ဖေ့ဘွတ်ခ်စာမျက်နှာများတွင် ဘာသာရေးနှင့် ပတ်သက်သော ကောလာဟလကြောင့် မန္တလေးမြို့ (၈၂) လမ်းနှင့် (၂၇) လမ်းထောင့်ရှိ လက်ဖက်ရည်ဆိုင်အနီး လူစုလူဝေး ဖြစ်ပေါ်ခဲ့ပြီး ရဲတပ်ဖွဲ့မှ လုံခြုံရေးချထားခဲ့ရ

ပို့စ်တင်ချိန် - 7/02/2014 11:56:00 AM

မန္တလေးမြို့ (၈၂) လမ်းနှင့် (၂၇) လမ်းထောင့်ရှိ လက်ဖက်ရည်ဆိုင်အနီး လူစုလူဝေး ဖြစ်နေသည်ကို ဇူလိုင် ၁ ရက် ည ၁၀ နာရီကျော်က တွေ့ရစဉ် (ဓာတ်ပုံ-မင်းသန့်)



ဖေ့စ်ဘွတ်စာမျက်နှာများတွင် ဘာသာရေးနှင့် ပတ်သက်သော ကောလာဟလကြောင့် မန္တလေးမြို့ ၈၂ လမ်းနှင့် ၂၇ လမ်းထောင့်ရှိ လက်ဖက်ရည်ဆိုင်အနီး၌ လူစုလူဝေး ဖြစ်ပေါ်ခဲ့ပြီး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ လုံခြုံရေး အပြည့်ချထား ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၁ ရက် ည ၈ နာရီကျော်ခန့်က မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၈၂ လမ်းနှင့် ၂၇ လမ်းထောင့်ရှိ လက်ဖက်ရည်ဆိုင် အနီးတွင် အွန်လိုင်းကောလာဟလမှတစ်ဆင့် လူစုလူဝေး ဖြစ်ပေါ်လာခဲ့သောကြောင့် ရဲတပ်ဖွဲ့မှ လုံခြုံရေးချထား ဆောင်ရွက်ခဲ့ရပြီး ညဥ့်ဦးပိုင်း အချိန်တွင် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အခြေအနေအရ အဆိုပါဆိုင်အား ပိတ်ထားရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

“ကောလာဟလသတင်းတွေကြောင့် လုံခြုံရေးချထားပြီး ဆိုင်ကိုပိတ်ထားဖို့ သွားရောက်ညှိနှိုင်းပါတယ်။ နောက်ပြီး ဆိုင်အနီးဝန်းကျင်နဲ့ လမ်းတွေမှာ လုံခြုံရေးရယူ ဆောင်ရွက်ရတာပါ။ အခြားဘယ်လို အကြောင်းအရာမှ ဖြစ်ပွားမှု မရှိခဲ့ပါဘူး” ဟု ခရိုင်ရဲတပ်ဖွဲ့မှူး စိန်ထွန်းက ပြောကြားသည်။

ယင်းအဖြစ်အပျက်နှင့် ပတ်သက်၍ လက်ဖက်ရည်ဆိုင်မှ တာဝန်ရှိသူတစ်ဦး ဆိုသူက အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့မှ ဖုန်းဆက်ခြိမ်းခြောက် ပြောဆိုမှု ရှိခဲ့သည်ဟု ဆိုသည်။

ဘာသာရေးနှင့်ပတ်သက်သော ကောလာဟလကြောင့် မန္တလေးမြို့ ၈၂ လမ်းနှင့် ၂၇ လမ်းထောင့်ရှိ လက်ဖက်ရည်ဆိုင်အနီး၌ လူစုလူဝေး ဖြစ်ပေါ်ခဲ့သဖြင့် လုံခြုံရေးချထားစဉ် (ဓာတ်ပုံ-မင်းသန့်)

“ကောလာဟလပါ။ အွန်လိုင်းပေါ် ရေးသားမှုတွေကြောင့် အခုလိုဖြစ်ရတာ မကောင်းဘူးပေါ့။ ဆိုင်ကို ခဲနဲ့ထုသွားတယ်ဆိုတာ မဟုတ်ပါဘူး။ ဘာမှမဖြစ်ပါဘူး။ အဲလို မဖြစ်ခင် ဘုန်းကြီးတွေ ဒီဆိုင်ပတ်ဝန်းကျင်မှာ တွေ့တယ်။ ကားနှစ်စီးနဲ့ ပတ်နေတယ်ဆိုတာမျိုး ကြားရပေမယ့် ကျွန်တော်ရောက်တဲ့ အချိန်မှာ မတွေ့ပါဘူး” ဟု ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့မှ ကိုဇော်မင်းထွန်းက ဆိုသည်။

အွန်လိုင်းတွင် ပျံ့နှံ့နေသည့် ဘာသာခြားမှ မုဒိမ်းမှု ကျူးလွန်ခဲ့သည်ဟူသော အဖြစ်အပျက်ကို အခြေခံကာ စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ အွန်လိုင်းကောလာဟလကြောင့် လူစုလူဝေး ဖြစ်ပေါ်နေသည့် နေရာသို့ ရဲတပ်ဖွဲ့မှ အချိန်မီ လာရောက်ခဲ့ပြီး အခြေအနေအား လုံခြုံရေးရယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Eleven Media Group