မြန်မာအလုပ်သမားမှ ထိုင်းရဲ( ၄ ) ဦးဘတ်ငွေ ၇,၀၀၀ နှင့် လက်ကိုင် ဖုန်း တစ်လုံးအားယူပြီး လူတွေကိုပြောရင် သတ်ပစ် မယ်လို့ ခြိမ်းခြောက်

ပို့စ်တင်ချိန် - 7/02/2014 07:56:00 PM


 မြန်မာနှင့်ထိုင်းစစ်အစိုးရတို့က မြန်မာအလုပ်သမားများအား ဖမ်းဆီးခြင်း မပြုကြောင်း အမျိုးမျိုးကြေညာ နေသော်လည်း နေရာအတော်များများတို့တွင် မြန်မာ အလုပ်သမားများအား ဖမ်းဆီးခံနေရကြောင်းသိရှိရသည်။


 ယနေ့ နေ့လည်ပိုင်းက ဘန်ကောက်မြို့ အယ်ကချိုင် ၆၀/၆၆ ဈေးရှေ့တွင်ရှိသော KASKORN BANK ရှေ့ ကား မှတ်တိုင်တွင် ပတ်စပို့နှင့်ဝတ်ပါမစ်အပြည့်အစုံပါရှိသော ရခိုင်အလုပ်သမား တစ်ဦး ထံမှ ထိုင်းရဲ၎ဦးက ကားပေါ် သို့ တင်ဆောင်သွားပြီး ဘတ်ငွေ ၇,၀၀၀ နှင့် လက်ကိုင် ဖုန်း တစ်လုံးအား သိမ်းယူသွားခဲ့သည်။

 ရခိုင်အလုပ်သမား ကိုနေလင်းအောင် က“ကားက အပြာနုရောင်ပါ။ ထိုင်းစာတော့ ကျနော် မဖတ်တတ်ဘူး။ နံပတ်က 8164 ဖြစ်ပါတယ်။ လူတွေကိုပြောရင် သတ်ပစ် မယ်လို့ ခြိမ်းခြောက်သွားပါတယ်” ဟုပြောသည်။

     အလားတူ ယမန်နေ့က နကပထုန်မှ ရခိုင်အလုပ်သမားတစ်ဦး ပတ်စပို့ရှိသည့် ဇနီးဖြစ်သူ မ၀င်းနု အား ပုလိပ်ဖမ်း ထားသဖြင့် MAT အဖွဲ့သို့ လာရောက် တိုင်ကြား ပြီးအပြန်တွင် ဘန်ခေဈေးအနီးတွင် ပုလိပ်ဖမ်းသဖြင့် ဘတ် ၂၀၀ ဖြင့် ကျေးအေး လိုက်ရသည်။


ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က“အစိုးရ နှစ်ရပ်ကို သက်သေပြချင်လို့ ဒီနေ့ ကျနော်တို့အဖွဲ့က တစ်ယောက် သူ့ကိုယ်ပိုင်ကားနဲ့ အယ်ကချိုင်လမ်း ၈၉/၇ မှာ ပုလိပ်တွေ ဖမ်းတာကို ဓါတ်ပုံရိုက်တယ်။

လမ်းမှာအမှိုက်လှဲတဲ့အမျိုးသမီးတစ်ယောက်က ပြောလို့ ပုလိပ်သိ သွားတယ်။ မနဲရှင်းလိုက်ရတယ်။ ကယ်မရာထဲကပုံတွေကို အကုန်ဖျက်ပစ်လိုက်ရ တယ်။ ပုလိပ်ဖမ်းပါပြီးတဲ့ ဘယ်အစိုးရ ဘယ်ဖုန်းကို ဆက်သွယ်ပြီး အကူညီတောင်း လို့ ဖြေရှင်းနိုင်မလဲ။ ကျနော်တို့တောင် အချက်အလက်ရအောင် လုပ်တာ အခက်အခဲ ရှိရင် အလုပ်သမားတွေဆို ဘယ်လိုလုပ်ပြီး ဓါတ်ပုံရိုက်ရဲမလဲ၊ စစ်တပ်ကဖမ်းတာ မဟုတ်ဘူး။

ပုလိပ်ကဖမ်းတာ၊ ပုလိပ်လုံးဝမဖမ်းအောင် အစိုးရက နိုင်နိုင်နင်းနင်း ကန့်သတ်ဖို့လိုပါမယ်” ဟုပြောသည်။
ပတ်စပို့ရှိလျှက်နှင့် ပုလိပ်အဖမ်းခံထားရသည့် အလုပ်သမားများ၏ မိသားစုအချို့ နက်ဖြန်တွင် သံရုံးသို့ အကူညီတောင်းရန်သွားကြမည်ဖြစ်ကြောင်း သိရှိရသည်။

ရွှေလုပ်သား