တူရကီ အနောက်ပိုင်း ပြည်နယ်တွင် မြည်းများကို ရွေ့လျားဓာတ်အားသွင်းစက်များအဖြစ် အသုံးပြုနေ

ပို့စ်တင်ချိန် - 7/02/2014 07:41:00 AM



တူရကီနိုင်ငံမှ လယ်သမားများသည် မြည်းများကို ရွေ့လျား မိုဘိုင်း အားသွင်းစက်များအဖြစ် ဆန်းသစ်တီထွင် အသုံးပြုလျက် ရှိကြသည်။

တူရကီနိုင်ငံ အနောက်ပိုင်း အစ်ဇ်မာမှ လယ်သမားများသည် ဆိုလာပြားများကို မြည်းများ၏ ကျောပေါ်တွင် တင်ထားပြီး နေရောင်ခြည်ကို စုဆောင်းခံယူကြသည်။ အဆိုပါ ဆိုလာပြားများသည် ငါးကီလိုဝပ်မှ ခုနစ်ကီလိုဝပ်ကြား ဓာတ်အားကို ပြန်လည် ထုတ်ပေးလေ့ရှိပြီး Laptop ကွန်ပျူတာများနှင့် မိုဘိုင်းဖုန်းများ အားသွင်းရာတွင် အသုံးပြုနိုင်သည်။

ဒေါ်လာ (၁၃၂၀)မျှ ကျသင့်သည့် အဆိုပါ ရွေ့လျားအားသွင်းစက် မြည်းများကို ဖန်တီးရန် ကြံစည်ခဲ့သည်မှာ တူရကီ၏ နေရောင်ခြည် စွမ်းအင် လုပ်ငန်းစုကြီး Ser-Gun ဖြစ်သည်။ မြည်းများသည် ဒေသတွင်း အသုံးအများဆုံး တိရစ္ဆာန်များလည်း ဖြစ်ရာ လယ်သမားများအတွက် လျှပ်စစ်ဓာတ်အားခ မကုန်ဘဲ စွမ်းအင်ထုတ်ပေးသည့် အားသွင်းစက်များအဖြစ် ဆိုလာပြားများကို တပ်ဆင် အသုံးပြုရန် စိတ်ကူးရလာခြင်း ဖြစ်သည်။

မိုဘိုင်းဖုန်း တစ်လုံးကို အားအပြည့်သွင်းရန်မှာ (၂)ဝပ်မှ (၆)ဝပ်မျှသာ ဓာတ်အားလိုအပ်သောကြောင့် မြည်းတစ်ကောင်၏ ကျောပေါ်မှ ဆိုလားပြားတစ်ချပ်သည် ဖုန်းအလုံးပေါင်း (၁၀၀၀)ကို အားသွင်းပေးနိုင်မည် ဖြစ်သည်။ ထို့ကြောင့်လည်း လျှပ်စစ်ဓာတ်အား သွယ်တန်းရန် ခက်ခဲသည့် နေရာမှ တူရကီ လယ်သမားများသည် မြည်းတင် ဓာတ်အားပေးစက်များ အားကိုးဖြင့် Facebookသုံးခြင်း၊ အင်တာနက်ကြည့်ရှုခြင်းတို့ကို လုပ်ဆောင်နေပြီ ဖြစ်သည်။

“ကျွန်တော်တို့က ကျေးလက်ဒေသက လူတွေအတွက် နေ့စဉ်လူနေမှု ဘဝပုံစံကို မြှင့်တင်ပေးဖို့ ကြိုးစားခဲ့တာပါ။ သိုးကျောင်းနေရင်းနဲ့တောင် စွမ်းအင်လိုအပ်ချက်အတွက် စိတ်ပူစရာ မရှိလောက်အောင် ကျွန်တော်တို့ ဖန်တီးပေးချင်ပါတယ်”ဟု Ser-Gunမှ ဥက္ကဋ္ဌ တမ်မာအူဂွာလူရဲလ်က ပြောကြားသည်။

အစ်ဇ်မာပြည်နယ်သည် တူရကီနိုင်ငံတွင် နေရောင်ခြည်စွမ်းအင် အသုံးပြုမှု အများဆုံး ပြည်နယ်တစ်ခုဖြစ်ပြီး အစိုးရ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေများကို အသုံးပြုကာ ပြည်နယ်၏ စွမ်းအင်လိုအပ်ချက် ထက်ဝက်ခန့်ကို နေရောင်ခြည်မှ ခံယူစုဆောင်းထားသည်။



_Ref: Dailymail

7Day Daily