readers (DuZhe) မဂ္ဂဇင်းမှစာတစ်ပုဒ်ကို ဆီလျော်အောင် ဘာသာပြန်မျှဝေပါတယ်။

တရုတ်လိုမူရင်းရေးသားသူ-- Sūn kāi Yuán (孙开元)

မြန်မာလို ဘာသာပြန်သူ -- နိုင်းနိုင်းစနေ (July. 1. 2014)