ရန်ကုန်မြို့၌ ဇွန်လအတွင်း လျှပ်စစ်ကြိုးပြတ်ကျမှုများနှင့် နေအိမ်သို့သွယ်တန်းထားသော လျှပ်စစ်ကြိုးမှ သွပ်မိုးနံရံသို့ လျှပ်စစ်စီးဝင်ကာ လူသေဆုံးမှုအပါအ၀င် ဓာတ်လိုက်သေဆုံးသူ ၂၀ အထိရှိ

ပို့စ်တင်ချိန် - 7/02/2014 01:21:00 PM


ဇွန် ၃၀ ရက်ညနေပိုင်းက မြောက်ဥက္ကလာပမြို့နယ်တွင် လျှပ်စစ်ဓာတ်ကြိုးပြတ်ကျမှုကြောင့် လူတစ်ဦးသေဆုံးခဲ့ပြီး တစ်လအတွင်း ရန်ကုန်တွင် လျှပ်စစ်ဓာတ်ကြိုးပြတ်ကျမှုနှင့် လျှပ်စစ်နှင့်ပတ်သက်သော အခြားဆက်စပ်ဖြစ်စဉ်များကြောင့် သေဆုံးသူဦးရေ ၂၀ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံး၏ ရဲမှတ်တမ်းများအရ စုံစမ်းသိရသည်။
ဇွန် ၃၀ ရက် ညနေ ၄ နာရီခန့်က မြောက်ဥက္ကလာပမြို့နယ် (ဌ) ရပ်ကွက် ပုလဲလမ်းတွင် ကန်စွန်းခင်းထဲမှ ကန်စွန်းရွက်ခူးနေသူတစ်ဦးသည် ကန်စွန်းခင်းဘောင်ပေါ်မှ သဲအိတ်များပေါ် ကန်စွန်းရွက်များကို တင်ပြီးရေခါနေချိန်တွင် သွယ်တန်းထားသော လျှပ်စစ်ဓာတ်ကြိုးပြတ်ကျသွားပြီး ၎င်း၏ပခုံးကိုပတ်မိကာ ဓာတ်လိုက်ခဲ့ခြင်းဖြစ်သည်။

သေဆုံးသူ ၂၅ နှစ်အရွယ်အမျိုးသားသည် ကန်စွန်းခင်းတွင် သုံးဦး လျှပ်စစ်ဓာတ်ကြိုးပြတ်ကျမှုကြောင့် ဓာတ်လိုက်ပြီး  မိနစ်နှစ်ဆယ်ခန့်အကြာ ဆေးရုံသို့သွားရာလမ်းတွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

“ကန်စွန်းရွက်ခူးနေတာက သုံးယောက်ခူးနေတာပါ။ ညီလေးက ကန်စွန်းရွက်ရေခါဖို့ ဘောင်ပေါ်တက်နေတုန်း သူ့ပခုံးပေါ်ကို ဓာတ်ကြိုးကပြတ်ကျပြီး ပတ်သွားတာ။ ကျန်နှစ်ယောက်ကတော့ ဘာဒဏ်ရာမှမရပါဘူး။ သေတဲ့လူကလည်း သေပြီဆိုတော့ ကံလို့ပဲသတ်မှတ်ရပါတော့မယ်။ ဘာမှမထူးတော့ပါဘူး။ လျှပ်စစ်ရုံးကိုလည်း အမှုမဖွင့်ချင်ပါဘူး” ဟု သေဆုံးသူအမျိုးသား၏အစ်ကိုဖြစ်သူ ကိုမင်းမင်းထွန်းကဆိုသည်။

ပြတ်ကျသွားသောလျှပ်စစ်ဓာတ်ကြိုးသည် ကြေးကြိုး ၇/၁၂ ၄၀၀ ဗို့လိုင်းဖြစ်ပြီး ၂၀၀၆ ခုနှစ်က သွယ်တန်းထားသော ဓာတ်ကြိုးများဖြစ်ကြောင်း မြောက်ဥက္ကလာပမြို့နယ်လျှပ်စစ်ရုံးမှ မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

“သေဆုံးသွားတဲ့လူကို နာရေးကိစ္စနဲ့ ရက်လည်ကိစ္စတွေအတွက် ကျွန်တော်တို့တာဝန်ယူပေးသွားမှာပါ။ ကျန်တဲ့ကိစ္စအပိုင်းတွေကိုတော့ ရန်ကုန်တိုင်းလျှပ်စစ်ရုံးက တာဝန်ယူသွားမယ်လို့သိရပါတယ်။ လျှပ်စစ်ဓာတ်ကြိုးပြတ်ကျမှုတွေအတွက် လူတွေ ဆောင်ရန်၊ ရှောင်ရန်ဖြစ်အောင်လို့ လက်ကမ်းစာစောင်တွေလိုက်ဝေထားတယ်။ အခုလည်း နေရာတော်တော်များများမှာ ဓာတ်အားလိုင်းတွေ၊ ဓာတ်ကြိုးတွေကို ပြင်ဆင်မှုတွေလုပ်နေပါတယ်” ဟု မြို့နယ်လျှပ်စစ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်ဇော်က ပြောကြားသည်။


ဇွန် ၃၀ ရက် ညနေပိုင်းက မြောက်ဥက္ကလာပမြို့နယ်တွင် လျှပ်စစ်ဓာတ်ကြိုးပြတ်ကျသည့်နေရာအား တွေ့ရစဉ်  (ဓာတ်ပုံ-အောင်မျိုးသန့်)



ယခုရက်ပိုင်းအတွင်း လျှပ်စစ်ဓာတ်ကြိုးပြတ်ကျမှုကြောင့် လူနှစ်ဦးသေဆုံးခဲ့ရသည့်ဖြစ်စဉ်မှာ ဇွန် ၂၁ ရက် ညနေပိုင်းက ကမာရွတ်မြို့နယ် လှည်းတန်းဈေးအနီး မိုးသည်းထန်စွာရွာသွန်းနေချိန်၌ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၄၉ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ လျှပ်စစ်ဓာတ်ကြိုးပြတ်ကျမှုကြောင့် ဓာတ်လိုက်သေဆုံးခဲ့ပြီး အခြားလူနှစ်ဦးမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထို့အတူ ရွှေပြည်သာမြို့နယ်တွင်လည်း ဇွန် ၂၃ ရက်ညပိုင်းက အမျိုးသားတစ်ဦးသည် လမ်းဘေးတွင်အိကျနေသော လျှပ်စစ်ဝိုင်ယာကြိုးပေါ်သို့ချော်လဲရာမှ ဓာတ်လိုက်သေဆုံးခဲ့ရသည်။

တစ်လအတွင်း ရန်ကုန်တွင် လျှပ်စစ်ဓာတ်လိုက်မှုများကြောင့် သေဆုံးသူဦးရေမှာ ၂၀ဦးအထိရှိလာပြီး သေဆုံးသူများမှာ စက်ရုံလုပ်သားများ၊ လျှပ်စစ်ဝန်ထမ်းများ၊ ဖုန်းပြုပြင်ရေးလုပ်သားများ၊ ပန်းရန်လုပ်သားများဖြစ်ကြပြီး လုပ်ငန်းခွင်ဝင်နေစဉ်အချိန်အတွင်း မတော်တဆမှုများကြောင့် ဓာတ်လိုက်သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

Eleven