လုပ်ငန်းအတွေ့အကြုံရချင်လို့ အလုပ်လုပ်လိုက်တာ၊ လက်တစ်ဖက် ဆုံးရှုံးသွားခဲ့တယ်ဆိုသော မဇင်မာထွေးနှင့်တွေ့ဆုံခြင်း

ပို့စ်တင်ချိန် - 7/02/2014 08:19:00 PM



မြန်မာနိုင်ငံတွင် ကလေးလုပ်သားများ ပပျောက်ရေး နိုင်ငံတကာက ကူညီဆောင်ရွက်ပေးမှုများ ရှိသော်လည်း မိသားစုစားဝတ်နေရေးအတွက် အလုပ်ဝင်လုပ်နေရသော ကလေးများ ဒုနှင့်ဒေး ရှိနေသည်။ ကလေးများသည် ပလတ်စတစ်ကောက်ခြင်း၊ ပန်းရောင်းခြင်း၊ လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်များတွင် စားပွဲထိုးအလုပ်လုပ်ခြင်းတို့အပြင် စက်မှုလက်မှု အလုပ်ရုံများတွင်လည်း လခစား၊ နေ့စားများအဖြစ် လုပ်ငန်းခွင်ဝင်ရောက်ကာ ဘဝနေထိုင် ရပ်တည်ရေးနှင့် မိသားစု စားဝတ်နေရေးအတွက် ပညာရေးနှင့်ဝေးကာ အလုပ်လုပ်ရင်း ရုန်းကန်နေရလျက် ရှိနေပါသည်။ ထိုကဲ့သို့ လုပ်ငန်းခွင် ဝင်ရောက်နေရင်းမှ ထိခိုက်ဒဏ်ရာရကာ လက်တစ်ဖက်ဆုံးရှုံးခဲ့သူ အသက် ၁၅ နှစ်အရွယ်ရှိသော မဇင်မာထွေးနှင့် မေးမြန်းထားသည်များကို ကောက်နုတ် ဖော်ပြလိုက်ပါသည်။

မဇင်မာထွေးသည် မန္တလေးစက်မှုဇုန် (၂) ရှိ ကနောင်မင်းသားလမ်းနှင့် ဖိုးရာဇာလမ်းကြားရှိ ရှင်းယဲစတီးချိုင့်စက်ရုံတွင် နေစားအဖြစ် ဝင်ရောက်လုပ်ကိုင်ရင်း မေလ ၂ ရက်နေ့တွင် လုပ်ငန်းခွင်တွင် ထိခိုက်ဒဏ်ရာရာကာ လက်တစ်ဖက်ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။

Voice : ဒီစက်ရုံမှာ ဘာကြောင့် အလုပ်ဝင်ဖြစ်တာလဲ။ အလုပ်ဝင်ဖြစ်ခဲ့တဲ့ အခြေအနေလေးကို ပြောပြပါဦး။

ZMH : အိမ်မှာက စီးပွားရေး အခြေအနေလည်း အဆင်မပြေဘူး။ ကိုယ်ပိုင်ဝင်ငွေလေးလည်း ရချင်တာရယ်၊ လုပ်ငန်း အတွေ့အကြုံလည်း လိုချင်လို့ ဒီအလုပ်ကို ဝင်ရောက် လုပ်ကိုင်ဖြစ်ခဲ့တာပါ။

Voice : အလုပ်လုပ်နေတဲ့ ငါးရက်အတောအတွင်းမှာ အခုလို မတော်တဆ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်နဲ့ အခြေအနေလေးကို ပြောပြပေးပါဦး။

ZMH : ညီမက တစ်နေ့ကို ၁၅၀၀ ကျပ်နဲ့ အလုပ်သင်အဖြစ် နေ့စားအလုပ် ဝင်လုပ်ခဲ့တာပါ။ စတင်ဝင်ရောက် လုပ်ကိုင်တဲ့ရက်နဲ့ နောက်ထပ်နှစ်ရက်မှာ အမှုန့်တိုက်ဌာနမှာ လုပ်ခဲ့ရတယ်။ စပြီး အလုပ်လုပ်မယ် ဆိုကတည်းက ဒီနေရာမှာပဲ လုပ်ရမယ်ဆိုတာကို သိတာပါ။ အလုပ်လုပ်ပြီး သုံးရက်မြောက်နေ့မှာမှ စက်ရုံက စီနီယာခေါင်းဆောင်က ခုညီမ မတော်တဆ ဖြစ်ပွားခဲ့တဲ့ စက်မှာ အလုပ်လုပ်ရမယ် ဆိုပြီးတော့ စက်လည်ပတ်ပုံနဲ့ လုပ်ပုံလုပ်နည်းကို ခဏတာပြသခဲ့တယ်။ ညီမ သူငယ်ချင်းကလည်း ညီမမှာ ဒီအလုပ်နဲ့ ပတ်သက်ပြီး အတွေ့အကြုံ မရှိတဲ့အတွက် တစ်ယောက်တည်း မဖြစ်နိုင်တဲ့ အကြောင်းနဲ့ တစ်ယောက်တည်း မလုပ်ခိုင်းဘဲ သူနဲ့အတူတွဲလုပ်ဖို့ တောင်းဆိုခဲ့တယ်။ ဒါပေမဲ့ စက်ရုံဘက်က ညီမကို တစ်ယောက်တည်း လုပ်စေခဲ့တယ်။ ဒီစက်က စတီးချိုင့် အတွင်းပိုင်း အချောသတ်တဲ့စက်ပါ။ ပထမဆုံးဒီစက်မှာ လုပ်ရတဲ့နေ့က ဘာမှမဖြစ်ခဲ့ဘူး။ နောက်တစ်ရက်ပေါ့။ အလုပ်လုပ်တဲ့ ငါးရက်မြောက်နေ့မှာ စက်ထဲ လက်ပါသွားခဲ့တယ်။ လက်တစ်ဖက်တင် မဟုတ်ဘူး ရင်ဘတ်ပါ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

Voice : လက်ရှိဒဏ်ရာ အခြေအနေနဲ့ ပတ်သက်ပြီး ဆရာဝန်တွေဘက်က ဘာများပြောပါသေးလဲ။

ZMH : ဆရာဝန်ကြီးကတော့ ဒီဇူလိုင်လ ၂၂ ရက်နေ့ကို ထပ်ပြီး လာရောက်ပြသဖို့၊ စစ်ဆေးဖို့အတွက် ရက်ချိန်းထားပါတယ်။ အခုကညီမ လက်မြှောက်လို့ မရဘူး၊ ဆရာဝန်တွေကလည်း လေ့ကျင့်ခန်းလုပ်ဖို့ ညွန်ကြားထားပါတယ်။ အကယ်၍ လေ့ကျင့်ခန်းလည်းလုပ်လို့မှ လက်မြှောက်လို့မရရင်၊ လက်မြှောက်လို့မရဘူး ဆိုတာကလည်း ထိခိုက်ဒဏ်ရာရတုန်းက လက်နဲ့ရင်ဘတ် ထိသွားတော့ အကြောဆက်နေတယ် ပြောတယ်။ လက်မြှောက်လိုက်ရင် ရင်ဘတ်အသားကပါ နာလာတယ်။ ဆရာဝန်ကြီးကတော့ လေ့ကျင့်ခန်းတွေလုပ်လို့မှ လက်မြှောက်လို့မရရင် နောက်တစ်ကြိမ် ခွဲစိတ်ကုသရမယ်လို့ ပြောပါတယ်။

Voice : ညီမအခုလို ထိခိုက်ဒဏ်ရာ ရရှိခဲ့တော့ အလုပ်ရှင်ဘက်ကကော ဘယ်လိုကူညီမှုတွေရှိလဲ။ နစ်နာကြေး အနေနဲ့ကော ပေးတာရှိလား။

ZMH : ညီမဆေးရုံတက်ကတည်းက အလုပ်ရှင်က ဆေးရုံကို ရောက်မလာပါဘူး။ သူ့မန်နေဂျာကိုပဲ အကုန်လုံး လွှဲထားပေးတယ်လို့ သိရတယ်။ နစ်နာကြေးရယ်လို့ မပေးပါဘူး။ ဆေးရုံစရိတ်အားလုံးကိုတော့ သူတို့တာဝန်ယူပေးပါတယ်။ ဆေးရုံကဆင်းလို့ အိမ်ကိုပြန်ရောက်တော့ အလုပ်ရှင် တစ်ရက်လာပါတယ်။ တစ်ရက်ပဲရောက်လာပြီး သတင်းမေးပါတယ်။ တခြားလိုအပ်တာတွေကိုတော့ သူ့မန်နေဂျာက နေ့တိုင်း လာရောက်မေးမြန်း လုပ်ဆောင်ပေးပါတယ်။ ညီမကို ကျောက်ဝိုင်းက ကုန်သည်တွေနဲ့ အလုပ်သမားသမဂ္ဂ အဖွဲ့အစည်းကလူတွေ လာရောက် ထောက်ပံ့ကူညီ ပေးကြပါတယ်။

Voice : လက်ရှိ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်နေရပါလဲ။

ZMH : အခက်အခဲတွေကတော့ အစအစအရာရာပါပဲ။ အရင်ကိုယ်တိုင် လုပ်နေကျ အလုပ်သေးသေးလေးတွေတောင် ကိုယ်တိုင်မလုပ်နိုင်တော့ဘူး။ မိသားစုက လိုက်လုပ်ပေးနေရတယ်။ အားငယ်မှုတွေလည်း ရှိပါတယ်။ မွေးကတည်းက လက်တစ်ဖက်မပါတာမှ မဟုတ်တာ အခုမှ လက်တစ်ဖက် မရှိတော့တဲ့အတွက် အရာရာလုပ်ဆောင်ရတာ အရင်ကလို မဟုတ်တော့ပါဘူး။

Voice : ညီမအခုဖြစ်ချင်တဲ့ ဆန္ဒနဲ့ ရှေ့ဆက်ညီမ လုပ်ဆောင်ချင်တဲ့ ဆန္ဒလေးကို ပြောပြပေးပါဦး။
ZMH : ညီမအခုဖြစ်ချင်တဲ့ ဆန္ဒကတော့ ဆုံးရှုံးသွားတဲ့ ညီမလက်တစ်ဖက်ကို ပြန်ရချင်တာပါပဲ။ လုပ်ငန်းအတွေ့အကြုံရချင်လို့ အလုပ်လုပ်လိုက်တာ၊ လက်တစ်ဖက် ဆုံးရှုံးသွားခဲ့တယ်။ ရှေ့ဆက်လုပ်ချင်တာကတော့ ညီမကအရင်လို အလုပ်လည်း မလုပ်နိုင်တော့ဘူး။ အိမ်မှာပဲ အေးအေးဆေးဆေးနဲ့ အိမ်ဆိုင်လေးဖွင့်ပြီး ဈေးရောင်းချင်ပါတယ်။

(နေလင်း)

The Voice Weekly