လွတ်မြောက်နေဆဲ ဖြစ်တဲ့ ရက်စက် ကြမ်းကြုတ်နေသူ နှစ်ဦး

ပို့စ်တင်ချိန် - 7/10/2014 07:28:00 AM


ကရင် တိုင်းရင်းသူ မအဲအား ဘတ်ငွေလေးသန်းကျော် လျော်ကြေး ပေးအပ်ရန် ထိုင်းတရားရုံးက အမိန့်ချ ခဲ့သော်လည်း ထိုင်းနိုင်ငံသား တရားခံ လင်မယားနှစ်ဦးအား ဖမ်းဆီးနိုင်သေးခြင်း မရှိသေးသည့် အတွက် မြန်မာအစိုးရ အနေဖြင့် ထိုင်းအစိုးရထံ ဖိအားပေး တောင်းဆိုသင့်ကြောင်း အလုပ်သမားရေး လှုပ်ရှားနေသူများက The Messenger Media သို့ ပြောကြားသည်။

ထိုင်းနိုင်ငံတွင် ထိုင်းလင်မယား၏ နှိပ်စက်မှု ခံခဲ့ရသည့် မြန်မာနိုင်ငံသား ကရင်တိုင်းရင်းသူ မအဲအတွက် ဘတ်ငွေ (၄၆၀၃၂၃၃) ကို လျော်ကြေး ငွေပေးအပ်ရမည်ဟု ယခုလ (၃၀) ရက်နေ့တွင် ထိုင်းနိုင်ငံ ကန်ဖယ်ဖက် ခရိုင်တရားရုံးက အမိန့်ချ လိုက်သော်လည်း တရားခံ လင်မယား နှစ်ဦးအား ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း ထိုင်းနိုင်ငံ အခြေစိုက် Human Right And Development Foundation (HRDF) မှ မအဲ အမှုအားရှေ့နေ အဖြစ် ဆောင်ရွက်ပေးနေသူ Ms.Pleda Tongchoumnon က The Messenger Media  သို့ပြောကြား ထားသည်။

““အခင်းဖြစ်တဲ့ အချိန်မှာ တရားခံတွေရှိပြီး နောက်တော့ ကြက်ပျောက် ငှက်ပျောက် ပျောက်သွားတယ်။ သူ့နိုင်ငံ အစိုးရက သူ့နိုင်ငံသားကို ထိထိ ရောက်ရောက် မလုပ်နိုင်ရင် ကိုယ့်နိုင်ငံ အစိုးရက ပြင်းပြင်း ထန်ထန် ထိထိ ရောက်ရောက် ဖိအား ပေးသင့်တယ်။ ကျွန်တော့် အမြင်ရပြောရရင် ဖိအားပေးတာတွေ နည်းလွန်း နေသေးတယ်”” ဟု ထိုင်းနိုင်ငံ အခြေစိုက် မြန်မာအလုပ်သမား ရွှေ့ပြောင်း ကွန်ရက်မှ ဦးအောင်ကျော်က The Messenger Media သို့ သုံးသပ် ပြောကြားသည်။


၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၃၁) ရက်နေ့ ထိုင်းနိုင်ငံ၊ ကမ်ဖိုင်ဖစ်မြို့၊ မဟာချိုင်ရပ်ကွက် အမှတ်၊ (၁၉၃) တွင် ခွေးလှောင်အိမ် အတွင်းတွင် ထည့်သွင်း ပိတ်လှောင် ထားသော (၁၂) အရွယ် ကရင်တိုင်းရင်းသူ မအဲ အား အိမ်မွေးကြောင် တစ်ကောင် ပျောက်၍ လိုက်ရှာနေသော ထိုင်း အမျိုးသမီးတစ်ဦးက တွေ့ရှိ၍ ထိုင်းရဲတပ်ဖွဲ့သို့ ဆက်သွယ်အကြောင်း ကြားခဲ့ခြင်း ဖြစ်သည်။


မအဲအား ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ကြက်တူရွေး ရွာနေ မိဘများက ထိုင်းနိုင်ငံတွင် မွေးဖွားခဲ့ပြီး၊  လက်ရှိအချိန်တွင် ထိုင်းလင်မယား၏ နှိပ်စက်မှုဒဏ်ကြောင့် ထိုင်းနိုင်ငံ မြောက်ဘက်ပိုင်း ကန်ဖယ်ဖက်မြို့ တွင် မိသားစုနှင့် ကလေး စောင့်ရှောက်ရေး ဂေဟာတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။ မအဲ သည် အသက်ခုနစ်နှစ် အရွယ်တွင် မိဘများနှင့် အတူ ဆိုင်းငမ်းရွာရှိ ကြံခင်းတွင် အလုပ် လုပ်နေစဉ် အဆိုပါ ထိုင်းလင်မယားက ဖြားယောင်း ခေါ်ဆောင်သွားပြီး ငါးနှစ်ကျော် ကြာအခန်း ပိတ်လှောင် နှိပ်စက်မှုများ ပြုလုပ်ခဲ့သည်။ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ အတွင်းက ထွက်ပြေးခဲ့သော ထိုင်း လင်မယားကို ထိုင်းအစိုးရ အနေဖြင့် လက်ရှိအချိန်ထိ ဖမ်းဆီးနိုင်ခဲ့ခြင်း မရှိခဲ့ပေ။

ကရင် တိုင်းရင်းသူ မအဲအတွက် ကန်ဖယ်ဖက် ခရိုင်တရားရုံးက ဆေးကုသစရိတ် ဘတ်ငွေ တစ်သန်းကျော်၊ နစ်နာကြေး ဘတ်တစ်သန်း၊ ခန္ဓာကိုယ် နစ်နာကြေး ဘတ်ခြောက်သိန်း၊ မျိုးပွားအင်္ဂါ ပျက်စီးမှု ဘတ်ခုနှစ်သိန်း၊ ရုပ်ရည်ပျက်စီးမှု ဘတ်ခုနှစ်သိန်း၊ လမ်းစရိတ် ဘတ်ငါးသိန်း လျော်ကြေးငွေ ပေးအပ်ရန် ယခု လ (၃၀) ရက်နေ့တွင် အမိန့်ချခဲ့ကြောင်း HRDF စာရင်းများအရ သိရသည်။

““တချို့ကလည်း တရားခံက လာအိုဘက်ကို ထွက်ပြေးသွားတယ် လို့ ပြောကြတယ်။ ဟုတ် မဟုတ် ဆိုတာကိုတော့ ကျွန်တော်တို့ အစိုးရက ဒီအတိုင်း ထိုင်ကြည့်နေလို့တော့ ဘယ်ဖြစ်မလဲ၊ သံတမန် နည်းလမ်းတွေ နိုင်ငံတကာ အစည်းအဝေး ပွဲတွေရဲ့ စိတ်ဝင်စားမှုနဲ့ အတူဖိအားပေး တောင်းဆိုသင့်တယ်”” ဟု ရွှေ့ပြောင်း အလုပ်သမား ကွန်ရက်မှ အလုပ်သမားရေး အကြံပေး ကိုကျော်ဇော်လင်းက The Messenger Media သို့ ပြောသည်။

အိမ်ရှင် လင်မယားသည် မအဲ အား ခေါင်းကိုနံရံနှင့်  ဆောင့်ခြင်း၊ ခွေးလှောင်အိမ်ထဲတွင် ပိတ်လှောင်၍ ရေနွေးပူဖြင့် လောင်းခြင်း၊ နားရွက်အား ကပ်ကြေးဖြင့် ညှပ်ခြင်း၊ အခန်း ပိတ်လှောင်ပြီး နှိပ်စက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က စစ်ဆေး တွေ့ရှိခဲ့သည်။ သို့သော်လည်း ဖမ်းဆီးပြီး ရက်ပိုင်းအကြာတွင် ထိုင်းရဲတပ်ဖွဲ့မှ ထိုင်းလင်မယားအား အာမခံပေး ခဲ့သောကြောင့် အဆိုပါ လင်မယားမှာ ထွက်ပြေး တိမ်းရှောင် သွားခဲ့သည်။

““ထိုင်းအစိုးရကို တရားခံဖမ်း မိဖို့အတွက် ဒီထက်မက တောင်းဆိုသင့်တယ်။ ကိုယ့်လူမျိုးတွေ သူတစ်ပါးနိုင်ငံမှာ ညှဉ်းပန်း နှိပ်စက်တာ မခံရဖို့လည်း အလုပ်သမား အခွင့်အရေးနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေက အလေးထား ဆောင်ရွက်သင့်တယ်”” ဟု Labour Right Clinic မှ အလုပ်သမားရေး လှုပ်ရှားနေသူ ဦးချစ်ဦးမောင်က The Messenger Media သို့ ပြောသည်။

လက်ရှိ အချိန်တွင် ထိုင်းနိုင်ငံတွင် ထိုင်းစစ်တပ်မှ အာဏာ သိမ်းထားခြင်းကြောင့် နိုင်ငံတကာမှ ဝေဖန်မှုများ၊ နိုင်ငံတကာမှ ပိတ်ဆို့မှုများ ပြုလုပ်နေကြောင်း၊ ယင်းအတွက်ကြောင့်လည်း ထိုင်းနိုင်ငံ အစိုးရက နိုင်ငံတကာ၏ အမြင် ကြည်လင်မှု ရရှိစေရန် ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင်နေသော မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား အလုပ်သမားအရေးကို ကောင်းမွန်စွာ ဆောင်ရွက်နေသည့် အချိန်နှင့် အချိန်ကိုက် မြန်မာနိုင်ငံအစိုးရ အနေဖြင့် ဖိအားပေး တောင်းဆိုနိုင်လျှင် တရားခံအား ဖမ်းဆီးနိုင်မည်ဟု ယုံကြည်ကြောင်း ဦးအောင်ကျော်က ထပ်လောင်းပြောသည်။

““လက်ရှိ ကျွန်တော်တို့ သမ္မတက အာဆီယံဥက္ကဋ္ဌ ရာထူးယူထားတယ်။ ဒီလိုအချိန်မှာ စံပြအနေနဲ့ ကိုယ့်နိုင်ငံရဲ့ မတရားခံရတဲ့ ကလေးတစ်ယောက် အမှုကို အစည်းအဝေးတွေမှာ တင်ပြပြီး လုပ်ဆောင်ရင် အောင်မြင်မှာပါ။ ကိုယ့် အလုပ်သမား တွေကလည်း ကိုယ့်အစိုးရကို ယုံကြည်မှာပေါ့။ ကိုယ့်နိုင်ငံသား အခွင့်အရေး ကိုတော့ ရအောင် လုပ်သင့်တာပေါ့ဗျာ””ဟု ရွှေ့ပြောင်း အလုပ်သမား ကွန်ရက်မှ အလုပ်သမားရေး အကြံပေး ဦးကျော်ဇောလင်းက ပြောသည်။

ထိုင်းအစိုးရက အဆိုပါ လင်မယားအား ဖြားယောင်း သွေးဆောင်မှု၊ မတရား ညှဉ်းပမ်းနှိပ်စက်မှု၊ ကျွန်ပြုမှု၊ အဓမ္မစေခိုင်းမှု၊ အသက် (၁၅) နှစ်အောက် ကလေးအား လူကုန်ကူးမှု၊ တရားမ၀င် အလုပ်သမား လက်ခံမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ နှင့် အမှုဖွင့်ထားကြောင်း သိရသည်။ ပြစ်မှုထင်ရှားပါက အနည်းဆုံး ထောင်ဒဏ်အနှစ် (၂၀) ကျခံရနိုင်ကြောင်း အလုပ်သမား ၀န်ကြီးဌာနမှ သိရသည်။

The Messenger

image: thailandnews24