မောင်တောမြို့နယ် သာယာကုန်းရွာကို အကြမ်းဖက်ရန် ကြံဆောင်သူများကို ရွာသားများခုခံကာကွယ်ခဲ့ရ


(နိရဉ္စရာ- ၁ ဧပြီလ ၂၀၁၄)

မတ်လ ၃၁ ရက်နေ့ ညဥ့်သန်းခေါင် ၁၂ နာရီ အချိန်တွင် မောင်တောမြို့နယ် သာယာကုန်းရွာအား ၀ိုင်းဝန်းတိုက်ခိုက် အကြမ်းဖက်ရန် ကြံစည်သူများဟု ယူဆရသူများကို ရွာသာများ ၀ိုင်းဝန်း ခုခံကာကွယ်ခဲ့ရသည်ဟု ရွာကျောင်း ဆရာတော်မှ နိရဉ္စရာသို့ ပြောကြားသည်။

အိမ်ခြေ ၄၀ ကျော်ခန့်ရှိသော သာယာကုန်းရွာအား လေးဘက် လေးတန်မှ လူများက အုပ်စုဖွဲ့၍ ဓါတ်မီးများထိုးကာ ချဉ်းကပ်လာခဲ့ကြောင်း၊ ရွာအနီးသို့ ရောက်စဉ် ရွာတွင် ကာကွယ်ရန် သက်ဆိုင်ရာ ခွင့်ပြုချက်ဖြင့် ကိုင်ထားသော သေနတ်ဖြင့် သုံးချက်တိတိ ပစ်ခတ်လိုက်ရာ ယင်းလူအုပ်မှာ ဖရိုဖရဲ ဖြစ်ကာ ထွက်ပြေးသွားကြောင်း ဆရာတော် မိန့်ကြားသည်။

“ သူတို့က ဘင်္ဂလီတွေပါ။ ရွာကို တစ်ခုခု လုပ်မယ် အစီအစဉ်နဲ့ လာကြတာပါ။ လက်နက်တွေလည်း ပါလိမ့်မယ်ထင်ပါတယ်။ မဟုတ်ရင် ဒီလောက်ထိ အတင့်ရဲစရာ မရှိဘူး။ ရွာသားတွေက ဓါတ်မီးကိုင်ထားတဲ့ လူအုပ်ထဲကို သေနတ်နဲ့ သုံးချက်တိတိ ပစ်ထည့်လိုက်တော့ ထွက်ပြေးသွားပါတယ်” ဟု ဆိုသည်။

ယင်းနောက်ပိုင်းတွင် စစ်တပ်သို့ အကြောင်းကြားရာ နယ်မြေခံ စစ်ကြောင်း တစ်ခု မိနစ် (၂၀) အတွင်းရောက်ရှိလာခဲ့သည်ဟု ဆရာတော်က ပြောသည်။

“ တပ်က မိနစ် ၂၀ လောက်မှာ ရွာကို ရောက်လာတယ်။ လိုက်ရှာတော့ မတွေ့လိုက်တော့ဘူး” ဟု ဆက်ပြောသည်။

ယနေ့တွင် တပ်မတော် စစ်ကြောင်း တစ်ခုမှာ သာယာကုန်းရွာအနီးရှိ မကျည်းကုန်းတွင် တပ်စွဲထားကြောင်း၊ လုံခြုံရေး အခြေအနေ စိတ်မချရသေးကြောင်း၊ ယနေ့ ဧပြီလ ၂  ရက် ယနေ့ ညနေတွင်လည်း ရွာအနောက်ဘက်တွင် ဘင်္ဂလီ ၂၀ ခန့် စုနေသည်ဟု ကြားရ၍ တပ်ကို အကြောင်းကြားထားကြောင်း ဆရာတော်က ဆိုသည်။

လတ်တလော မောင်တောမြို့နယ် အခြေမှာ တည်ငြိမ်နေသော်လည်း စိတ်ချရသော အဆင့်တွင် မရှိကြောင်း မောင်တော ဒေသခံ တစ်ဦးကလည်း ပြောသည်။

Narinjara 

ပထွေးဖြစ်သူ၏ ထိုးကြိတ်ရိုက်နှက်မှုကြောင့် မိခင်သေဆုံး၊ သမီးဖြစ်သူမှ အရေးယူပေးရန် တိုင်တန်း


ရန်ကုန်၊ ဧပြီ ၁

၁.၄.၂၀၁၄ရက်နေ့ ၁၀၀၀အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်၊(၁၆)ရပ်ကွက်
နေ မသန္တာဝင်းထံသို့လှိုင်သာယာမြို့နယ်၊(၁၅)ရပ်ကွက်နေ ပထွေးတော်စပ်
သူ ဦးစိုးဝင်းနိုင် ရောက်ရှိလာပြီး မသန္တာဝင်း၏မိခင်ဖြစ်သူ ဒေါ်နွဲ့နွဲ့ဦး
(၅၅)နှစ်မှာ နှလုံးလေဟပ်၍ သေဆုံးသွား၍ သဂြုင်္ိဟ်တော့မည်ဖြစ်ကြောင်း
ကိုပြောပြခဲ့သဖြင့် ၎င်းမှ သဂြုင်္ိဟ်ခြင်းမပြုသေးရန်နှင့် မိခင်၏ရုပ်အလောင်း
အား လိုက်ကြည့်လိုသေးကြောင်းပြောကာ သွားရောက်ကြည့်ရှုခဲ့ကြောင်း၊ ထိုသို့သွားရောက်ကြည့်ရှုရာ မိခင်၏ရုပ်အလောင်းတွင် ပါးစပ်မှသွေးထွက်
လျက် ယာမျက်လုံး၊ ယာနားထင်၊ ၀ဲချိုစောင်းတို့၌ ဖူးရောင်ဒဏ်ရာများရရှိ ထားသည်ကိုတွေ့ရှိရ၍ ပတ်ဝန်းကျင်အားမေးမြန်းစုံစမ်းခဲ့ရာ ၃၁.၃.၂၀၁၄ ရက်နေ့ ညပိုင်းက မိခင်နှင့် ပထွေးဖြစ်သူ စိုးဝင်းနိုင်တို့(၂)ဦးသည် တစ်ညလုံးစကားများရန်ဖြစ်ကြပြီး မိခင်အား ပထွေးဖြစ်သူမှ ထိုးကြိတ်
ရိုက်ပုတ်နေခဲ့သည်ကို သိရှိရကြောင်းနှင့် ယင်းကဲ့သို့ မိခင်အား သေဆုံး
အောင်ပြုလုပ်သည့် ပထွေးဖြစ်သူ စိုးဝင်းနိုင် ကို အရေးယူပေးပါရန် တိုင်တန်းလာခဲ့ပါသည်။

ထိုသို့တိုင်တန်းချက်အရ လှိုင်သာယာမြို့မရဲစခန်း(ပ)၄၂၁/၂၀၁၄၊ ပြစ်မှု
ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူ စိုးဝင်းနိုင်၊ (၄၀)နှစ်၊ (ဘ)ဦးဝင်းနိုင် ကို ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်းသတင်းရရှိပါသည်။

Yangon Police 

ဆိုးလ်တာဝါမှာ ချစ်သူနှစ်ဦး နာမည်ထိုးထားတဲ့ သော့ခလောက်ချိတ်ဆွဲခဲ့တဲ့ စန္ဒီမြင့်လွင်


 တောင်ကိုရီးယားရှိ ချစ် သူစုံတွဲများပြုလုပ်လေ့ရှိသည့် သော့ခလောက်တွင် ချစ်သူနှစ်ဦး ၏ နာမည်ရေးထိုးကာ ဆိုးလ်တာ ဝါ၌ချိတ်ဆွဲခဲ့ကြောင်း စန္ဒီမြင့်လွင် က ပြောသည်။

‘‘ဆိုးလ်တာဝါမှာ ချစ်သူတွေ သော့ခလောက်လေးတွေမှာ နာမည်လေးတွေတွဲပြီး ချိတ်လေ့ ရှိတယ်။ တွဲပြီးချိတ်ရင် ခိုင်မြဲ တယ်ပေါ့။    သော့တံကတော့ ကိုယ့်ဆီမှာ သိမ်းထားတာပေါ့’’ဟု စန္ဒီမြင့်လွင်က ပြောသည်။

ဆိုးလ်မြို့တစ်မြို့လုံးကို    မြင်တွေ့နိုင်သည့်  ဆိုးလ်တာဝါပေါ် တွင် စုံတွဲများက ၎င်းတို့၏ နာမည်၊ ကဗျာများ၊ ဓာတ်ပုံများကို ချိတ်ဆွဲလေ့ရှိကြပြီး ထိုသို့ပြုလုပ်ခြင်းက ချစ်သူနှစ်ဦးကြားအချစ် ခိုင်မြဲမှု၊ သစ္စာစောင့်သိမှုပိုရသည် ဟု ယူဆကြသည်ဟု ဆိုသည်။

မတ်လ   ဒုတိယပတ်က ကိုရီးယားနိုင်ငံသို့ ဖျော်ဖြေရေး သွားရင်း ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ချစ် သူသက်တမ်းတစ်နှစ်နှစ်လရှိပြီ ဖြစ်သော စန္ဒီမြင့်လွင်တို့စုံတွဲ၏ မင်္ဂလာသတင်းကြားရန် အချိန် များစွာလိုသေးကြောင်း   စန္ဒီမြင့် လွင်က ပြောသည်။

‘‘ဒီအတိုင်းပဲ အလုပ်တွေ လုပ်ဦးမှာပါ။ လောလောဆယ် တော့ ဘာမှမရှိသေးပါဘူး။ မင်္ဂလာသတင်းဆိုတာ ကြိုပြော လို့မရတဲ့အရာတွေဆိုတော့’’ဟု စန္ဒီမြင့်လွင်က ပြောသည်။

‘‘ကလီယိုပက်ထရာ’’ဟု အမည်ပေးထားသော တတိယ တစ်ကိုယ်တော်အယ်လ်ဘမ်ကို လာမည့်မေလတွင် ထွက်ရှိနိုင်ရန် ပြင်ဆင်နေပြီး ဖြူဖြူကျော်သိန်း၊ ရန်ရန်ချမ်း၊ ဟဲလေး၊ အားတီတို့ ပါဝင်အား ဖြည့်ပေးထားသည်ဟု သိရသည်။

‘‘လောလောဆယ်တော့ စီဒီ အတွက်ကို လုံးပန်းနေရတာပေါ့။ အခွေသွင်းလိုက်၊ရှိုးပွဲသွားလိုက်၊ ဒီရက်တွေက ရှိုးပွဲတွေအရမ်းသွား နေရတော့ မအားဘူးလိုဖြစ်နေ တာ။ အခွေတောင်ပြီးပါ့မလား စိတ်ပူနေတာ’’ဟု ၎င်းကဆိုသည်။

ထိုအယ်လ်ဘမ်တွင် ဆိုနေ ကျပုံစံမျိုးမှ အနည်းငယ်ပြောင်း လဲထားသော အမိုက်စားသီချင်း များသာ ထည့်သွင်းမည်ဖြစ်ပြီး သီချင်းသီးသန့် မရေးသော်လည်းရက်ပ်(Rap)စာသားများပါဝင် ရေးသားထားကြောင်း ၎င်းက ပြောသည်။

7 Day Daily

April Fools Day နဲ့ အနုပညာရှင်တို့ ရင်ခုန်သံ


April Fools Day နေ့ကို ဧပြီလ ၁ရက်မှာ နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ ရှိပါ တယ်။ ဧပြီ ၁ ရက်နေ့က အမျိုး သားနေ့ မဟုတ်ပေမယ့် အဲဒီနေ့ ကို နိုင်ငံ အတော် များများက အသိ အမှတ်ပြုကြပြီး လက်ခံ ကျင်းပကြပါ တယ်။
April Fools Day နေ့ကို တစ်ဦး နဲ့ တစ်ဦး စနောက်ကြတဲ့ နေ့အဖြစ် သတ်မှတ် ထားပြီး ရယ်မောစရာ ကိစ္စ ရပ်တွေ ဖန်တီး ကာ နောက်ပြောင် ကြ ပါတယ်။ စာရေးဆရာ Chaucer ရဲ့ Conterbury ပုံပြင်မှ တစ်ဆင့် April Fools နေ့ဖြစ်လာတယ် လို့ အစော ပိုင်း မှတ်တမ်း များအရ သိရပါတယ်။ ၁၉ ရာစုနှောင်းပိုင်းနဲ့ ၂ဝ ရာစုအစော ပိုင်းက အီတလီ၊ ပြင်သစ်နဲ့ ဘယ်လ်ဂျီယံနိုင်ငံ က ကလေးတွေဟာ တစ်ယောက်ရဲ့ နောက်ကျောမှာ တစ်ယောက် ငါးရုပ် ကပ်ပြီး လှောင် ပြောင် ရယ်မောကြပါတယ်။ April Fools နေ့ ကို အနောက်နိုင်ငံတွေ မှာ ကျင်းပလေ့ ရှိပါ တယ်။ မြန် မာနိုင်ငံ မှာလည်း April Fools နဲ့ ပတ်သက် ပြီး အနုပညာရှင်တွေ အနေ နဲ့ ရင်ခုန် နောက်ပြောင် ကျီစားလေ့ ရှိပါတယ်။ ဒါကြောင့်လည်း ဒီနှစ် April Fools အစီအစဉ်တွေ နဲ့ ပတ်သက်ပြီး အနု ပညာရှင်တွေ ကိုမေးမြန်း တင်ဆက်လိုက်ပါတယ်။

ဖြိုးငွေစိုး-

“အစကတော့ April Fools Day နေ့မှာ မင်္ဂလာဆောင်မယ် ဆိုပြီး တစ် တိုင်းပြည်လုံးကို နောက်မယ် ဆိုပြီး စီစဉ်ထားတာ။ ဒါပေမဲ့ ပြီးတော့ ရက်ရွေးနေ ရင်းနဲ့ပဲ ကျွန်တော်က April လကိုကြိုက်တယ်။ အဲဒါနဲ့ April တစ်ရက်နေ့မှာဆောင်ဖို့ စိတ်ကူးရသွား တယ်။ ကျွန်တော် တစ်ခါမှလည်း April Fool နေ့မှာ မနောက် ဖူးပါဘူး။ အဲဒီ နေ့လေးမှာ အမှတ်တရဖြစ်ပြီး အားလုံး ပျော်ရအောင်ဆောင်ဖြစ်တာပါ”

ဟိန်းဝေယံ

“ဧပြီ ၁ရက်နေ့ ဧပရယ်ဖူးလ် နေ့ကိုတော့ တစ်ခါမှတော့ ဘယ်သူ ကိုမှ မနောက်ဖူးဘူး။ ကိုယ်တိုင် လည်း အနောက် မခံဖူးဘူး။ ဒီနှစ်မှာ လည်း အဲဒီနေ့မှာ အနောက်မခံရ အောင်နေမှာပါ။ ဘာဖြစ်လို့လဲ ဆို တော့ ဧပရယ်ဖူးလ် ဆိုတာ သိနေပြီ လေ။ အဲဒီနေ့ကို သတိမထားဘဲ မေ့ နေတဲ့သူတွေကို နောက်တာက ပိုကောင်း တယ်လို့ ထင်ပါတယ်”

ကျော်ထွဋ်ဆွေ

- “April Fools Dayဆိုတာက တော့ အရူးထတာပေါ့ဗျာ။ ကျွန်တော် တို့ဆိုလည်း သူငယ်ချင်းတွေ တစ်ယောက် နဲ့တစ်ယောက်စတာမျိုး ရှိပါတယ်။ April Fool Day မှာချစ်သူ ခင်သူတွေ တစ်ယောက်နဲ့တစ် ယောက် အချစ်စမ်းတဲ့ အနေနဲ့ပျော်ပျော် ရွှင် ရွှင်စနိုင်ပါစေ။ အရူးထနိုင်ပါစေဗျာ”

နီနီခင်ဇော်

“အမှတ်တရတော့ မရှိဘူး။ ဒီနှစ် တော့ သူငယ်ချင်းတွေကို နောက်ဖို့ စဉ်းစားထားတယ်။ နီနီ ၁ဝတန်းလောက် အထိ April Fools Day က ဘယ်နေ့မှန်း မသိဘူး။ တက္ကသိုလ် ရောက်တော့မှ April Fools Day က ဘယ်နေ့ဆိုတာ သိတာ။ စသိတဲ့ အချိန်မှာ တစ်ယောက် နဲ့တစ် ယောက်စကြတယ်။ နီနီ ကိုလည်း စကြ တယ်။ ဖုန်းထဲကို မက်ဆေ့ခ်ျတွေ ဝင်လာတယ်။ ကိုယ်က အဟုတ်ထင် နေတာ။ နောက်တော့မှ အဲဒါ April တဲ့ အဲဒါလေးတွေတော့ ရှိပါတယ်”

Popular Journal 

ကားများတွင်မကြာမီတပ်ဆင်နိုင်တော့မည် မျက်နှာပေါ်ရှိစိတ်ခံစားမှုအားသိရှိနိုင်မည့်စနစ်


မကြာသေးမီက ယာဉ်မောင်းသူများ၏ ကားမောင်းနေစဉ် အတွင်းဖြစ်ပေါ်နေမည့် မျက်နှာပေါ်ရှိ စိတ်ခံစားမှုများအား ထောက်လှမ်းသိရှိနိုင်မည့် အာရုံခံစနစ်တစ်ခုကို တီထွင်နိုင်ခဲ့ကြောင်း သိရှိရပါသည်။
ထိုစနစ်ကို တီထွင်ခဲ့ရခြင်း၏ ရည်ရွယ်ချက်မှာ ယာဉ်မောင်းသူ အနေဖြင့် မည်သည့်စိတ်ခံစားမှုကို ဖြစ်ပေါ်နေကြောင်း မိမိတို့ကိုယ်တိုင် မောင်းနှင်နေသော ကားမှ ပြန်လည်ဖော်ပြပေးခြင်းကို သိရှိခြင်းဖြင့် ယာဉ်မတော်တဆမှုများ ဖြစ်ပေါ်ခြင်းကို လျော့ချနိုင်စေရန် ဖြစ်ပါသည်။
ယနေ့ခေတ်တွင် မျက်နှာပြင်ဖတ်ရှုခြင်းဆိုင်ရာနှင့် ပတ်သက်၍ နည်းပညာနှင့် ဆော့ဖ်ဝဲလ် ပေါင်းစပ်ပြီး သုတေသနပြုလုပ်ဆောင်လျက်ရှိလာကြရာ Swiss Federal Institude of Technology-EPFL ၏ Signal Processing5 Laboratory ရှိ မျက်နှာပြင်အား ခွဲခြမ်းစိတ်ဖြာ လေ့လာခြင်း ဆိုင်ရာ ကျွမ်းကျင်သူများမှ ကားစက်ရုံများအတွက် ယခုစနစ်ကို တီထွင်ခဲ့ကြ ခြင်းလည်း ဖြစ်ပါသည်။

ယာဉ်မောင်းအများစုအနေဖြင့် ဒေါသဖြစ်ခြင်းမှ ယာဉ်မတော်တဆမှုများ ဖြစ်ပေါ်လာလေ့ ရှိပါသည်။ ယခုတီထွင်ခဲ့သော စနစ်တွင် မျက်နှာပြင်ကို ဖတ်ရှု၍ စိတ်ခံစားမှုကို ဖော်ပြပေးနိုင်မည့် တစ်ကမ္ဘာလုံးနှင့် တူညီသောပုံစုံ ခုနှစ်မျိုးထည့်သွင်းပေးထားမည် ဖြစ်ပြီး ၄င်းတို့မှာ ကြောက်ရွံခြင်း၊ စိတ်ဆိုးခြင်း၊ ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်း၊ စိတ်ပျက်ခြင်း၊ အံသြခြင်း နှင့် မင်္သာခြင်းစသည့် အချက်များကို ထည့်သွင်း ဖော်ပြထားပါသည်။

ထိုသို့ သိရှိခြင်းကြောင့် ကျွန်ုပ်တို့ ယာဉ်ကို မောင်းနှင်နေသော ဖြစ်ပေါ်နေမည့် စိတ်ခံစားမှုကို ယာဉ်မှ ပြန်လည်ဖော်ပြပေးခြင်းဖြင့် ကျွန်ုပ်တို့၏ စိတ်ကို ပြုပြင်ထိန်းသိမ်းနိုင်မည်ဖြစ်သလို ၄င်းအချက်ကြောင့်လည်း ယာဉ်မတော်တဆမှုများ လျော့နည်းလာနိုင်မည် ဖြစ်ပါသည်။

မျက်နှာပေါ်ရှိ ဖြစ်ပေါ်နေသော စိတ်ခံစားမှုအား သိရှိအောင် လုပ်ဆောင်ရသည့် စနစ်သည် သာမန်လွယ်ကူသော အလုပ်တစ်ခုတော့ မဟုတ်ပေ။ လူသားများအနေဖြင့် စိတ်ခံစားမှုများအား မဲ့ခြင်း၊ ပြုံးခြင်းဖြင့် ပြသနိုင်သလို နုတ်ခမ်းရွဲ့ခြင်း၊ မျက်တောင်မှေးခြင်းဖြင့်လည်း အမူအရာကို ပြသနိုင်ပေသည်။ ဆက်လက်၍ သုတေသနသမာများအနေဖြင့် အသံကိုခွဲခြားခြင်းများ၊ နုတ်ခမ်းကို ဖတ်ရှုအာရုံခံခြင်း စနစ်များကို လုပ်ဆောင်သွားရန် အစီအစဉ်ချမှတ်ထားကြောင်း သိရှိရပါသည်။

Ref:wired
WorldWide(BMSTU)

Kidneys ကျောက်ကပ်ကို ကိုယ်တိုင်စောင့်ရှောက်ခြင်း


(၁) ဆရာ ကျေးဇူးပြုပြီး ကျောက်ကပ်ကျောက်အကြောင်းလေး တင်ပေးပါခင်ဗျာ။
(၂) ကျောက်ကပ်အကြောင်းလေးသိချင်လို့ပါဆရာ။ သူ့ကျောက်ကပ်က efficiency ကျနေပြီး၊ ဆရာဝန်က ကျောက်ကပ် သက်တမ်းက နောက် ၁ဝ နှစ်လောက်ထိပဲ ရတော့မယ်လို့ ပြောပါတယ်။ သူကတော့ စိတ်ဓါတ်ကျပြီင်္း အိမ်လည်းမပြောဘူး၊ ဆေးလည်းမကုဘူး ဒီတိုင်းပဲပေနေပါတယ်။ အသက်က ၃ဝ ကျော် ယောက်ကျားလေးပါ။ အစားထိုးကုဖို့မလွယ်ဘူး၊ ကုလည်းမကုချင်ဘူးပြောပါတယ်။ တစ်ခြား ဘယ်လိုနည်းလမ်းများရှိမလဲ သိချင်ပါတယ်။ ဆေးသောက်ယုံနဲ့ ကျောက်ကပ် အချိန်တိုတိုအတွင်းမှာ ပျက်စီးမသွားအောင်ရော ထိန်းလို့ရပါသလား။ ဘာတွေစားပြီး ဘယ်လိုနေထိုင်စားသောက်ရမလဲ သိချင်ပါတယ်ဆရာ။

လူတွေမှာရှိတဲ့ ကောင်းနေတဲ့ ကျောက်ကပ်နှစ်လုံးက စစ်ထုတ်ပေးနေတာဟာ အသက် ၃ဝ-၄ဝ ကျော်လာတာနဲ့ လျော့နည်း ကျဆင်းလာတယ်။ နောက်ထပ် ၁ဝ နှစ်ရှိတိုင်း ၁ဝ% ကျလျော့လာတယ်။ အဲဒီဇရာဖြစ်စဉ်ကို ကိုယ်တိုင် ဆင်ခြင်ပြီး ကျောက်ကပ်ကို ရောဂါတွေမရစေအောင် ထိန်းသိမ်းနိုင်ကြပါတယ်။

၁။ Manage diabetes, high blood pressure and heart disease ဆီးချို၊ သွေးတိုးနဲ့ နှလုံးရောဂါတွေရှိနေရင် စနစ်တကျ ဆေးဝါး + အစားအသောက် + လူနေမှုပုံစံ ပြုပြင်နေပါ။ ကျောက်ကပ်ရောဂါ အများစုဟာ မူရင်းရောဂါတခုခု ဥပမာ ဆီးချို၊ နှလုံးရောဂါ နဲ့ သွေးတိုးကနေဆက်ဖြစ်တယ်။ ထိန်းရမှာတွေကတေ့ သကြားဓါတ်၊ (ကိုလက်စထော) နဲ့ ဆားဖြစ်တယ်။ ရောဂါရှိနေရင်တော့ သက်ဆိုင်ရာဆေးတွေကိုလဲ ပုံမှန်သောက်နေရမယ်။

၂။ Reduce the intake of salt ဆား (ဆိုဒီယမ်) လျော့ပါ။ သွေးတိုးတက်စေတယ်။ ကျောက်ဖြစ်ဘို့ အလားအလာ ရှိတယ်။

၃။ Drink lots of water every day ရေကိုနေ့တိုင် သောက်နိုင်သမျှသောက်ပေးပါ။ ကိုယ်ထဲကအဆိပ်အတောက်တွေကို ဆီးထဲစွန့်ထုတ်ပေးတဲ့အလုပ်ကို အထောက်အကူရစေမယ်။ သွေးထုထည်ကိုလဲ မနည်းစေဘဲ၊ သွေးစေးပျစ်တာကိုလဲ ကာကွယ်ရာကျတယ်။ အစာချေတာကိုလဲ ကူညီမယ်။ ကိုယ်အပူချိန်လဲ ထိန်းထားပေးမယ်။ တနေ့ ရေ (၁ဝ) ခွက် သောက်ပါ။

၎။ Don’t resist the urge to urinate ဆီးသွားချင်လာရင် အောင့်မထားပါနဲ့။ သွေးကိုစစ်ထုတ်မှု လုပ်ရာကနေ ဆီး ဖြစ်လာတယ်။ ဖြစ်လာတဲ့ဆီးကို ဆီးအိမ်ထဲမှာသိုလှောင်ထားတယ်။ ဆီးအိမ်တင်းလာရင် ဆီးသွားချင်လာမယ်။ ဆီးအိမ်က ဆီတွေအများကြီးဆန့်ပေမဲ့ ၁၂ဝ-၁၅ဝ စီစီရှိလာတာနဲ့ ဆီးသွားချင်စိတ်ဖြစ်လာမယ်။ အဲဒီအခါ ဆီးသွားလိုက်ပါ။

၅။ Eat right အစားအသောက်မှန်ကန်ပါစေ။ ပြုပြင်စီမံထားတဲ့၊ ဆိုင်မှာအလွယ်ရအစားအသောက်တွေ၊ Junk food ခေါ် ခေတ်ပေါ်အစားအသောက်တွေ၊ ပိုးသတ်ဆေး၊ ဟော်မုန်းဆေးသုံးပြီး စိုက်ထား၊ မွေးထားတဲ့ အသားနဲ့ အသီးအရွက်တွေဟာ ကျန်းမာရေးနဲ့ မညီညွတ်ပါ။ ငါး၊ ကညွတ်၊ အစေ့အဆံတွေ၊ ကြက်သွန်ဖြူ၊ စတာတွေသင့်တယ်။

၆။ Drink healthy beverages သောက်စရာရွေးပါ။ လတ်ဆတ်တဲ့ အသီးဖျော်ရည်တွေသောက်ပါ။ ကော်ဖီ၊ အရက်၊ ကေဖင်းပါဖျော်ရည်တွေ ရှောင်ပါ။ (အောက်ဇဲလစ်အက်စစ်) ပါတာမျာတဲ့ ဟင်းနုနွယ်ရွက်၊ မရမ်းရောင်မုံလာဥ၊ မသင့်ပါ။ ကျောက်ဖြစ်စေနိုင်တယ်။ အုန်းရည်ကောင်းတယ်။

၇။ Avoid alcohol and smoking အရက်နဲ့ ဆေးလိပ်ဖြတ်ပါ။ အရက်ကနေ ဓါတ်ဆားအချိုးအဆကို ပြောင်းစေတယ်။ ကျောက်ကပ်ကို သက်ရောက်စေမဲ့ ဟော်မုန်းကိုလဲ ပြောင်းလဲစေတယ်။ ဆေးလိပ်ကနေ ကျောက်ကပ်ကို တိုက်ရိုက် မသက်ရောက်ပေမဲ့ ကျောက်ကပ်အလုပ်ကို နှေးစေတယ်။ တခြားရောဂါရလာရင် ပိုဆိုးစေမယ်။

၈။ Exercise daily ကိုယ်လက်လှုတ်ရှားမှု ပုံမှန် (နေ့စဉ် ဒါမှမဟုတ် တပါတ်မှာ ၅ ရက်) လုပ်ပါ။ ကိုယ်အလေးချိန်များတာ ကျောက်ကပ်အတွက်လဲ မကောင်းစေပါ။

၉။ Avoid self medication ဆေးကို ကိုယ်ကြိုက်သလိုသောက်တာ မလုပ်ပါနဲ့။ ဆေးတွေကို များသောအားဖြင့် ကျောက်ကပ်ကနေ စစ်ထုတ်ပေးနေတယ်။ ဆေးအဆ (အလေးချိန်)၊ ဘယ်လောက်ကြာကြာသောက်မယ်ဆိုတာကို စနစ်တကျသိထားပြီး လိုက်နာပါ။

၁ဝ။ Think before you take supplements and herbal medicine အားဆေးတို့ ဟာဗယ်ဆေးတို့သုံးချင်ရင် နှစ်ခါပြန် စဉ်းစားပါ။ ဗီတာမင် များတာကအစ မသင့်ပါ။

ဒေါက်တာတင့်ဆွေ
၁၅-၃-၂ဝ၁၄
၁-၄-၂ဝ၁၄

Kidney stones ကျောက်ကပ်-ကျောက်


• ဆရာဝန် သမီးကျောက်ရှိတယ်။့ နယ်၊့။
• ကျောက်က ဘယ်မှာ၊ အသက်ကဘယ်လောက်၊ ဘာသိချင်ပါသလဲ။
• အသက် ၃၅ လွန်ခဲံတဲ့ ၂၉၊့ နိုင်ငံမှာ ထုတ်ပြီး၊ အခုပြန်ရှိတယ် ဆရာ။
• ပြန်ဖြေတာထဲ ကျောက်ဘယ်မှာလဲ မသိရသေးပါ။ ကျောက်ကပ်ကျောက်က အဖြစ်များလို့၊ ရေးထားတာကို ပို့လိုက်ပါမယ်။

ဘာလို့ ကျောက်ကပ်မှာ ကျောက်တည်သလဲ။ တခုထဲလဲ မဟုတ်၊ တိတိကျကျလဲ ပြောမရပါ။ ဆီးထဲမှာ အရည်၊ ဓါတ်ဆား နဲ့ (အက်စစ်) ဓါတ်တွေဟာ ဖြစ်သင့်တာတွေ မဖြစ်ရာကနေ ဖြစ်တယ်။ ပုံမှန်ဆိုရင် ဆီးထဲက ပုံဆောင်ခဲ အချင်းချင်း ကပ်တွယ်ပြီး ကျောက်ဖြစ်မှာကို တားနိုင်တဲ့ သတ္တိ ရှိနေတယ်။

ဆောင်ရန်-ရှောင်ရန်များ
• ရေကို တနေ့မှာ ၂ လီတာ ၂ လီတာခွဲ သောက်ပါ။ ရေဓါတ်နည်းတာ မကောင်းပါ။ ဒီလိုလူမျိုး ဝမ်းလျောရင် ရေများဘို့ ပိုသတိထားပါ။ နိုင်အောင် မသောက်နိုင်ရင် Drip သွင်းပါ။
• Renal tubular acidosis, Dent's disease, Hyperparathyroidism, Primary hyperoxaluria and Medullary sponge kidney ရောဂါတခုခုရှိနေရင် ကျောက်ဖြစ်စေမဲ့ Calcium oxalate crystals တွေဖြစ်စေမယ်။
• Crohn's disease ရောဂါရှိနေသူတွေမှာ ပိုများတာ တွေ့ရတယ်။ ကျောက် ပြန်ဖြစ်သူတွေမှာ ဒါတွေပါရှိနေ-မနေ စစ်ရမယ်။
• ရေထဲက Fluoridation ကြောင့်လဲ အဖြစ်များစေနိုင်တယ်။ ရေကောင်း-ရေသန့် သောက်ပါ။
• ဗီတာမင် ဒီ များရင်လဲ ဖြစ်စေတယ်လို့ ၁၉၉၈ Archives of Internal Medicine က ဆိုတယ်။
• ဖို-မဆက်ဆံတာ Causal relationship ကြုံရာနဲ့ စခန်းသွားတဲ့ အကျင့်ကလဲ ဖြစ်မလားလို့ ပြောကြသေးတယ်။
• American Urological Association က ကမ္ဘာကြီး ပူနွေးလာတာကို ထောက်ပြသေးတယ်။
• Hypercalciuria သွေးထဲမှာ (ကယ်လ်စီယမ်) များနေသူ ပိုဖြစ်တယ်။ (ကယ်လ်စီယမ်) များတဲ့အစာ လျော့စားပါ။
• ဆီးလမ်း ပိုးဝင်တာ စောစော သေခြာ ကုသပါ။
• Thiazides, Potassium citrate, Magnesium citrate ဆေးတွေကို သတိထားသောက်ပါ။
• သံပုရာရည်၊ လိမ်မော်ရည် ဖျော်ရည်တွေ သောက်တာ ကောင်းတယ်။
• Beer ကိုလဲ သက်သာတယ်ပြောတယ်။ စပျစ်ရည်လောက်တော့ မကောင်းပါ။
• (ကိုကာကိုလာ)၊ (ကေဖင်း) ပါအရည်၊ အချို့အရည်တွေလဲ မသင့်ပါ။
• အသား (ပရိုတင်း) နဲ့ ဆား လျော့စားပါ။
• သကြားဓါတ်များတာ မကောင်းပါ။
• ဟင်းနုနွယ်ရွက် မတည့်ပါ။ Calcium နဲ့ Oxalates များတဲ့ ဟင်းနုနွယ်ရွက်နဲ့ ခရမ်းချဉ်သီး ရောမချက်သင့်ဘူးလို့ တောင်အာရှမှာ ပြောစမှတ် ရှိတယ်။
• Potassium citrate ဆေးကို ကျောက်ဖြစ်မှာ ကာကွယ်ဘို့သုံး နိုင်ပါတယ်။ စားဆေးနဲ့ အရည်လာတယ်။ ဆီးရဲ့ pH များစေပြီး အက်စစ်ဓါတ် နည်းစေတယ်။
• သွေးတိုး ကျဆေးထဲက Calcium channel blockers (Nifedipine) နဲ့ Alpha blockers (Tamsulosin) ဆေးတွေက ကျောက်ရှိနေသူတွေအတွက်ပါ အသုံးကျတယ်။ ကျောက်ရှိနေရင် ကျစေတယ်။
• Allopurinol (Zyloprim) ဂေါက်ရောဂါဆေးက အကျိုးများစေတယ်။
• ဆီးသွားချင်တာကို အောင့်မထားပါနဲ့။
• အသက် ၂ဝ-၄၉ အတွင်းအဖြစ်များလို့ ကြီးလာရင်သက်သာတယ်။

Treatment စနစ်တကျ ဘယ်လိုကုသမလဲ
(၁) Extracorporeal Shock Wave Lithotripsy (ESWL) (ရှော့ခ်) လှိုင်းသုံးခွဲစိတ်ကုသနည်း
Ultrasound waves (အာလ်ထွာဆောင်း) သုံးတယ်။ တုန်ခါမှုကနေ ကျောက်ကို ချေဖျက်ပေးမယ်။ သေးသေးလေးတွေက ဆီးထဲမှာပါလာလိမ့်မယ်။ နာမယ်။ ထုံဆေးနဲ့လုပ်ရတယ်။ ကျောက်က ဆီးပြွန်ထဲမှာ ပိတ်မိနေရင် Ureteroscope ကရိယာသုံးမယ်။

(၂) Ureterorenoscopy ယူရစ်တရိုကရိယာသုံးခွဲစိတ်ကုသနည်း
ကျောက်က ဆီးပြွန်ထဲမှာ ပိတ်မိနေရင် လုပ်နိုင်တယ်။ Ureteroscope ကရိယာသုံးတယ်။ ကျောက်တွေ့ပြီဆိုရင် Specialized instrument အထူးကရိယနဲ့ဖြစ်ဖြစ် Laser beams လေဆာနဲ့ဖ်ြစဖြစ် ကျောက်ကိုခွဲထုတ်မယ်။

(၃) Percutaneous Nephrolithotomy (PCNL) အရေပြားကနေခွဲနည်း
ကျောက်က သိပ်ကြီးနေရင် လုပ်တယ်။ နောက်ကျော်ဘက်မှာ ဒါးရာပေးတယ်။ Nephroscope ကရိယာလေးသုံးမယ်။ ကျောက်ကိုသေးအောင်လုပ်ပေးပြီး ထုတ်မယ်။ Laser လေဆာဖြစ်ဖြစ် Pneumatic energy လေအားသုံးပြီးဖြစ်ဖြစ် သုံးတယ်။

(၄) Open Surgery သမားရိုးကျခွဲစိတ်နည်း
ခုခေတ်မှာ ဒီနည်းသုံးတာနည်းလာပြီ။ တခြားနည်းတွေနဲ့မရအောင် သိပ်ကြီးနေရင်တော့ လုပ်ရမယ်။ ကရိယာမရှိတဲ့ နေရာတွေမှာလဲ လုပ်ပါသေးတယ်။

Dr. တင့်ဆွေ

ဆန္ဒပြသူတွေကြောင့် ပြည်သူတွေရဲ့ လွတ်လပ်မှု မထိခိုက်ဖို့လို

မိကျောင်းကန် မြေသိမ်းခံရမှုကြောင့် သပိတ်စခန်းဖွင့်လှစ် ဆန္ဒပြခဲ့ကြစဉ်

ဆန္ဒပြသူတွေအနေနဲ့ မိမိတို့ဆန္ဒကို လွတ်လပ်စွာထုတ်ဖော်ခွင့်ရှိပေမယ့် တခြား ပြည်သူတွေ့ရဲ့ လွတ်လပ်မှုကို အနှောက်အယှက် မဖြစ်စေဖို့နဲ့ စည်းကမ်းရှိရှိ ဆန္ဒထုတ်ဖော်ကြဖို့ လိုတယ်လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ တာမွေမြို့နယ်တွင်းက လူများသွားလာနေတဲ့ လမ်းဘေးပလက်ဖောင်းပေါ်မှာ လနဲ့ချီ ဆန္ဒဖော်ထုတ်နေတဲ့ မြေသိမ်းခံရသူတွေကို ရဲလုံခြုံရေးတာဝန်ရှိသူတွေက ဒီကနေ့ မနက်ပိုင်းက မြို့တော်ခန်းမမှာ ခေါ်ယူဆွေးနွေး ပြောဆိုလိုက်တာပါ။

ဆန္ဒပြသူတွေကြောင့် အများပြည်သူတွေရဲ့လွတ်လပ်ခွင့်တွေကို ထိပါးမှု ရှိနေတဲ့အကြောင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနက ဗိုလ်မှူးကြီးတင်ဝင်းက အခုလိုပြောသွားပါတယ်။
“လမ်းဘေး ဆန္ဒပြနေကြတယ်။ ဒီဆန္ဒပြနေတဲ့ နေရာတ၀ိုက်မှာရှိတဲ့ ပြည်သူလူထုအတွက်ကို ပြန်စဉ်းစားပေးဖို့ လိုမှာဖြစ်ပါတယ်။ ကနေ့ ပြည်သူလူထုများဟာ ကိုယ့်အိမ်ရှေ့မှာ နေ့စဉ်နဲ့အမျှ ဆန္ဒပြ အော်ဟစ်နေကြတယ်။ နောက်တခုက အလေးအပေါ့တွေ စွန့်စွန့် သွားကြတယ်။ ဒီပြည်သူလူထုအနေနဲ့ အများကြီး အနှောက်အယှက်ဖြစ်ပါတယ်။ မိမိဆန္ဒကို ဖော်ထုတ်သော်လည်းပဲ တခြားသူရဲ့ လွတ်လပ်ခွင့်ကို သွားပြီး အနှောက်အယှက်ဖြစ်လို့ မရပါဘူး။”
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲမှူးချုပ် သူရဘိုနီကလည်း မိမိတို့ရဲ့အခက်အခဲနဲ့ မိမိတို့ရဲ့ဆန္ဒတွေကို တင်ပြတဲ့အခါမှာ စည်းကမ်းတကျ ဆန္ဒပြတာဟာ အကောင်းဆုံးဖြစ်တယ်လို့ အခုလိုပြောပါတယ်။

“ကျနော်တို့ နိုင်ငံရဲ့ သွားတဲ့လမ်းကြောင်းဟာ ဒီမိုကရေစီ လူ့အသိုင်းအ၀ိုင်းနဲ့ နိုင်ငံတကာ အဆင့်နဲ့ ညီအောင် ဆောင်ရွက်လာတဲ့အခါမှာ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ဆွေးနွေးခွင့်၊ နောက်တခုက မိမိဆန္ဒကိုလည်း ခွင့်ပြုချက်နဲ့ တင်ပြနိုင်ခွင့်ကို ခွင့်ပြုချက်နဲ့ တင်ပြနိုင်ခွင့်ကို ပြုလာခဲ့တဲ့ အခြေအနေဖြစ်လာပါတယ်။ ပြည်သူလူထုများအနေနဲ့ မိမိတို့ရဲ့ အခက်အခဲများ မိမိတို့တင်ပြချင်တဲ့ဟာများကို တင်ပြတဲ့အခါမှာ စည်းကမ်းတကျလုပ်တဲ့စနစ်ကို ပြုလုပ်တာက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံးဖြစ်ပါတယ်။”

တာမွေမြို့နယ်မှာရှိတဲ့ မြန်မာဂုဏ်ရောင်အိမ်ရာဝန်းက အိမ်ခြေ ၇၇၀ ကို ရေတပ်စစ်တန်းလျား ဆောက်ရန်အတွက် ၁၉၉၄ ခုနှစ်က ဖယ်ရှားခဲ့ပြီးနောက်ပိုင်းမှာ ဝါဝါဝင်းကုမ္ပဏီက အိမ်ရာ စီမံကိန်း ဆောက်လုပ်ခဲ့တာပါ။

အခု အစိုးရသစ်ပြောင်းချိန်မှာ ဒီမြေသိမ်းမှုကြောင့် ဆုံးရှုံးခဲ့ရမှုအတွက် လျော်ကြေးပေးဖို့ မူလမြေပိုင်ရှင်တွေက နှစ်လကျော်ဆန္ဒပြအပြီး အစိုးရတာဝန်ရှိသူတွေ့က အခုလို ခေါ်ယူ ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဆန္ဒပြသူတွေ့ဘက်တော့ အစိုးရတာဝန်ရှိသူတွေက တစုံတရာရှင်းပေးခြင်း မရှိတဲ့အတွက် ခုလို ရက်ရှည်လများ ဆန္ဒပြနေတာဖြစ်တယ်လို့ ဒေါ်လုံမက ပြောပါတယ်။
“ကျမတို့က နေပူခံပြီးတော့ အသနားလာခံတာ အဆင့်ဆင့်တင်ပြခဲ့ပြီးပြီ။ ၂၂ ရက် ၃ လပိုင်း ၂၀၁၄ ခုနှစ်က ဦးအောင်သိန်းလင်းက ကျမတို့ဆီလာတယ်။ ဦးအောင်သိန်းလင်းက လွှတ်တော်ပြီးရင် ရုံးကို ခေါ်ပြီး ညှိနှိုင်းပေးပါ့မယ်ဆိုပြီး မညှိနှိုင်းပါဘူး။ မတ်လ ၃၀ ရက်နေ့ကလည်း သမ္မတကြီးလက်ထဲကို စာပေးခဲ့ပါတယ်။ ကျမတို့က အသနားခံတာပါ။ ကိုယ့်ရသင့် ရထိုက်တဲ့ အခွင့်အရေးကို အသနားခံတာပါ။ နိုင်ငံတော်က အဆုံးအဖြတ်ပေးတဲ့ အဖြေကိုပဲ ကျမတို့ နာခံတာပါ။”

ရဲတပ်ဖွဲ့တာဝန်ရှိသူတွေကတော့ ယခင်အစိုးရလက်ထက်က ဖြစ်ခဲ့တဲ့ ကိစ္စတွေ့ကို အစဖော် ဖြေရှင်းဖို့ အခက်ခဲရှိပြီး သက်ဆိုင်ရာက အထောက်ထားတွေ့နဲ့ ဖြေရှင်းပေမယ့်အကြောင်း ထိုက်တန်တဲ့ လျှော်ကြေးရရှိတဲ့အထိ ကုမ္ပဏီနဲ့ ဆွေးနွေး ပေးမည်ဖြစ်ပြီး ဆန္ဒပြသူတွေ့အတွက် ဆန္ဒပြဖို့ နေရာတွေကိုလည်း သတ်မှတ်ပေးသွားမယ်လို့ ပြောကြားသွားပါတယ်။

ဒီကနေ့ အာဏာပိုင်တွေနဲ့ တွေဆုံအပြီးမှာတော့ မြန်မာဂုဏ်ရောင်အိမ်ရာက ဆန္ဒပြသူတွေ့ဟာ သပိတ်စခန်းကို ပိတ်သိမ်းပြီး မိမိတို့ နေထိုင်ရာ ဒဂုံဆိပ်ကမ်းမြို့နယ်ကို ပြန်ဖို့ ဆုံးဖြတ်ထား တယ်လို့လည်း သိရပါတယ်။

DVB Burmese

မိကျောင်းကန် သပိတ်စခန်း ဒုတိယအကြိမ် ဖြိုခွဲခံရမှု လူ ၃၀ ခန့် ဒဏ်ရာရ


ရန်ကုန်၊ မတ် ၃၁

ရန်ကုန်မြို့လယ် မြို့တော်ခန်းမအနီး မဟာဗန္ဓုလပန်းခြံဘေးတွင် လူ ၂၅၀ ခန့်ဖြင့် ဆန္ဒထုတ်ဖော်နေသည့် မိကျောင်းကန် သပိတ်စခန်းကို မတ်လ ၃၁ ရက်နေ့ နံနက် ၃ နာရီခန့်က (လူအများ နှစ်ခြိုက်စွာ အိပ်မောကျနေချိန်) စည်ပင်ဝန်ထမ်းနှင့် အရပ်ဝတ်ဖြင့် လက်မောင်းတွင် တာဝန် အမှတ်တံဆိပ်ပါ လက်မောင်းပတ် တပ်ဆင်ထားသူ အပါအဝင် စုစုပေါင်း လူအင်အား ၄၀၀ ခန့်က သပိတ်စခန်းကို ဒုတိယအကြိမ် ဖြိုခွဲခဲ့ရာ ဆန္ဒထုတ်ဖော်နေသူ လူ ၃၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း သပိတ်စခန်းမှ ဆန္ဒထုတ်ဖော်သူများက The Voice သို့ ပြောကြားသည်။

သပိတ်စခန်း ဖြိုခွဲသူများမှာ သစ်သားတုတ်၊ ဝါးရင်းတုတ်၊ အုတ်ခဲများ ကိုင်ဆောင်ပြီး ရှေ့နောက်ပိတ်ကာ သပိတ်စခန်း ဖွင့်ထားသော ယာယီမြေစိုက် အမိုးအကာ ဝါးလုံးများကို ဆွဲဖြုတ်ခြင်း၊ ဆန္ဒထုတ်ဖော်သူ များကို နှစ်ဖက်ဝါးလုံးဖြင့် ညှပ်ကာ တရကြမ်းဆွဲခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ယင်းကဲ့သို့ သပိတ်စခန်း ဖြိုခွင်းမှုကြောင့် ဝါးလုံးဖြင့် ရိုက်မိခြင်း၊ ဝါးရှခြင်း၊ ချော်လဲခဲ့သဖြင့် ဒဏ်ရာရခဲ့သူ ၃၀ ခန့်အနက် လက်ကျိုးသူ၊ နှလုံးရောဂါအခံကြောင့် မေ့လဲသူ ကိုးဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ဆန္ဒပြသူများထံမှ သိရှိရသည်။

“နောက်ကတွန်း ရှေ့ကဆွဲဆိုတော့ ဝါးတွေ ပိုက်တွေနဲ့ ရှုပ်ပြီး လူတွေ ဝုန်းခနဲဆိုပြီး ပါသွားတာ ငါးတွေ ပိုက်ထဲ ပါသွားသလိုပဲ။ ပလက်ဖောင်းပေါ်ကနေ ဟိုဘက်ကားလမ်းထိ ပါသွားတာ။ ဝါးလုံးတွေကို ကောက်ယူသလိုမျိုး ပုံစံနဲ့ ဝါးနဲ့ လူတွေကို ညှပ်ပြီး မသိမသာနဲ့ သပိတ်စခန်းက လူတွေကို အသားနာအောင် တမင်လုပ်တယ်” ဟု မိကျောင်းကန် သပိတ်စခန်းမှ ဆန္ဒထုတ်ဖော်သူ အသက် ၅၀ အရွယ် ဒေါ်ခင်ဆွေက ဆိုသည်။

နိုင်ငံတော်အစိုးရသည် ပြည်သူက ရွေးချယ်တင်မြှောက်ထားခြင်း ဖြစ်သည့် အတွက် လက်နက်၊ အင်အားအသုံးပြု၍ ပြည်သူကို အကြမ်းဖက်နည်းဖြင့် မဖြေရှင်းသင့်ကြောင်း၊ အကြမ်းဖက်နည်း အသုံးမပြုဘဲ ပြည်သူများကို ရင်ဝယ်သားကဲ့သို့ သဘောထား စောင့်ရှောက် ညှိနှိုင်းဆွေးနွေးသင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

“ရန်ကုန်မှာ စည်ပင်ဥပဒေနဲ့ မညီတဲ့နေရာတွေ လက်ညှိုးထိုးမလွဲ ရှိနေတာကို ဘာ့ကြောင့် သပိတ်စခန်းကိုမှ ရွေးပြီး လုပ်ရသလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေတယ်။ လူအများ အိပ်မောကျချိန်ကြီးမှာ ဒီလို မလုပ်သင့်ပါဘူး။ ဥပဒေမှာလည်း မရှိပါဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ဆိုသည်။

သပိတ်စခန်းကို အမိုးအကာများ ဆောက်လုပ်ရာတွင် ကျပ်ခုနစ်သောင်းခန့် ကုန်ကျပြီး နှစ်ကြိမ်တိုင်တိုင် အမိုးအကာများ အဖျက်ခံရသောကြောင့် လည်းကောင်း၊ အမိုးပြုလုပ်၍ ငွေအင်အား မတတ်နိုင်သဖြင့် လည်းကောင်း သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးအတွက် ဝါးလုံးတိုင်ထောင်၍ ယာယီအမိုးသာ မိုးထားပြီး ညပိုင်းတွင် အမိုးများ ပြန်ဖြုတ်မည် ဖြစ်ကြောင်း သပိတ်စခန်း ဦးဆောင်သူ ဦးစိန်သန်းက ပြောကြားသည်။

မတ်လ ၂၄ ရက်နေ့တွင် စတင်ဖွင့်လှစ်သော ကျောက်တံတားမြို့နယ် မဟာဗန္ဓုလပန်းခြံလမ်း မဟာဗန္ဓုလပန်းခြံဘေးရှိ သပိတ်စခန်း၏ အမိုးအကာများကို စည်ပင်ဥပဒေနှင့် မညီညွတ်သောကြောင့် ရဲတပ်ဖွဲ့၊ စည်ပင်ဝန်ထမ်း၊ အရပ်ဝတ်ပြည်သူများ အင်အား ရာနှင့်ချီကာ မတ်လ ၃၀ ရက်နေ့ နံနက် ၃ နာရီတွင် ပထမဆုံးအကြိမ် ဖြိုခွဲခဲ့ပြီး မတ်လ ၃၁ ရက်နေ့ နံနက်၃ နာရီခန့်ကလည်း ဒုတိယအကြိမ် အင်အားသုံးကာ မိကျောင်းကန် သပိတ်စခန်းကို ထပ်မံဖြိုခွဲခဲ့ကြောင်း အဆိုပါ သပိတ်စခန်းထံမှ စုံစမ်းသိရှိရသည်။

သပိတ်စခန်းမှာ ရန်ကုန်စည်ပင် နယ်နိမိတ်အတွင်း ခွင့်ပြုချက် မရှိဘဲ ဆောင်ရွက်ခြင်းကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေနှင့်အညီ ဖျက်သိမ်းခြင်း ဖြစ်ပြီး ဥပဒေကို ဖောက်ဖျက်ပါက ငွေဒဏ်နှင့် ထောင်ဒဏ် တို့ဖြင့်ပါ အရေးယူနိုင်ကြောင်း၊ စည်ပင်ဥပဒေသည် တရားဝင် ဖြစ်သောကြောင့် ဥပဒေနှင့် မညီပါက အချိန်မရွေး ဖျက်သိမ်းခွင့် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ စီမံရေးရာ ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အစိုးရက ၁၉၉၁ ခုနှစ် ဧပြီလတွင် အိမ်ထောင်စု ၁၀၀၀ ကျော် နေထိုင်သော သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း ၁၊ အပိုင်း ၂၊ အပိုင်း ၃ မြေများကို သိမ်းယူခဲ့ပြီး ၂၀၁၀ အစိုးရသစ် လက်ထက်တွင် မြေယာသိမ်းခံ ပြည်သူများက သိမ်းဆည်းခံမြေများ ပြန်ရရေးအတွက် ၁၀ ကြိမ်ခန့် ဆန္ဒဖော်ထုတ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရက မိကျောင်းကန်နှင့် ဝါဝါဝင်း သပိတ်စခန်း များကို အရေးယူ ဆောင်ရွက်မှု အခြေအနေနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ဧပြီလ ၁ ရက်နေ့ ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့တော်ခန်းမ၌ ပြုလုပ်မည် ဖြစ်သည်။

The Voice Weekly

ရန်ကုန်မြို့ ဒဂုံမြို့သစ်(မြောက်ပိုင်း) ထားဝယ်ချောင်အမှိုက်ပုံမှ ဓာတ်အားထုတ်ယူမည်


ရန်ကုန် မတ် ၃၁

စီးပွားရေးမြို့တော် ရန်ကုန်ကို နိုင်ငံတကာအဆင့်မီ မြို့တော်ဖြစ်ရန် ကြိုးစားလျက်ရှိသည်။ သန့်ရှင်း စိမ်းလန်းသောမြို့ဖြစ်စေရန် အမှိုက် များကို စုစည်းသယ်ဆောင်၊ စွန့်ပစ် လျက်ရှိရာ ယခုအခါ ရန်ကုန်မြို့ ဒဂုံ မြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ထားဝယ်ချောင်ရှိ နောက်ဆုံးစွန့်ပစ် အမှိုက်ပုံနေရာတွင် စွန့်ပစ်အမှိုက်မှ ဓာတ်အားထုတ်ယူမည့် စီမံကိန်းကို ဆောင်ရွက်ရန်အတွက်

ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ နှင့် တိုင်းရင်းသားကုမ္ပဏီဖြစ်သည့် Zeya & Associates တို့အကြား တည်ဆောက်၊ လုပ်ဆောင်၊ လွှဲပြောင်း သဘောတူညီချက်စာချုပ်ကို ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့တော်ခန်းမအစည်း အဝေးခန်းမ(၄)တွင် မတ် ၃၁ ရက် မွန်းလွဲ ၁ နာရီက လက်မှတ်ရေးထိုး ခဲ့ကြသည်။

''ရန်ကုန်မြို့ကို နိုင်ငံတကာ အဆင့်မီ စီးပွားရေးမြို့တော်အဖြစ် ရောက်ရှိအောင် ဆောင်ရွက်နေပါ တယ်။ ဒီလို ဆောင်ရွက်တဲ့အခါ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု
အနည်းဆုံးဖြစ်အောင် ကြိုးစားနေ ပါတယ်'' ဟု အခမ်းအနားသို့ တက်ရောက်လာသော ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြားသည်။

''စွန့်ပစ်အမှိုက်ပုံ တွေကနေပြီး ဓာတ်အားထုတ်ယူ တဲ့အခါ ပတ်ဝန်းကျင်ကို ဆိုးကျိုး သက်ရောက်မှုမရှိအောင် နိုင်ငံတကာ ပညာရှင်တွေက စနစ်တကျ ဆောင်ရွက်သွားမှာဖြစ်ပါတယ်'' ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ဒဂုံ မြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ ထားဝယ်ချောင် နောက်ဆုံးစွန့်ပစ် အမှိုက်ပုံနေရာတွင် စွန့်ပစ်အမှိုက် များမှ ဓာတ်အားထုတ်ယူ စီမံကိန်း လုပ်ငန်းအတွက် ၂ဝ၁၂ ခုနှစ်က ပွင့်လင်းမြင်သာစွာ တင်ဒါခေါ်ယူ ခဲ့ရာ ကုမ္ပဏီပေါင်း ၄၃ ခုတို့ ယှဉ်ပြိုင် ခဲ့ကြရာ Zeya & Associates ကုမ္ပဏီက တင်ဒါအောင်မြင်ခဲ့ခြင်း ဖြစ်သည်။

ယခု သဘောတူစာချုပ်ချုပ်ဆိုပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် မှ ခွင့်ပြုပါက လုပ်ငန်းများစတင် နိုင်တော့မည်ဖြစ်သည်။ ထားဝယ် ချောင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံမှ ဓာတ်အားထုတ်ယူမည့် စီမံကိန်း လုပ်ငန်းသည် မြေအကျယ်အဝန်း ၅၅ ဒသမ ၇၇ ဧက ပေါ်တွင် ပြုလုပ်မည် ဖြစ်သည်။

ယခုစီမံကိန်းသည် အမေရိကန် ဒေါ်လာ ၁၂၈ သန်း အကုန်အကျ ခံကာ ဆောင်ရွက်မည်ဖြစ်ပြီး တစ်နေ့ အမှိုက်တန်ချိန် ၆ဝဝ ခန့်ကို အသုံး ပြုကာ ဓာတ်အား ၁၅ ဒသမ ၄ မဂ္ဂါဝပ် အသုံးပြုနိုင်မည်ဖြစ်သည်။ BOT စနစ်ဖြင့် ၂၅ နှစ်တာ လုပ်ငန်း ဆောင်ရွက်ပြီးပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ အပြီးလွှဲပြောင်းပေးမည်ဖြစ်သည်။

စွန့်ပစ်အမှိုက်ပုံမှ ဓာတ်အား ထုတ်ယူရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်ရန်နှင့် ဘေးထွက်ဆိုးကျိုးမရှိစေရန် နိုင်ငံတကာ စံနှုန်းများ၊ နိုင်ငံတကာမှ ပညာရှင် များဖြင့် ဆောင်ရွက်သွားမည်ဖြစ်ရာ ထွက်ရှိလာသော ဓာတ်အားများကို ရန်ကုန်မြို့နေ ပြည်သူများအားဖြန့်ဖြူး ပေးသွားမည်ဖြစ်သည်။

(မြန်မာ့အလင်း)

သာကေတမြို့နယ်တွင် လူသတ်မှုဖြစ်


ရန်ကုန်၊ ဧပြီ ၁

၃၁.၃.၂၀၁၄ ရက်နေ့ ၂၁၃၀ အချိန် သာကေတမြို့နယ်၊ ၁၀/တောင်
ရပ်ကွက်နေ ဒေါ်ခင်ဝင်းသည် သားဖြစ်သူ ကိုကျော်ကျော်ဆန်း (၃၅)နှစ်မှာ သာကေတမြို့နယ်၊ ခိုင်ရွှေဝါ(၃)လမ်းထိပ်တွင်လဲကျနေကြောင်းကြားသိရ
သဖြင့် သွားရောက်ကြည့်ရှုခဲ့ကြောင်း၊ ၎င်းနေရာတွင် သားဖြစ်သူမှာ ပက်လက်အနေအထားဖြင့် ဦးခေါင်းနောက်စေ့၌ပေါက်ပြဲဒဏ်ရာရရှိကာ
နှာခါင်းမှသွေးများထွက်လျက်နှင့် သေဆုံးနေသည်ကိုတွေ့ရှိရပြီး အနီးတွင် အမျိုးသားတစ်ဦးကို တုတ်ကိုင်လျက်တွေ့ရှိခဲ့ရကြောင်း၊ ၎င်းအမျိုးသားအား အနီးရှိလူများမှ ကုလားကြီးပြန်လာခဲ့ဟုပြောဆိုကာ ဆွဲခေါ်သွားသည်ကို
တွေ့ရှိရ၍ မေးမြန်းစုံစမ်းရာမှ သားဖြစ်သူကို ကုလားကြီးနှင့် ကိုဖြိုး၊
ကျော်နိုင်ဦး၊ သိန်းထွန်းတို့မှ တုတ်ဖြင့် ၀ိုင်းဝန်းရိုက်နှက်ခဲ့၍သေဆုံးခဲ့ခြင်း
ဖြစ်သည်ကိုသိရှိခဲ့ရကြောင်းနှင့် ယင်းသို့ သားဖြစ်သူကို သေဆုံးအောင်
ပြုလုပ်သူ ကုလားကြီးပါ(၄)ဦးကိုအရေးယူပေးပါရန် တိုင်တန်းလာခဲ့
ပါသည်။

ထိုသို့တိုင်တန်းချက်အရ သာကေတနယ်မြေရဲစခန်း (ပ)၂၀၀/၂၀၁၄၊
ပြစ်မှုပုဒ်မ ၃၀၂/၁၁၄ ဖြင့်အမှု ဖွင့်ကာ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီး
ရမိရေးဆောင်ရွက်ခဲ့ရာ ကုလားကြီး(ခ)ငြိမ်းသောင်း(၂၈)နှစ်၊
(ဘ)ဦးထွန်းကြည်၊ ၁၀/တောင်(၁၂)ရပ်ကွက်၊ သာကေတမြို့နယ်နေသူကို ဖမ်းဆီးရမိခဲ့ပြီး ကျန်ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေး စုံစမ်း
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

လယ်တီသိမ် ရွှေ့ဆိုင်းမည့်ရက် သတ်မှတ်ရခြင်း မရှိသေးဟု တိုင်းဒေသကြီး သာသနာရေးဝန်ကြီး ပြောကြား


မုံရွာ၊ မတ် ၃၁

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း ကျရောက်နေသည့် လယ်တီဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့သည့် ကျောင်းနှင့် စေတီတို့ကို သိမ်နုတ်ပြီး ဖြစ်သော်လည်း ဆရာတော်ကြီးများ၏ သြဝါဒ ခံယူပြီးမှသာ ရွှေ့ပြောင်းမည် ဖြစ်၍ ပြောင်းရွှေ့မည့်ရက် သတ်မှတ်ရခြင်း မရှိသေးကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဘဏ္ဍာရေးနှင့် သာသနာရေး ဝန်ကြီး ဦးတင်ဝင်းက ပြောကြားသည်။

လက်ပံတောင်းတောင် ဒေသရှိ သံဃာများ အပါအဝင် သံဃာတော် ၂၇ ပါးဖြင့် မတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းနှင့် ညပိုင်းတို့တွင် ဆရာတော်များ၏ မိန့်ကြားချက်အတိုင်း သိမ်နုတ်ခြင်း ပြုလုပ်ခဲ့သည်ဟု ဝန်ကြီးက ပြောဆိုသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း ကျရောက်နေသော ဗုဒ္ဓသာသနိက အဆောက်အအုံများ ဖြစ်သည့် စေတီတော်၊ သိမ်ကျောင်းဆောင်၊ ဂန္ဓကုဋိကျောင်းဆောင်၊ အုတ်တံတိုင်းနှင့် အဝင်မုခ်ဦးများအား ရွှေ့ပြောင်းလျှင် မြတ်စွာဘုရား ဟောတော်မူခဲ့သည့် အတိုင်း ပါဠိတော် အဋ္ဌကထာဋီကာများနှင့်အညီ ရွှေ့ပြောင်းနိုင်သည်ဟု နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင် ဆရာတော်ကြီးများက ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ဆားလင်းကြီးမြို့ရှိ ကံစွယ်ကျောင်းတိုက်တွင် ပြုလုပ်ခဲ့သော သြဝါဒခံယူပွဲ၌ မိန့်ကြားပြီး ဖြစ်သည်။

“လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာပါအတိုင်း လုပ်မှာပါ။ ဆရာတော်ကြီးတွေရဲ့ လမ်းညွှန်ချက်နဲ့အညီ သိမ်ကိုရွှေ့ပြောင်းဖို့ ဆောင်ရွက်မှာပါ” ဟု ဝန်ကြီးက ဆက်လက် ပြောဆိုသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင် အပြီးသတ် အစီရင်ခံစာပါ သုံးသပ်အကြံပြုချက်တွင်လည်း လက်ပံတောင်းတောင်ကြားရှိ သာသနိက အဆောက်အအုံများကို အခြားသင့်လျော်မည့် နေရာတစ်ခုသို့ ရွှေ့ပြောင်းပေးရမည် ဟူသည့် အချက်ပါဝင်ခဲ့သည်။

ယင်းကြောင့် လက်ရှိ အချိန်ထိ လက်ပံတောင်းတောင်ကြားတွင် ရှိသော သာသနိက အဆောက်အအုံများကို မူလနေရာနှင့် ကိုက် ၁၅၀၀ ခန့်အကွာ ကျော်ရွာ၏ တောင်ဘက်ပေ ၃၀၀ ခန့် အကွာရှိ ညောင်ပင်ကြီး-ယင်းမာပင် ကားလမ်းအနီး ၁ ဒသမ ၈၄ ဧက ကျယ်ဝန်းသည့် မြေနေရာသို့ ရွှေ့ပြောင်း တည်ဆောက်မည် ဖြစ်ရာ စေတီတော်၏ အမြင့်ပေမှာလည်း လက်ရှိထက် နှစ်ဆမြင့်ကာ ဉာဏ်တော် ၅၄ ပေ ရှိမည် ဖြစ်သည်။

တည်ဆောက်မည့် မြေနေရာအတွက် အခွန်လွတ် သာသနာ့မြေဂရန် ရရှိပြီးဖြစ်ကာ သိမ်ဆောက်လုပ်မည့် မြေဧရိယာ ၀ ဒသမ ၀၅ ဧကအတွက် ဝိသုံဂါမသိမ်ဂရန် ရရှိပြီးဖြစ်ကြောင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကော်မတီ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

The Voice Weekly 

ရိုက်နှက်ဖမ်းဆီးမယ်၊ ပစ်ခတ်မယ် ဆိုရင်လည်း ခံရမှာပဲ။ …. ကျွန်တော်တို့က ဘာမှ ပြန်လုပ်မှာ မဟုတ်ပါဘူး


မိကျောင်းကန် သပိတ်စခန်းမှ ဆန္ဒထုတ်ဖော်သူ ဦးကိုကိုလေးနှင့် တွေ့ဆုံခြင်း

ယခင်အစိုးရလက်ထက် ၁၉၉၀ ပြည့်နှစ်ဝန်းကျင်က သိမ်းဆည်းခဲ့သော သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း ၁၊ အပိုင်း ၂၊ အပိုင်း ၃ တို့ရှိ မြေယာများ ပြန်လည်ရရှိရေးအတွက် မြေသိမ်းခံ လူ ၂၀၀ ကျော်ခန့် ရန်ကုန်မြို့လယ် မဟာဗန္ဓုလပန်းခြံဘေးတွင် မတ်လ ၂၄ ရက်မှ စတင်ကာ သပိတ်စခန်း ဖွင့်လှစ်ခဲ့ကြသည်။ အဆိုပါ သပိတ်စခန်းကို မတ်လ ၃၀ ရက်နေ့ နံနက် ၃ နာရီတွင် တစ်ကြိမ်၊ မတ်လ ၃၁ ရက်နေ့ နံနက် ၃ နာရီခန့်တွင် တစ်ကြိမ် လူအများ အိပ်မောကျနေချိန်ကို အလစ်အငိုက် ရယူ၍ စည်ပင်ဝန်ထမ်း၊ အရပ်ဝတ် လူရာနှင့်ချီက ထပ်မံဖြိုခွဲခဲ့ရာ ယင်းကဲ့သို့ အင်အားသုံး ဖြိုခွဲခံရမှုနှင့် ပတ်သက်၍ မိကျောင်းကန် သပိတ်စခန်းမှ ဦးကိုကိုလေးကို The Voice က တွေ့ဆုံမေးမြန်းခဲ့သည်များမှ ကောက်နုတ် ဖော်ပြအပ်ပါသည်။

The Voice။ ။ သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြရတဲ့ အကြောင်းကို သိပါရစေ။

KKL။ ။ သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ မှာ အိမ်ထောင်စု ၁၁၈၀ ရှိတယ်။ ၁၉၉၁ ခုနှစ်လောက်မှာ မိကျောင်းကန်မှာ နေတဲ့သူတချို့ကို ပဲခူးရိုးမ တောင်ခြေနားမှာ ရှိတဲ့ အုတ်ဖိုမြို့နယ် အေးမြသာယာ ရွှေ့ပြောင်းခိုင်းတယ်။ ရေမရှိ၊ မီးမရှိ။ ဦးတို့နေဖို့ အဆင်မပြေလို့ ရန်ကုန်ကို ပြောင်းလာတယ်။ ခုထိ ဘာညှိနှိုင်းပေးတာမှ မရှိသေးဘူး။ လှည့်စားခံထားရတယ်။ အသိမ်းခံရတဲ့ မြေအတွက် နစ်နာကြေး ဘာတစ်ခုမှ မရဘူး၊ တစ်ခုခု ပြန်လုပ်ပေးစေချင်တယ်။

The Voice။ ။ မိကျောင်းကန် သပိတ်စခန်းမှာ ဖြစ်သွားတဲ့ အခြေအနေကို သိချင်ပါတယ်။

KKL။ ။ အဲဒီညက ပန်းခြံမှာ မီးတွေ အမှောင်ချထားတယ်။ ရုန်းရင်းဆန်ခတ် တော်တော်လေး ဖြစ်သွားတော့ သပိတ်စခန်းမှာလည်း ဒဏ်ရာရတဲ့သူတွေ များတယ်။ သပိတ်စခန်းမှာ အရင်က မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ က လူကုန်ဆန္ဒပြတာ မဟုတ်ဘူးလေ။ အခုတော့ မခံရပ်နိုင်လို့ စိတ်အားထက်သန်ပြီး အရင်က ဆန္ဒမပြဘဲ ကျန်တဲ့သူတွေပါ လာဆန္ဒပြတော့ လူအင်အား ပိုများတာ ၂၅၀ လောက် ရှိတယ်။

The Voice။ ။ သပိတ်စခန်းမှာ ရှိနေတဲ့ ဆန္ဒပြနေတဲ့ သူတွေရဲ့ လက်ရှိ နေထိုင်စားသောက်မှုတွေ အကြောင်း သိချင်ပါတယ် ။

KKL။ ။ ဆန္ဒထုတ်ဖော်သူတွေမှာ ရှိတဲ့ပိုက်ဆံလေးတွေ စုပြီး စားသောက်တာရယ်၊ လာလှူဒါန်းတာတွေနဲ့ပဲ စားသောက်နေရပါတယ်။ ကျန်းမာရေးကိစ္စအတွက် ပန်းခြံထောင့်က သန့်စင်ခန်းကို ငွေနှစ်ရာပေးပြီး သွားရတယ်။ အသက်ကြီးတဲ့ သူတွေကတော့ ရာသီဥတုဒဏ်ကြောင့် နေမကောင်း ဖြစ်ကြတာတွေ ရှိတယ်။

The Voice။ ။ သပိတ်စခန်းကို ပိတ်သိမ်းဖို့ အစီအစဉ် ရှိပါသလား။

KKL။ ။ကျွန်တော်တို့က ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုတာကို ရိုက်နှက်ဖမ်းဆီးမယ်၊ ပစ်ခတ်မယ် ဆိုရင်လည်း ခံရမှာပဲ။ ပြန်လုပ်ဖို့တော့ အစီအစဉ်တော့ မရှိဘူး။ လူသေရင် သေပါစေ ကျွန်တော်တို့က ဘာမှ ပြန်လုပ်မှာ မဟုတ်ပါဘူး။ တောင်းဆိုတာ မရမချင်း သပိတ်စခန်းကို ဘယ်နှကြိမ်ဖျက်ဖျက် ဖွင့်ထားမယ်။ သေရင်သေပါစေ၊ အဖြေတိတိကျကျရမှ ဖြစ်မယ်။

The Voice။ ။ ဟုတ်ကဲ့ အခုလို ဖြေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

(အေးသန္တာထွန်း)
The Voice Weekly

တောင်နှင့် မြောက်ကိုရီးယား နယ်စပ်ရေပြင်တွင် အပြန်အလှန်ပစ်ခတ်


ဆိုးလ်၊ မတ် ၃၁

နျူကလီးယား ခြိမ်းခြောက်မှုများ ပြုလုပ်လျက်ရှိသော မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတို့သည် တနင်္လာနေ့က နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

စစ်ရေးလေ့ကျင့်မှု ပြုလုပ်လျက် ရှိသော မြောက်ကိုရီးယားက တောင်ကိုရီးယား ရေပြင်ပိုင်နက် အတွင်းသို့ အမြောက်များဖြင့် ပစ်ခတ်သည်ကို တုံ့ပြန်သည့်အနေနှင့် တောင်ကိုရီးယားက ပြန်လည် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း တောင်ကိုရီးယား စစ်တပ်က ပြောကြားသည်။

“မြောက်ကိုရီးယားက ပစ်တဲ့ လက်နက်ကျည်တွေ ကျွန်တော်တို့ ပိုင်နက်ထဲကို ကျလာတဲ့အတွက် ကျွန်တော်တို့ဘက်ကလည်း ပြန်လည် ပစ်ခတ်ခဲ့ပါတယ်” ဟု တောင်ကိုရီးယားပူးတွဲ ကာကွယ်ရေးဦးစီးချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားသည်။

ယင်းသို့ အပြန်အလှန် ပစ်ခတ်ရာတွင် မည်သည့်ပစ်မှတ်ကို ပစ်ခတ်ခဲ့ကြောင်းကိုမူ နှစ်ဖက်စလုံးက ပြောကြားခြင်း မရှိပေ။

တောင်နှင့် မြောက်ကိုရီးယား နယ်စပ်ရှိ တောင်ကိုရီးယား Baengnyeong ကျွန်းနေ ပြည်သူများကို ကြိုတင် ကာကွယ်သည့်အနေနှင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းလိုက်ကြောင်း တောင်ကိုရီးယားအစိုးရ တာဝန်ရှိသူများက ပြောကြားသည်။

မြောက်ကိုရီးယားသည် ပုံစံသစ် နျူကလီးယား စမ်းသပ်မှုများ ပြုလုပ်မည်ဟု ခြိမ်းခြောက်ပြောဆိုအပြီး နောက်တစ်ရက်တွင် မြောက်ကိုရီးယားက စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည် ဖြစ်ကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။

တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားတို့၏ အနောက်ဘက်တွင် ရှိသော ပင်လယ်ဝါရှိ နယ်စပ်ဧရိယာသည် ယခင် အတိတ်ကာလတုန်းကလည်း နှစ်ဖက်ပဋိပက္ခ ဖြစ်ပွားလေ့ရှိသော နေရာတစ်ခု ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် မြောက်ကိုရီးယားသည် နှစ်နိုင်ငံ နယ်စပ်အနီးရှိ တောင်ကိုရီးယား ကျွန်းတစ်ကျွန်းပေါ်သို့ မြောက်ကိုရီးယားက အမြောက်များဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် လူလေးဦး သေဆုံးခဲ့ပြီးနောက် နှစ်နိုင်ငံ စစ်မက်ဖြစ်ပွားမည့် အရေးအတွက် စိုးရိမ်ခဲ့ရသည်။

မြောက်ကိုရီးယားသည် ယခင်က ပြုလုပ်သော စစ်ရေးလေ့ကျင့်မှုများကို ကြိုတင် အသိပေးခြင်း မရှိဘဲ ပြုလုပ်လေ့ ရှိသော်လည်း ယခုတစ်ကြိမ်တွင်မူ ကြိုတင် အသိပေးမှု ပြုလုပ်ခြင်းသည် မြောက်ကိုရီးယား၏ ရန်လိုသော ရည်ရွယ်ချက်ကို ဖော်ပြနေခြင်း ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဝီယောင်ဆောက်က ပြောကြားသည်။

မြောက်ကိုရီးယားသည် လက်ရှိ ပြုလုပ်လျက်ရှိသော တောင်ကိုရီးယားနှင့် အမေရိကတို့၏ စစ်ရေးလေ့ကျင့်မှုကို ကန့်ကွက်သည့်အနေနှင့် လွန်ခဲ့သော သီတင်းပတ်အတွင်း တာတိုနှင့် တာလတ်ပစ် တိုက်ချင်းပစ် ဒုံးကျည်များကို ပစ်ခတ် စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်။

The Voice Weekly

အန်အယ်လ်ဒီပါတီ ဖွဲ့စည်းပုံ ပြင်ဆင် ဖွဲ့စည်း


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို)(အန်အယ်လ်ဒီပါတီ)ရဲ့ ရှေ့လုပ်ငန်းစဉ်များအဆင်ပြေ လွယ်ကူစေရန်နဲ့ ပါတီဝင်လွှတ်တော် အမတ်များ အပါအ၀င် အဖွဲ့ချုပ်အဆင့်ဆင့် အလုပ်အမှုဆောင်အဖွဲ့များအကြား အပြန်အလှန် စနစ်စကျ ချိတ်ဆက်ပြီး အချိန်နဲ့ တပြေးညီ အင်အားပြည့် ဆောင်ရွက်နိုင်ဖို့အတွက် အဖွဲ့ချုပ်(ဗဟို) ကို ပြင်ဆင် ဖွဲ့စည်းလိုက်ကြောင်း သိရပါတယ်။

အဆိုပါ ဖွဲ့စည်းပုံတွင် ပါတီဥက္ကဋ္ဌကိုယ်တိုင် တာဝန်ယူထားသော ရေးရာကော်မတီ ၄ ခု၊ ဌာန ၈ ခု၊ ပါတီစည်းကမ်းထိန်းသိမ်းရေးအဖွဲ့၊ အုပ်ချုပ်ရေးနဲ့ ရုံးအဖွဲ့၊ ပါတီစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌတာဝန်ကို ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်းကို တာဝန်ပေးပြီး အဖွဲ့ဝင်ကတ်ပြားထုတ်ဌာန၊ အုပ်ချုပ်ရေးနဲ့ ရုံးအဖွဲ့ကို ဦးထွန်းထွန်းဟိန်းကို လည်းကောင်း၊ ပါတီစာရင်းစစ်အဖွဲ့ကို လွတ်လပ်သောအဖွဲ့အဖြစ် လည်းကောင်း၊ လူမှုအထောက်အကူပြုနဲ့ ဥပဒေရေးရာအဖွဲ့ကို ပါတီနာယက ဦးတင်ဦးက ဦးဆောင်ပြီး သီးခြားရပ်တည် ချိတ်တွဲထားသည် အဖွဲ့များဖြင့် တာဝန်ပေးအပ် ဖွဲ့စည်းကြောင်း သိရပါတယ်။
DVB Burmese

MH370 ပျောက်ဆုံးမှုဟာ ၉/၁၁ လို တိုက်ခိုက်မှု အသစ်ဖြစ်လာစေမှာလား



အမေရိကန်ရဲ့မြို့တွေကို ဗုံးအပြည့်တင်ဆောင်ထားတဲ့ လေယာဉ်တွေနဲ့ တိုက်ခိုက်လိမ့်မယ်

မလေးရှားလေကြောင်းလိုင်းက ပျောက်ဆုံးနေတဲ့ြံ ၃၇ဝ လေ ယာဉ်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ မြို့တွေကို ဗုံးများတင် ဆောင်ထားတဲ့ ခရီးသည်တင်လေယာဉ်နဲ့ အကြီးစားအကြမ်းဖက် တိုက် ခိုက်မှုအစီအစဉ်အတွက် တစ်စိတ်တစ်ပိုင်းဖြစ်နိုင်တယ်လို့ အမေရိကန် ထောက်လှမ်းရေးအေဂျင်စီတွေက ယုံကြည်နေကြပါတယ်။

The Enquirer က ရေးသားဖော်ပြရာမှာတော့ ထောက်လှမ်း ရေးထိပ်တန်းအရာရှိတွေက ၉/၁၁ ဝေါထရိတ်စင်တာ အကြမ်းဖက်တိုက် ခိုက်မှုမျိုး ထပ်မံလုပ်ဆောင်ဖို့အတွက် MH 370 ကို အယ်လ်ခိုင်ဒါဆက် စပ်အဖွဲ့အစည်းတွေက အစဖျောက်ခဲ့ခြင်းဖြစ်တယ်လို့ ယုံကြည်နေချိန်မှာ

အခြားတစ်ဖက်မှာလည်း MH 370 ရဲ့ လေယာဉ်မှူးများဖြစ်ကြတဲ့ ဇာ ဟာရီဟာမက်နဲ့ တွဲဖက်လေယာဉ်မှူး ဖာရစ်အဘဒူဟာမစ်တို့ဟာ အဆင့် မြင့်လေ့ကျင့်ပေးထားတဲ့ အကြမ်းဖက်အဖွဲ့ဝင်ရဲ့အကူအညီကို ရယူခဲ့ပြီး ဘိုရင်း ၇၇၇ကို အစဖျောက်ခဲ့ခြင်းဖြစ်နိုင်ခြင်းရှိမရှိကို ဆုံးဖြတ်ဖို့ ကြိုးစား နေကြတယ်လို့ ပင်တဂွန်ဌာနချုပ်အရာရှိတစ်ဦးက ပြောပြခဲ့ကြောင်း သိရပါတယ်။

နောက်ပြီး ဝါရှင်တန်က MH 370 ပျောက်ဆုံးမှုဟာ အကြမ်း ဖက်အဖွဲ့အစည်းတွေက အာဏာပိုင်တွေရဲ့ လေကြောင်းထောက်လှမ်း ကာကွယ်ရေးစနစ်တွေကို ထိုးဖောက်နိုင်ဖို့ စမ်းသပ်မှုတစ်ခုအဖြစ် လုပ် ဆောင်မှုတစ်ရပ်ဖြစ်မှာကိုလည်း ပူပန်နေကြတယ်လို့ သိရပါတယ်။

မြောက်ကာရိုလိုင်းနား တက္ကသိုလ်ပါမောက္ခတစ်ဦးဖြစ်တဲ့ ''Polioing World Society'' နဲ့ ''Terrorism and counter terrorism'' စာအုပ်တွေကိုရေးသားခဲ့တဲ့ ဒေါက်တာမက်သီရန်ဒီဖလမ်က MH 370 လေယာဉ်ဟာ ဗုံးအဖြစ်အသုံးပြုဖို့ ခိုးယူခြင်းခံရခြင်းဖြစ်နိုင်တယ်လို့ The Enquirer ကို ပြောပါတယ်။

အမေရိကန် ထိပ်တန်းထောက်လှမ်းရေး အရာရှိတွေဟာ MH370 ကို အီရတ် ဒါမှမဟုတ် အာဖဂန်နစ္စတန်အခြေ စိုက် အမေရိကန်စစ်စခန်းတွေကို တိုက်ခိုက်ဖို့အတွက် အကြမ်းဖက်အဖွဲ့ က အသုံးပြုနိုင်ခြေရှိမရှိကိုလည်း ဆွေးနွေးနေကြတယ်လို့ သိရပါတယ်။

အမေရိကန်ထောက်လှမ်းရေးထိပ်တန်းအရာရှိတွေက MH370 လေယာဉ်ကို အခုချိန်မှာ အကြမ်းဖက်အဖွဲ့အစည်းတွေက ဗုံးများ သို့မဟုတ် နျူကလီးယားလက်နက်များ တပ်ဆင်နေတယ်လို့ မထင်မရှား သက်သေတွေနဲ့ သံသယရှိယုံကြည်နေရခြင်းမှာ အကြောင်းရှိပါတယ်။

၂ဝဝ၆ခုနှစ်မှာ ဗြိတိန်နိုင်ငံက စနမသထငိန အစဖြစ်တဲ့ အရည်ဗုံးများတင် ဆောင်ထားတဲ့ လေယာဉ်တစ်စင်းအပါအဝင် အမေရိကန်နဲ့ ဗြိတိန်ပျံသန်း တဲ့ အခြားလေယာဉ် ၁ဝစင်းခန့်မှာလည်း အစားဖန်တီးဖို့ကြံစည်မှုကို စစ်ဆေးတွေ့ရှိခဲ့ပြီး အကြမ်းဖက်မှုအတွက်ကြံစည်ခဲ့တဲ့ လေယာဉ် ၁ဝ စင်းမှာ နှစ်စင်းက MH370 လိုပဲ ဘိုရင်း ၇၇၇ လေယာဉ်တွေဖြစ်ကြပါတယ်။

MH370 မပျောက်ဆုံးခင် သုံးရက်အလိုမှာလည်း အလားတူဖြစ်ရပ်မျိုး အမေရိကန်အစိုးရအရာရှိတွေက စစ်ဆေးတွေ့ရှိမှုရှိခဲ့တယ်လို့ အတွင်း ပိုင်းသတင်းတွေအရ သိရကြောင်း နညဆကငမနမ က ရေးသားဖော်ပြထား ပါတယ်။

The Enquirer ရဲ့ အခြားသောဖော်ထုတ်မှုတစ်ခုကတော့ အမေရိ ကန်လေကြောင်းလိုင်း လေယာဉ်မှူးများအဖွဲ့ကထွက်ပေါ်လာတဲ့ သတင်း ဖြစ်ပြီး ¤င်းတို့ရဲ့ လေယာဉ်ပျံသန်း မှုအစီအစဉ်တွေနဲ့ အတွင်းပိုင်းလေ ယာဉ်တွေရဲ့တုံ့ပြန်မှုကို စမ်းသပ်ခံ ရတာကို သံသယဖြစ်ဖွယ်ရာတွေ့ ရှိခဲ့ပြီး အကြမ်းဖက်တိုက်ခိုက်မယ့် လေယာဉ်ကို သံသယရှိရင် အမေ ရိကန် စီးပွားရေးလေကြောင်းလိုင်း ကဖြစ်နေမလားလို့ နှစ်ခါမစဉ်းစား ဘဲ ပစ်ချပစ်ဖို့ လမ်းညွှန်ချက်တွေရှိကြောင်း သိရပါတယ်။

Enquirer ရဲ့ ထပ်မံဖော်ထုတ်မှုကတော့ MH 370 ပျောက်ဆုံးခဲ့ပြီး သုံးရက်အကြာ မှာ အယ်လ်ခိုင်ဒါအဖွဲ့ဝင်တစ်ဦး က ၉/၁၁ပုံစံမျိုး အကြမ်းဖက်တိုက် ခိုက်မှုပြုလုပ်နေတဲ့ မလေးရှား အစ္စ လာမ္မစ်အစွန်းရောက်များနဲ့ အဆက် အသွယ်ရှိခဲ့ကြောင်း ဝန်ခံခဲ့တယ် ဆိုတဲ့ သတင်းဖြစ်ပါတယ်။

အယ်လ်ခိုင်ဒါအဖွဲ့ဝင်တစ် ဦးဖြစ်တဲ့ ဗြိတိန်ဖွား ဆာဂျစ်ဘာ ဒက်ကိုက နယူးယောက်ခ်တရားရုံးမှာ ထွက်ဆိုရမှာတော့ မလေးရှား နိုင်ငံသားတစ်စုကို ဖိနပ်ဗုံးခွဲနည်းပေးဖို့ သင်ကြားပို့ချမှုခံယူရဖူးပြီး

၎င်း အဖွဲ့ထဲကတစ်ယောက်ဟာ လေယာဉ်ပြန်ပေးဆွဲဖို့ပြင်ဆင်နေတဲ့ လေ ယာဉ်မှူးတစ်ဦးဖြစ်တယ်လို့ ထွက်ဆိုခဲ့ကြောင်းသိရပါတယ်။ ဘာဒက် က ယင်းအဖွဲ့ဟာ ယခုအခါ ၉/၁၁ လိုလုပ်ရပ်မျိုးလုပ်ဖို့ အဆင်သင့်ဖြစ် နေပြီလို့လည်း ထွက်ဆိုခဲ့ကြောင်း နညဆကငမနမ က ရေးသားဖော်ပြထား ပါတယ်။

အမေရိကန်အစိုးရ ထိပ်တန်းအဖွဲ့အစည်းများရဲ့ ရင်းမြစ် များကရရှိတဲ့ အချက်အလက်တွေနဲ့ MH 370 လေယာဉ်ပျောက်ဆုံးမှု အတွက် အမေရိကန်အစိုးရရဲ့ စိုးရိမ်ပူပန်မှုတွေကို The Enquirer က အမေ ရိကန် နိုင်ငံသားတိုင်းဖတ်ရန်ဟူသော ခေါင်းစီးနဲ့အတူ ရေးသားဖော်ပြခဲ့ ခြင်းဖြစ်ပါတယ်။

Ref: The Enquirer
Flower News Journal အတွဲ (၁၀) အမှတ် (၁၄)
[ The Flower News Journal | The Yangon Times Journal ]
| Yangon Media Group

မဟာ သင်္ကြန် ကာလ၌ ရန်ကုန်မြို့တွင်း ခရီးသည်တင်ယာဉ် ၁၆ဝဝကျော် ပြေးဆွဲမည်


၂ဝ၁၄ ခုနှစ် မြန်မာ့ရိုးရာ သင်္ကြန် ကာလ၌ ရန်ကုန်မြို့တော် အတွင်း ခရီးသည်တင် ယာဉ်အစီးရေ ၁၆ဝဝကျော် ပြေးဆွဲ ပေးသွားမည်ဖြစ်ကြောင်း မော်တော်ယာဉ် လုပ်ငန်း ပေါင်းစုံ ထိန်းသိမ်း ကြီးကြပ်ရေး ကော်မတီ(ဗဟို)မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ ကာလအတွင်း ခရီးသွား ပြည်သူများ သွားလာရေး အဆင်ပြေအောင် လုပ်ဆောင်ခြင်းဖြစ်ပြီး ယာဉ်စီးခ များကိုလည်း ပုံမှန်ဈေးနှုန်း အတိုင်းသာ ပေးရမည် ဖြစ်ကြောင်း၊ တိုးမြှင့်ကောက်ခံသော ခရီးသည်တင် ယာဉ်များကို အရေးယူခြင်းများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ထို့အပြင် ယာဉ်ကြောပိတ်ဆို့မှု ကင်းဝေးစေရေး အတွက်လည်း လိုက်နာရမည့် စည်းကမ်းချက်များကို အထူးကြပ်မတ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ယခုနှစ် သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ယာဉ်လိုင်းများအနက် ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းနှင့် ရွှေဧည့်သည် ခရီးသည်တင် ယာဉ်လိုင်းတို့ အပါအဝင် ယာဉ်လိုင်းအဖွဲ့အစည်းရှစ်ဖွဲ့မှာ ပြေးဆွဲမှုရပ်နား မည်ဖြစ်ကြောင်း၊ မထသ(ဗဟို) လက်အောက်ရှိ ယာဉ်လိုင်းအဖွဲ့ အစည်းများ အနက် ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းမှာ ဧပြီ ၁၂ရက်မှ ၁၆ရက် အထိလည်းကောင်း၊

ရွှေရန်ကုန်ယာဉ်လိုင်း၊ ရွှေဧည့်သည် ယာဉ်လိုင်း၊ ရွှေအင်းဝယာဉ်လိုင်း၊ မြို့တော်စည်ပင်(အတွင်း)ယာဉ်လိုင်း၊ စစ်မှုထမ်းဟောင်း (ပြင်ပ)ယာဉ်လိုင်း၊ ဂျီအီးစီယာဉ် လိုင်း၊ မြန်မာ့ သားကောင်း ယာဉ်လိုင်း တို့မှာ ဧပြီ ၁၃ရက်မှ ၁၉ရက်အထိ လည်းကောင်း၊ စစ်မှုထမ်းဟောင်း (အတွင်း)ယာဉ်လိုင်းမှာ ဧပြီ ၁၄ရက်မှ ၁၇ရက်အထိ လည်း ကောင်း ပြေးဆွဲမှုရပ်နား ကြမည် ဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် ရန်ကုန်မြို့တော် ယာဉ်ထိန်းရဲ တပ်ဖွဲ့မှလည်း ယာဉ်ထိန်း တပ်ဖွဲ့ဝင်များနှင့် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ၏ အင်အားကို ယခင်နှစ်ကထက် နှစ်ဆနီးပါး တိုးမြှင့် ချထား ဆောင် ရွက်မည် ဖြစ်ကြောင်း၊ သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့၌ တစ်လမ်းမောင်း စနစ်များ သတ်မှတ်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

စိုးမိုး
မြ၀တီ

ပြည်တွင်း အင်တာနက်လိုင်းကြောင့် နိုင်ငံခြားသားများ Visa နှင့် Master ကတ်သုံးစွဲမှုများ အခက်ကြုံ


ပြည်တွင်းအင်တာနက်လိုင်းများ၏ ဝန်ဆောင်မှုများမကောင်းမွန်ခြင်းကြောင့် နိုင်ငံခြားသားများအနေဖြင့် နိုင်ငံတကာသုံး အီလက်ထရွန်နစ်စနစ် ငွေပေးချေရေးကတ်များကို အသုံးပြုရာတွင် အဆင်မပြေမှုများ ကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။

ရန်ကုန်မြို့တွင်းနှင့် အခြားသော နယ်မြို့ကြီးများတွင် အင်တာနက်လိုင်း အရည်အသွေးကျဆင်းမှုကြောင့် Visa နှင့် Master ကတ်များ သုံးစွဲရာတွင် အဆင်မပြေမှုများ ကြုံတွေ့ရခြင်းဟု ပြည်တွင်းဧည့်လမ်းညွှန် အလုပ်လုပ်ကိုင်သူတချို့ထံမှ သိရသည်။

“ရန်ကုန်ကနေ ပုဂံကိုသွားခါနီး လေဆိပ်က ATM စက်တစ်ခုမှာ ကတ်ကိုသုံးနေရင်းနဲ့ ချို့ယွင်းတာ။ ငွေကထွက်မလာဘူး။ ဘာလို့လဲ စုံစမ်းကြည့်တော့ အင်တာနက်လိုင်း ကျသွားတယ်။ တဖက်မှာလည်း လေယာဉ်ချိန်ကနီးလာပြီ။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီလိုဝန်ဆောင်မှုတွေကြောင့် နိုင်ငံတကာက ဧည့်သည်တွေကို အားနာမိရပါတယ်” ဟု လုပ်သက်ငါးနှစ်ရှိပြီဖြစ်သည့် အမျိုးသမီး ပြင်သစ်ဧည့်လမ်းညွှန်တစ်ဦးက ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ၎င်း၏ ပြင်သစ်ဧည့်သည်များ ကြုံတွေ့ခဲ့ရသည့် ပြဿနာကို အထက်ပါအတိုင်း ပြောသည်။

အင်တာနက်လိုင်းများ၏ အရည်အသွေးမကောင်းမှုကြောင့် အပြင် ဘဏ်အချို့၏  စက်များသည် မကြာခဏဆိုသလို အမှားများဖြစ်ပေါ်လေ့ရှိကြောင်း သုံးစွဲသူများက ဆိုသည်။ “ပုဂံဘက်မှာ ဖြစ်တာဗျ။ မာစတာကတ်ထည့်နေရင်းနဲ့ ဘာအချက်အလက်မှ တက်မလာတာ။ အင်တာနက်လိုင်း ပြတ်တောက်သွားလို့ပါတဲ့။ နိုင်ငံခြားသားတွေကို ဒီလိုခရီးတစ်ခုအတွက် ပို့ဆောင်ပေးရတာ အချိန်စာရင်း အတိအကျနဲ့ လုပ်နေကြရတာပါ။ နာရီဝက်လောက် အချိန်ကုန်သွားတယ်ဗျ။ ကျွန်တော်ကတော့ တောင်းပန်ပါတယ်ဆိုတာ ဘယ်နှစ်ခါပြောမိမှန်းမမှတ်မိတော့ပါဘူး” ဟု ဂျာမဏီ ဧည့်လမ်းညွှန် အမျိုသားတစ်ဦးက ပြီးခဲ့သည့်လပိုင်းအတွင်း ၎င်းကြုံတွေ့ခဲ့ရသည့် ATM စက်ချို့ယွင်းမှုနှင့် ပတ်သတ်ပြီးဆိုသည်။

အဆိုပါ ဘဏ်များ၏ အလိုအလျောက်ငွေထုတ်စက်များတွင် ငွေသားများ ထုတ်ယူသုံးစွဲကြသည့်အခါ လက်ကျန်ငွေစာရင်းတွင် အမှန်တကယ်ကျန်ရှိရမည့်   ငွေပမာဏထက်ပိုများနေသည့် ချို့ယွင်းမှုကို ကြုံတွေ့ရသည်ဟု စုံစမ်းသိ ရသည်။ “အရင်ကတည်းကရှိခဲ့တဲ့ ပုဂ္ဂလိကဘဏ်တစ်ခုမှာ ငွေထုတ်တာ လက်ကျန်ငွေပမာဏကို စစ်လိုက်တော့များနေတယ်။ ဘဏ်ကိုပြောတော့ သူတို့စက်ချို့ယွင်းမှုကြောင့်လို့ ပြောတယ်။ ဒီလိုဝန်ဆောင်မှုမျိုးက တိတိကျကျပဲ ကောင်းပါတယ်။ ဒါကပြည်တွင်း အင်တာနက်လိုင်းတွေ မကောင်းတာနဲ့လည်း ဆက်စပ်နေတာဘဲ။ ရှက်စရာကြီးပါ” ဟု MPU (Myanmar Payment Union) ကတ်သုံးစွဲသူ အမျိုးသမီးတစ်ဦးက သူမ၏အတွေ့အကြုံကို ပြောပြသည်။

ယခုလက်ရှိ အစိုးရလက်ထက်တွင် ပြည်တွင်းသို့ ဝင်ရောက်လာသော နိုင်ငံခြားသားခရီးသွားများလည်း မြင့်တက်လာနေပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှာလည်း ဆက်တိုက်ဝင်ရောက်လာနေပြီဖြစ်သဖြင့် အစိုးရအနေဖြင့် အဓိကကျသည့် အင်တာနက်ဆက်သွယ်မှုနှင့် ဆက်စပ်ဝန်ဆောင်မှုများကို လျစ်လျူရှုထားမည်ဆိုပါက လာမည့်နှစ်များတွင် ပြဿနာတစ်ရပ်အဖြစ် သိသိသာသာ ပေါ်ထွက်လာမည်ဖြစ်သည်ဟု ကွန်ပျူတာပညာရှင်တချို့က သုံးသပ်သည်။

“အစိုးရဘက်က အင်တာနက်လိုင်း ပြဿနာကို သေသေချာချာကိုင်တွယ်ဖို့ကို လိုနေပြီ။ ဒီအတိုင်းဆက်သွားနေရင် ရှက်ရစရာတွေ ဆက်ဖြစ်နေလိမ့်မ်။ မြန်မာအင်တာနက်ဆိုရင် အရည်အသွေးကို မရှိတာဆိုတဲ့စကားက အခုနိုင်ငံခြားသားတွေရဲ့ ပါးစပ်ဖျားမှာကျင့်သားရနေပြီ” ဟု စင်္ကာပူနိုင်ငံ ကုမ္ပဏီတစ်ခု၏ အိုင်တီဌာနတွင် အလုပ်လုပ်ကိုင်နေသည့် ကိုထွန်းထွန်းလင်းက သူ၏အတွေ့အကြုံကို ပြောသည်။

ပြည်တွင်း၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရတနာပုံတယ်လီပို့လုပ်ငန်းနှင့် Red Link Communication တို့က အင်တာနက်လိုင်းများကို ရောင်းချနေကြပြီး ၎င်းတို့၏ ဝန်ဆောင်မှုများသည် ယခုအချိန်အထိ သုံးစွဲသူများ၏ ကျေနပ်မှုကို မရရှိကြသေးပေ။


ယုဇနကိုကို
Internet Journal

မိခင်နို့က ကလေးများရဲ့ IQ ကိုပိုမြင့်စေနိုင်


မခင်နို့သောက်သုံးရတဲ့ ကလေးငယ်တွေဟာ ဉာဏ်ရည်ဆိုင်ရာ အညွှန်းကိန်းတစ်မျိုးဖြစ်တဲ့ IQ intelligence quotient  ဆိုင်ရာ
ဆန်းစစ်မှုတွေမှာ ပိုမိုမြင့်မားတဲ့ အမှတ်တွေရှိကြောင်း လေ့လာမှု တစ်ရပ်မှာ ဖော်ပြထားပါတယ်။ ဒီလေ့လာမှုကို Brigham Young University  က လူမူသိပ္ပံပညာရှင်တွေက ဖော်ထုတ်နိုင်ခဲ့ပါတယ်။
မိခင်နို့တိုက်ကျွေးခြင်းဟာ မိမိရင်သွေးငယ်ရဲ့ အသက်ကိုးလအရွယ်မှစတင်ပြီး စိတ်ပိုင်းဆိုင်ရာ ခံစားမှုနဲ့က စာဖတ်စွမ်းရည်တွေကို ပိုမိုမြင့်မားစေတယ်လို့ လေ့လာမှု ခေါင်းဆောင် Ben Gibbs  က ပြောကြားထားပါတယ်။ လေ့လာမှုမှာ မိခင်နို့သောက်သုံးခဲ့ရတဲ့ ကလေးငယ်တွေဟာ အသက်လေးနှစ်အရွယ်မှာ ရှိရမယ့် သင်္ချာနဲ့ စာဖတ်စွမ်းရည်တွေနဲ့ သက်ဆိုင်တဲ့ ဦးနှောက်ဖွံ့ဖြိုးမှုတွေကိုနို့ဘူးစို့ခဲ့ရတဲ့ ကလေးငယ်တွေ ထက် လေးလခန့်ပိုပြီး စောစောပိုင်ဆိုင်နိုင်ကြောင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။ သုတေသီတွေဟာ အခုလို ရလဒ်ကိုတွေ့ရှိဖို့ မွေးကင်းစ ကလေးများမှ အသက်ငါးနှစ်အရွယ်တွင်းရှိ ကလေးများကို ပိုင်ဆိုင်တဲ့မိခင် ၇၅၀၀ကျော်ကို သုတေသနပြုခဲ့ကြပါတယ်။ အိမ်တွင်းရိုက်ကူးထားတဲ့ ကလေးငယ်တွေရဲ့ စာဖတ်စွမ်းရည်ပြဗီဒီယိုများ စိတ်ခံစားမှုနဲ့ဆိုင်တဲ့ မေးခွန်းများ သင်္ချာတွက်ချက်မှုများကိုလည်း အသုံးပြုခဲ့ပါတယ်။
Wayne State  ဆေးတက္က သိုလ်မှ သုတေသီSandru  Jacobson က မိခင်နို့ကို ခြောက်လအထက်သောက်သုံးခဲ့ရတဲ့ ကလေးငယ်များဟာ ဉာဏ်ရည်မြင့်မားတဲ့ အပြင်မိခင်များနဲ့ ထိတွေ့မှုပိုများတဲ့အတွက် လူမှုဆက်ဆံရေးမှာလည်း ပိုမိုမြင့်မားတဲ့စွမ်းဆောင်ရည်ရှိကြောင်း ပြောကြားထားပါတယ်။
ဒီလေ့လာမှုကို The Journal of Pediatrics  မှာဖော်ပြထားပါတယ်။
သက်ကို
ref: PTI
Health Updates Journal 

အဆိပ်သင့်စေသည့် မီးသီးများ


ဒီတိုင်းနေရင်တော့ မီးလုံးက အဆိပ်မသင့်ပါဘူး။ သို့ပေမယ့် ကွဲသွားရင်တော့ အဆိပ်သင့်စေပါတယ်။
ဖြစ်ပုံက ဒီလိုပါ။မီးသီးတွေရဲ့  အထဲက အသုံးပြုတဲ့ သတ္တများမှာ မာကျူရီ ပါရှိပါတယ်။ မာကျူရီကြောင့်လည်း လျှပ်စစ်ကောင်းကောင်းကူးပြီး အလင်းရောင် တောက်တောက်ပေးပါတယ်။

သူက အထဲမှာ အမြဲ လောင်ကျွမ်းနေရတာပါ။ အကယ်၍ မီးလုံး တစ်လုံးသာ ကွဲသွားမယ်ဆိုရင် အတွင်းက မာကျူရီဟာ အပြင်ရောက်သွားပါတယ်။ မီးဖွင့်ထားသည်ဖြစ်စေ၊ မဖွင့်ထားသည် ဖြစ်စေ မာကျူရီအငွေ့ ဟာ အခန်းထဲ ကို အမြန်ဆုံး ပျံ့ နှံ့ သွားပြီး မာကျူရီ အဆိပ်သင့်ခြင်းကို ဖြစ်ပေါ် စေပါတယ်။
ယခုနောက်ပိုင်း တိုက်တာ အဆောက်အအုံတွေမှာ မီးလောင်ရင် ဝါယာကြိုးညှော်နှံ့ ထက် မာကျူရီညော်နှံ့ က ပိုအဆိပ်ပြင်းတယ်လို့ ဆိုပါတယ်။ အသက်ရှူလမ်းကြောင်းနဲ့ ဆက်စပ်ရောဂါကို ဖြစ်စေပြီး အဆိုးဆုံး ကတော့ အသက်ဘေးအန္တရာယ်အထိ သက်ရောက်စေခြင်း ဖြစ်ပါတယ်။ဒါကြောင့် အိမ်မှာ မီးသီးကွဲရင်
လက်နဲ့ တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ကြဉ် ရမယ်လို့ တိုက်တွန်းထားပါတယ်။ အဝတ်စ တစ်ခုခုခံပြီးမှ
ကောက်ပြီး ပလပ်စတစ်ထဲမှာ လုံလုံခြုံခြုံထည့်လို့ စွန့်ပစ်ရမှာ ဖြစ်ပါတယ်။ မာကျူရီ အဆိပ်သင့်မှုဟာ မြို့ ကြီးပြကြီးတွေမှာ ပိုမို အဖြစ်များလေ့ ရှိကြောင်း သိရပါတယ်။

credit:yoyarlay

သူ့ ဆံပင်ပုံစံမညှပ်ရင် One Direction အဖွဲ့ ကို မြောက်ကိုရီးယားထဲ ၀င်ခွင့်မပေးဘူးဆိုတဲ့ အာဏာရှင် ကင်ဂျုံအန်


မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် အာဏာရှင် ကင်ဂျုံအန်
က One Direction အဖွဲ့ သားတွေသာ ဆံပင် မညှပ်ဘူးဆိုရင်
သူ့ နိုင်ငံထဲကို ၀င်ခွင့် ပိတ်ပင်

မှာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယားမှာ One Direction အဖွဲ့ လာရောက်ဖျော်ဖြေချင်
တယ်ဆိုရင် အဖွဲ့ သားငါးယောက်လုံးဟာ သူ့ ရဲ့ ဆံပင်တိုတိုပုံစံကို ညှပ်ဖို့ လိုကြောင်း ကင်ဂျုံအန်က အမိန့် ထုတ်ထားတာပါ။

ခေါင်းဆောင်ကြီးကင်ဂျုံအန်ဟာ ကမ္ဘာ့နံပါတ်တစ် အမျိုးသားအဆိုတော်အဖွဲ့ One Direction ရဲ့ ရပ်တည်မှုကို ယှဉ်ပြိုင်စိန်ခေါ်ဖို့ အတွက် အမေရိကန်အဆိုပြိုင်ပွဲ X Factor ပုံစံ ပြိုင်ပွဲတစ်ခုကို နိုင်ငံတွင်းပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ကင်ဂျုံအန်ဟာ သူ့ ကိုယ်ပိုင် Un Direction လို့ နာမည်ပြောင်ပေးထားတဲ့ အဆိုတော်အဖွဲ့  အတွက် အဖွဲ့ ဝင်တွေကို ဒီအဆိုပြိုင်ပွဲကတဆင့် ရွေးချယ်သွားမှာလို့ သိရပါတယ်။

ဒီဆံပင်ကေဥပဒေဟာ လွန်ခဲ့တဲ့အပတ်က
မြောက်ကိုရီးယားကျောင်းသားအချို့ ကို အသက် ၃၁ နှစ်အရွယ် ခေါင်းဆောင်ကြီး ကင်ဂျုံအန်ရဲ့ ဆံပင်ပုံစံအတိုင်း လိုက်ညှပ်စေဖို့ အမိန့် ပေးပြီးနောက်မှာ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားမြို့ တော် ပြုံယမ်းရဲ့ အတွင်းသတင်းတစ်ချို့ က One Direction အဖွဲ့ သာ ဆံပင်မညှပ်ခဲ့ဘူး ဆိုရင် ဒီမှာလာဖျော်ဖြေခွင့်ရမှာမဟုတ်ဘူးလို့ အတည်ပြုထားပါတယ်။

Ref: Mirror.co.uk
Traend Myanmar

Shwemyanmarmediagroup

လှည်းတန်းဂုံးကျော်တံတား ကွန်ကရစ်ဘောင်များပဲ့ကျမှုကြောင့် အရေးပေါ်ပိတ်


ယနေ့ မြင်တွေ့ရသောလှည်းတန်းတံတားအား ယာယီပိတ်ထားပုံ

ဧပြီ ၁ ၊ ရန်ကုန်

မကြာသေးခင်ကတည်ဆောက်ပြီးစီးခဲ့သည့် လှည်းတန်း ဂုံးကျော်တံတားအပေါ်ဘောင်အောက်ခြေမှ ကွန်ကရစ်များ ပဲ့ကြွေကျခဲ့ပြီး အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည့်အတွက် တံတားဖြတ်သန်းသွားလာခွင့်ကို ယနေ့ မွန်းလွဲ ၃နာရီ ခွဲ ခန့်မှ စတင်ကာ အရေးပေါ် ပိတ်ပစ်ခဲ့ရသည် ။

အဆိုပါဖြစ်စဉ်နှင့် ပါတ်သက်၍ စစ်ဆေးမှုများပြုလုပ်ရန်တာဝန်ရှိသူများရောက်ရှိလာခဲ့ကြပြီး အန္ဒရာယ်ဖြစ်ပေါ်နိုင်ခြေရှိသည့်အတွက် ယခုကဲ့သို့  အရေးပေါ်ပိတ်ခဲ့ရခြင်းဖြစ်ပြီး ဖြစ်ပွားရခြင်းအကြောင်းရင်းကို စုံစမ်းဆဲဖြစ်သည်။

ဓါတ်ပုံ - ခန့်ခေတ်သစ်
Posted From Myat Thu

အစုရှယ်ယာများမှ အမေရိကန်ဒေါ်လာ ၃.၃ ဘီလျံကျော်ကို ဇူကာဘတ် ရရှိ


ဧပြီ ၁။

Facebook တည်ထောင်သူ မက်ဇူကာဘတ်သည် ၂၀၁၃ ခုနှစ်အတွင်း ရှယ်ယာများ ဝယ်ယူနိုင်ခွင့်ကို ရောင်းချခြင်းမှ တစ်ဆင့် အမေရိကန်ဒေါ်လာ ၃.၃ ဘီလျံ ရရှိခဲ့ကြောင်း အချက်အလက်များ ထွက်ပေါ်ခဲ့သည်။

Facebook အား အများပိုင် ကုမ္ပဏီအဖြစ် ပြုလုပ်ပြီးနောက်တွင် ဇူကာဘတ်၏ ရှယ်ယာ ဝယ်ယူနိုင်ခွင့်ကို ထောက်ပံ့နိုင်မှု လျော့ကျခဲ့သည်။

ဇူကာဘတ်သည် အခွန်ဆောင်ရာတွင် အထောက်အကူ ဖြစ်ရန်အတွက် အစုရှယ်ယာပေါင်း သန်း ၆၀ ကို ရရှိထားခဲ့သည်။

၂၀၁၃ ခုနှစ်အတွက် သူ၏  အခြေခံလစာမှာ ၁ ဒေါ်လာ သို့ကျဆင်းခဲ့ပြီး ဂူဂဲလ်၏ လယ်ရီပေ့ခ်ျနှင့် Apple ကုမ္ပဏီ ပိုင်ရှင် စတိဗ်ဂျော့တို့ ကဲ့သို့ နည်းပညာ ကုမ္ပဏီခေါင်းဆောင်များ ကဲ့သို့ပင် ဖြစ်သည်။

အထွေထွေ ထောက်ပံ့ကြေးမှာ ၂၀၁၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁.၉၉ သန်းမှ ၆၅၃၁၆၅ အမေရိကန်ဒေါ်လာသို့ ကျဆင်းခဲ့သည်။

ကုန်ကျစရိတ် အများစုမှာ လုံခြုံရေးဆိုင်ရာ အကြောင်းအချက်အလက်များကြောင့် ပုဂ္ဂလိက လေယာဉ်များဖြင့် ပျံသန်းမှုတွင် ကုန်ကျခဲ့ခြင်း ဖြစ်ကြောင်း Facebook မှ ပြောဆိုခဲ့သည်။

မက်ဇူကာဘတ်မှာ လက်ရှိတွင် အမေရိကန်ဒေါ်လာ ၂၅.၇ ဘီလျံ တန်ဖိုးရှိ Facebook ရှယ်ယာပေါင်း ၄၂၆.၃ သန်းကို ပိုင်ဆိုင်ထားသည်။

မိုဘိုင်းကြော်ငြာများမှ ရရှိသော ငွေကြေးသည် မျှော်မှန်းထားသည်ထက် ပိုမိုကောင်းမွန်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီးနောက်တွင် လူမှုဆက်သွယ်ရေး ကွန်ယက်တွင် ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Facebook ၏ ရှယ်ယာများမှာ ပြီးခဲ့သောနှစ်ကထက် နှစ်ဆနီးပါး ထိုးတက်ခဲ့သည်။

REF: BBC
The Myanma Age 

မိကျောင်းကန်မြေ လုံးဝ ပြန်ပေးမည်မဟုတ်ဟု တပ်စည်ပင်မှ ဒုတိယရဲမှူးကြီးသက်နိုင် ပြော


ရန်ကုန်၊ ဧပြီ ၁

၁၉၉၁ ခုနှစ်တွင် စစ်တပ်ကသိမ်းယူထားသော မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ရှိမြေများအား လုံးဝ ပြန်ပေးမည်မဟုတ်ဟု တပ်စည်ပင်မှ ဒုတိယရဲမှူးကြီး သက်နိုင်က ပြောသည်။

“နိုင်ငံတော်အတွက် ပေးဆက်ပြီး အလုပ်လုပ်ခဲ့တဲ့စစ်သားတွေအတွက် အိမ်ယာဆောက်ပေးမှာပါ။ အစီစဉ်အားလုံးရှိနေပြီးသားဖြစ် တဲ့အတွက် ပြန်ပေးဖို့လုံးဝ အစီစဉ်မရှိပါဘူး”ဟု ၄င်းက ပြောသည်။

ရန်ကုန်တွင် ရက်ရှည်သပိတ်စခန်းဖွင့် ဆန္ဒပြနေသော မြန်မာ့ဂုဏ်ရောင် သပိတ်စခန်းနှင့် မိကျောင်းကန် သပိတ်စခန်းမှ ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာမြို့နယ်များမှ လွှတ်တော်ကိုယ်စားလှယ်များ၊ အိုးအိမ် ဖွံဖြိုးတက်မှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်စည်ပင်သာယာရေးကော် မတီမှ စီမံဌာနမှူး၊ တပ်စည်ပင်မှ တာဝန်ရှိသူများနှင့် ကာကွယ်ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဦးတင်ဝင်းတို့ ယနေ့ ဧပြီ ၁ရက်တွင် မြို့တော်ခန်းမ၌ ထိပ်တိုက်တွေ့ဆုံကာ သပိတ်စခန်းမမဖွင့်လှစ်ရေးအတွက် ညှိနှိုင်းရာတွင် ဒုတိယရဲမှူးကြီး သက်နိုင်မှ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

(သတင်း/ဓါတ်ပုံ ဖိုးလပြည့်)
Popular Myanmar News Journal

ရခိုင်တွင် ဘင်္ဂါလီများ သန်ခေါင်စာရင်း အကောက်မခံဘဲ နှစ်ရက်ဆက်တိုက် ဆန္ဒပြ


သန်ခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့် မရသဖြင့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများ သန်ခေါင်စာရင်း အကောက်မခံဘဲ နှစ်ရက်ဆက်တိုက် ဆန္ဒပြနေကြောင်း စာရင်းကောက်များနှင့် ဒေသခံများထံမှ သိရှိရသည်။

ဘူးသီးတောင်မြို့နယ်ရှိ ဘင်္ဂါလီများ နေထိုင်သည့် ကျေးရွာများကို မတ်လ ၃၀ ရက်နေ့နှင့် ၃၁ ရက်နေ့တွင် သန်ခေါင်းစာရင်း သွားရောက်ကောက်ယူခဲ့ရာ ရိုဟင်ဂျာဟု ထည့်သွင်းခွင့် မပြုသဖြင့် ဘင်္ဂါလီများက အကောက်မခံကြသော်လည်း ရိုဟင်ဂျာ ထည့်ခွင့်မရဟု ဆိုကာ အကြမ်းဖက်မှုများ မရှိသေးကြောင်း စာရင်းကောက် ကျောင်းဆရာတစ်ဦးက ပြောကြားသည်။

“ရွာလေးရွာကို သွားကောက်တယ်။ အဲဒီလေးရွာထဲက အုပ်ချုပ်ရေးမှူး တစ်ယာက်ပဲ ဘင်္ဂါလီလို့ သန်ခေါင်းစာရင်း အကောက်ခံတယ်” ဟု အဆိုပါ စာရင်းကောက်က မတ်လ ၃၁ ရက်နေ့ အခြေအနေကို ရှင်းပြသည်။

အလားတူ စစ်တွေ၊ မောင်တော အပါအဝင် မြို့နယ်များတွင် ဘင်္ဂါလီများက ရိုဟင်ဂျာဟု ထည့်သွင်းခွင့်မရ၍ သန်းခေါင်းစာရင်း အကောက်မခံဘဲ ဆန္ဒပြနေကြကြောင်း ဒေသခံများထံမှ သိရသည်။

သန်းခေါင်းစာရင်း ကောက်ယူခံသူ၏ ဆန္ဒအတိုင်း လူမျိုးအမည်ကို ရေးသွင်းရမည်ဟု အစိုးရက တရားဝင် အသိပေးထားသော်လည်း မတ်လ ၃၀ ရက်နေ့တွင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့် မပြုခြင်းမှာ ပြသာနာဖြစ်ပွားအောင် လုပ်ဆောင်ရာ ရောက်ကြောင်း၊ ရိုဟင်ဂျာဟု ထည့်ခွင့်မရ၍ သန်းခေါင်းစာရင်း အကောက်မခံကြောင်း စစ်တွေမြို့ရှိ ဘင်္ဂါလီများ နေထိုင်သည့် သဲချောင်းကျေးရွာမှ ဦးမောင်မောင်က ဆိုသည်။

သန်းခေါင်းစာရင်း ကောက်ယူရာတွင် မေးခွန်းများ ဖြေဆိုရန် ငြင်းဆိုခြင်း၊ သိလျက်နှင့် မှားယွင်းစွာ ဖြေဆိုခြင်း မပြုလုပ်ရဟု လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်းစာရင်း ဥပဒေတွင် တားမြစ်ထားပြီး ယင်းတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက တစ်လထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသောင်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်ဟု ယင်းဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ပြည်ထောင်စုအစိုးရအဖွဲ့က ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကို တာဝန်လွှဲချက်အရဟု ဆိုကာ မတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် သန်းခေါင်းစာရင်း ကောက်ယူရာ၌ နိုင်ငံတော်အစိုးရက လက်မခံသည့် ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံကြောင်း တရားဝင် စာထုတ်ပြန်သဖြင့် ရခိုင်တိုင်းရင်းသားများ လဝခန့်ကြာ သပိတ်မှောက်ထားမှုကို ယင်းနေ့တွင် ရပ်ဆိုင်းလိုက်သည်။

ရန်ကုန်မြို့တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် မတ်လ ၃၀ ရက်နေ့က သန်းခေါင်းစာရင်း ကောက်ယူရာတွင် လူမျိုးသင်္ကေတ မှားယွင်း ဖြည့်သွင်းခံရပြီး ထားဝယ် ငါးဦးနှင့် ဗမာတိုင်းရင်းသား တစ်ဦးကို စာရင်းကောက်ယူရာတွင် ခြောက်ဦးလုံးကို ဗမာအဖြစ် ထည့်သွင်းကောက်ယူသွားကြောင်း ထားဝယ်တိုင်းရင်းသူ တစ်ဦးက ပြောကြားသည်။

“ထားဝယ်လို့ ပြောတာကို ၅၀၁ (ဗမာ) ဆိုပြီး မှတ်သွားတယ်။ ထားဝယ် ကုတ်နံပါတ်က ၅၀၂ ဆိုပြီး ထားဝယ်အဖွဲ့တွေ ပြောကြတာ့တွေ့တယ်။ ဘာကြောင့် ၅၀၁ မှာ ထည့်ကောက်တာကိုတော့ မမေးလိုက်ရဘူး” ဟု ၎င်းကဆိုသည်။

သန်းခေါင်းစာရင်း မကောက်ယူမီ နှစ်ရက်ခန့်က ဆယ်အိမ်မှူးနှင့် စာရင်းကောက် ဆရာမများက အိမ်ထောင်စုစားရင်းနှင့် လူဦးရေစာရင်းများကို ကောက်ယူခဲ့သော်လည်း အကြောင်းအရင်းကို မသိရှိရသေးကြောင်း ၂၀၁၄ ခုနှစ် ကရင်မျိုးနွယ်စုဆိုင်ရာ ညှိနှိုင်းရေးမှူး ဦးစောကျော်စွာက ပြောကြားသည်။

“သန်ခေါင်းစာရင်း လာကောက်တာ အားလုံးအဆင်ပြေပါတယ်။ ဒါပေမဲ့ နိုင်ငံတကာမှာ မေးလေ့မေးထ မရှိတဲ့ လူမျိုးတို့၊ ကိုင်ဆောင်ထားတဲ့ နိုင်ငံသားကတ် အမျိုးအစားတွေကို မေးတယ်။ ဘာရည်ရွယ်ချက်နဲ့ ကောက်လဲဆိုတာကို ရှင်းရှင်းလင်းလင်း မသိရဘူး” ဟု ၎င်းကဆိုသည်။

နှစ်ပေါင်းသုံးဆယ်ကျော်တွင် ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံတွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ကောက်ယူမည် ဖြစ်သည်။

The Voice Weekly

အမျိုးသမီးတိုင်း သိသင့်သော ကင်ဆာလက္ခဏာ ၁၀ မျိုး


အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ ကင်ဆာရောဂါတွေ အတွက် သတိပေး လက္ခဏာတွေကို လျစ်လျူရှု မထားသင့်ပါဘူး။ ဒီလက္ခဏာတွေကို အစောပိုင်း အဆင့်ကတည်းက သိနားလည်မှသာ ကုသမှုကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

(၁) တင်ပဆုံ နာကျင်ကိုက်ခဲခြင်း
ချက်အောက်ပိုင်း တင်ပဆုံတွင်းမှာ နာကျင်တာနဲ့ တင်းနေတာစတဲ့ လက္ခဏာ တွေကို တာရှည်ခံစားနေရရင် သတိထားသင့်ပါတယ်။ ဒါက ရာသီအကြို ဝေဒနာ မဟုတ်ဘူးဆိုတာ သေချာဖို့တော့ လိုပါတယ်။ တင်ပဆုံတွင်း နာကျင်ကိုက်ခဲမှုဟာ မမျိုးဥအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ မိန်းမကိုယ် ကင်ဆာစတဲ့ ကင်ဆာတွေနဲ့ ဆက်စပ်မှုရှိလို့ သတိထားသင့်ပါတယ်။

(၂) ဝမ်းဗိုက်ဖောင်းခြင်း၊ လေပွခြင်း
ဝမ်းဗိုက်ဖောင်းတာနဲ့ လေပွတာက မမျိုးဥအိမ်ကင်ဆာမှာ အတွေ့ရများတဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ လေပွတာကြောင့် ဘောင်းဘီ ကြယ်သီးကိုတောင် မတပ်နိုင်အောင် ဖြစ်နေတာမျိုး၊ ဘောင်းဘီဆိုက်ကြီးတာကို ဝတ်ရတာမျိုး ဖြစ်နေရင် ဒီလက္ခဏာတွေကို လျစ်လျူမရှုသင့်ပါဘူး။

(၃) ခါးအောက်ပိုင်း ကြာရှည် ကိုက်ခဲခြင်း
ခါးနာတာက ခါးအောက်ပိုင်းမှာ အဖြစ်များပြီး စူးရှတဲ့ ကိုက်ခဲမှုမျိုးကို ခံစားရ တတ် ပါတယ်။ တချို့အမျိုးသမီးတွေက ကလေးမွေးတဲ့ ခံစားချက်မျိုးနဲ့ ဆင်တူတယ်လို့ ဆိုကြပါတယ်။ ခါးနာတာက မမျိုးဥအိမ် ကင်ဆာရဲ့ လက္ခဏာတစ်ရပ်ပါ။

(၄) ကြာရှည် ဖျားနာခြင်း
ခုနစ်ရက်ထက် ပိုကြာကြာ ဖျားရင် ဒါမှမဟုတ် အဖျားက မပျောက်နိုင်ဖြစ်နေရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။ ကြာရှည်ဖျားနာတာက ကင်ဆာရဲ့ လက္ခဏာ တစ်ရပ် ဖြစ်နိုင်လို့ပါ။ ဒါပေမဲ့ အများအားဖြင့် ဖျားတာက တခြားအပရိက ဝေဒနာတွေရဲ့ လက္ခဏာလည်း ဖြစ်တတ်ပါတယ်။

(၅) မိန်းမကိုယ်မှ ပုံမမှန်သွေးဆင်းခြင်း
မိန်းမကိုယ်က ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာက စိုးရိမ်ရပါတယ်။ ရာသီသွေး အလွန်အမင်း ဆင်းတာ၊ ရာသီလာချိန် တစ်ချိန်နဲ့ တစ်ချိန်ကြား သွေးဆင်းတာ၊ Sex အတွင်းနဲ့ အပြီးမှာ သွေးဆင်းတာတွေ အားလုံးက ပုံမမှန် သွေးဆင်းမှုတွေဖြစ်ပြီး အမျိုးသမီး ကင်ဆာ လက္ခဏာတွေလည်း ဖြစ်ပါတယ်။ ဒီလက္ခဏာတွေက သားအိမ်ခေါင်းကင်ဆာ၊ သားအိမ်ကင်ဆာနဲ့ မမျိုးဥအိမ် ကင်ဆာတို့နဲ့ ဆက်စပ်မှု ရှိပါတယ်။

(၆) ဝမ်းသွားသော အလေ့အထ ပြောင်းလဲမှု ကြာရှည်ဖြစ်ပေါ်ခြင်း
ဝမ်းချုပ်တာ၊ ဝမ်းလျှောတာ၊ ဝမ်းထဲ သွေးပါတာ၊ လေထတာ၊ ဝမ်းအရည်ကျဲကျဲ သွားတာနဲ့ အူအလေ့အထ ပြောင်းလဲမှုတွေ ဖြစ်ရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။ ဒါတွေက မီးယပ်သားဖွားကင်ဆာနဲ့ အူမကြီးကင်ဆာ လက္ခဏာတွေနဲ့ ဆက်စပ် နေတတ်ပါတယ်။

(၇) အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန် များစွာလျော့ကျခြင်း
ဘာအကြောင်းရင်းမှ မရှိဘဲ ကိုယ်အလေးချိန် ၁၀ ပေါင်နဲ့အထက် လျော့ကျ တာက ပုံမှန် မဟုတ်ပါဘူး။ အမျိုးသမီး တစ်ဦးရဲ့ ကိုယ်အလေးချိန်က တစ်လအတွင်း အတက်အကျ ဖြစ်နိုင်ပေမယ့် ၁၀ ပေါင်နဲ့အထက် လျော့ကျရင် ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။

(၈) မိန်းမကိုယ် ပုံမမှန်ပြောင်းလဲမှုများ
မိန်းမကိုယ်မှာ အနာဖြစ်တာ၊ အရည်ကြည်ဖြစ်တာ၊ အရေပြား အရောင်ပြောင်း လဲတာနဲ့ မိန်းမကိုယ်ကနေ ပုံမမှန် အရည်ဆင်းတာတွေဖြစ်ရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

(၉) ရင်သားပြောင်းလဲခြင်း
လစဉ် ရင်သား စစ်ဆေးမှုအတွင်း အဖုအကျိတ်ပေါ်တာ၊ နာကျင်တာ၊ ရင်သားက အရည်ထွက်တာ၊ ရင်သား နီမြန်းတာနဲ့ ရောင်ရမ်းတာတို့ ဖြစ်နေရင် ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ပါ။

(၁၀) နုံးချည့်ညောင်းညာခြင်း
အဖြစ်များဆုံး ကင်ဆာလက္ခဏာ တစ်ရပ်က နုံးချည့်ညောင်းညာတာပါ။ ကင်ဆာ အဆင့်မြင့်တဲ့အခါ ပိုမို နုံးချည့် ညောင်းညာနိုင်ပေမယ့် ကင်ဆာ အစောပိုင်း အဆင့်မှာကတည်းက သိသာထင်ရှားတဲ့ ဝေဒနာပါ။ နေ့စဉ် ပုံမှန်လုပ်ဆောင်မှုတွေ လုပ်တာတောင် နုံးချည့်ညောင်းညာ နေဆဲဆိုရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
Good Health Update

Red Link၏ ၀န်ဆောင်မှုများ ညံ့ဖျင်းနေသည်ဟု အသုံးပြုသူများ ပြောဆို


အင်တာနက် လုပ်ငန်း လုပ်ကိုင်ခွင့် ရထားသည့် Red Link အင်တာနက် လိုင်းအား ချိတ်ဆက် အသုံးပြုနေသူများ အနေဖြင့် သုံးစွဲရ အဆင် မပြေကြောင်း ပြောဆိုလာ ကြသည်။

Red Link ၏ အင်တာနက် သုံးစွဲခသည် ရတနာပုံ တယ်လီပို့နှင့် ယှဉ်ပါက ဈေးနှုန်းများသည့် အပြင် အင်တာနက်လိုင်း မကြာခဏ ကျတတ်ကြောင်း ရတနာပုံ တယ်လီပို့နှင့် Red Link နှစ်မျိုးလုံး ချိတ်ဆက် သုံးစွဲနေသည့် တာမွေ မြို့နယ်မှ ကုမ္ပဏီ ပိုင်ရှင် တစ်ဦးက ပြောသည်။

“ကျွန်တော်က ၅၁၂ KB ကို ရတနာပုံ တယ်လီပို့ ADSL ကနေ ယူထားတယ်။ တစ်လကို သုံးစွဲခ ၆၀ ဒေါ်လာ ပေးရတယ်။ အဲဒီ ရတနာပုံ သုံးတာ ဘာပြဿနာမှ မရှိဘူး။ အဆင်ပြေတယ်။ Red Link ကို ၂MB ယူထားတယ်။ ပလက်တီနမ်လို့ ခေါ်တာပေါ့။ တစ်လကို ဒေါ်လာ ၉၀ ပေးရတယ်။ တစ်လ မပြည့်သေးဘူး။ သုံးစွဲခွင့် Data ပြည့်ပြီဆိုပြီး လိုင်းက ပိတ်လိုပိတ်သွား၊ အင်တာနက် လိုင်းက တစ်ချိန်လုံး ကျလိုကျနဲ့ သုံးစွဲရတာ အဆင်ကို မပြေဘူး။ တစ်ဆင့်မြင့်တဲ့ Unlimited ပလက်တီနမ် ပလပ်စ်ကို ယူဖို့ကျတော့လည်း ငွေပဲ ပိုပေးရမှာ ဘာဝန်ဆောင်မှုမှ ထူးပြီး ကောင်းလာမှာ မဟုတ်ဘူး။ လောလောဆယ်တော့ ဘာပဲပြောပြော ဈေးသက်သက် သာသာနဲ့ တစ်ရုံးလုံး သုံးလို့ အဆင်ပြေ နေတာကတော့ ရတနာပုံ တယ်လီပို့ပဲ”ဟု သူတွေ့ကြုံ နေရသော အခက် အခဲ များကို ပြောပြ သွားသည်။

Red Link၏ အင်တာနက် သုံးစွဲသူ အခြား တစ်ဦးကမူ Red Linkက မြို့တစ်မြို့ကို Promotion ၀င်တော့မယ် ဆိုရင် အဲဒီ မြို့နယ်ထဲမှာ သုံးလို့ အရမ်း ကောင်းလာတယ်။ အင်တာနက် Speed တက်လာတယ်။ သူတို့ Promotionလည်း ပြီးရော ဒုံရင်း ဒုံရင်းပဲ။ ၀ယ်မယ့်သူ များအောင် ညာနေတာပဲ”ဟု ပြောပြသည်။

Red Link သည် လွှတ်တော် နာယက သူရ ဦးရွှေမန်း၏ သား စီးပွားရေး လုပ်ငန်းရှင် ဦးအောင်သက်မန်း ပိုင်ဆိုင်ပြီး အင်တာနက် ၀န်ဆောင်မှုကို မည်သည့် ပုဂ္ဂလိကမှ လုပ်ပိုင်ခွင့် မရှိသည့် ခေတ်ကပင် ပုဂ္ဂလိက ကုမ္ပဏီ အနေဖြင့် လုပ်ဆောင်ခွင့် ရရှိထားသည့်သူ ဖြစ်သည်။

Tomorrow

ထန်တလန်မြို့၌ မီးလောင်မှုဖြစ်ပွား


ထန်တလန် မတ် ၃၀

ချင်းပြည်နယ် ထန်တလန်မြို့ အမှတ်(၂)ရပ်ကွက် မြို့မဈေးအရှေ့ဘက်နေ ဦးမွန်ကျမ်း မိသားစုသည် အသင်းတော်ကျောင်း၌ ဘုရားကျောင်းတက်နေစဉ် မတ် ၃၀ ရက် နံနက် ၉ နာရီ ၄၅ မိနစ်က ၎င်း၏နေအိမ် မီးဖိုချောင် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးကူးစက်လောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် ဦးမွန်ကျမ်း၏ ပျဉ်ထောင်အိမ် မီးလောင်ခဲ့ပြီး လူ၊ တိရစ္ဆာန်တို့ ထိခိုက်မှု မရှိကြောင်းနှင့် မီးပေါ့ဆစွာသုံးစွဲသူ ဦးမွန်ကျမ်းအား ထန်တလန်မြို့မရဲစခန်းက (ပ) ၁၂/၂၀၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ ဖြင့် အရေးယူထားကြောင်း သိရသည်။

MOI Webportal Myanmar

အမှောင်ထုအတွင်းတွေ့မြင်နိုင်ရန် ကူညီပေးမည့် မျက်ကပ်မှန်


ညအမှောင်ထုအတွင်းသို့ ကျွန်ုပ်တို့၏ သာမာန်မျက်စိဖြင့် တွေ့မြင်နိုင်ရန် အနီအောက်ရောင်ခြည်သုံး ညကြည့်မှန်ပြောင်းများကို အသုံးပြုမှသာ တွေ့မြင်နိုင်မည် ဖြစ်ပါသည်။ သို့သော် ယခုအခါတွင် သုတေသန သမားများအနေဖြင့် ညအမှောင်ထုအတွင်း တွေ့မြင်နိုင်မည့် မျက်ကပ်မှန်တစ်ခုအား တီထွင်လုပ် ဆောင်လျက် ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါသည်။

အဆိုပါလုပ်ဆောင်နေသော အဖွဲ့အနေဖြင့် မျက်ကပ်မှန်အတွင်း Granphene ကိုထည့်သွင်းထားခြင်း ဖြင့် ညအမှောင်အတွင်း မြင်နိုင်သော အာရုံခံစနစ်တစ်ခုကို တည်ဆောက်နိုင်ခဲ့ကြပါသည်။ သုတေသနသမား များအနေဖြင့် ယခုအခါတွင် လူ၏ လက်ချောင်းထိပ်အရွယ်ထက် သေးငယ်သော နမူနာပုံစံတစ်ခုအား တီထွင် ထုတ်လုပ်နိုင်ခဲ့ကြသည်ဟု သိရှိရပြီး မကြာမီကာလအတွင်း စစ်သည်များနှင့် ညအချိန်အတွင်း မြင်တွေ့နိုင်ရန် လိုအပ်မည့် မည်သူမဆို အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်းလည်း ၄င်းအဖွဲ့မှ ပြောကြားခဲ့ရပါသည်။

Michigan တက္ကသိုလ်မှ လျှပ်စစ်နှင့်ကွန်ပျူတာဌာန၏ လက်ထောက်ပါမောက္ခ ZhaohuiZhong မှ ၄င်းတို့အနေဖြင့် အလွန်ပါးလွှာသော အာရုံခံစနစ်တစ်ခုကို လုပ်ဆောင်နိုင်ခဲ့ကြပြီး ၄င်းစနစ်အား မျက်ကပ်မှန် အပေါ်တွင် ပေါင်းစပ်ခဲ့သည်ဟု ဆိုပါသည်။

ယခုနည်းပညာသည် အခြားသော လုပ်ငန်းဆိုင်ရာ၊ ပတ်ဝန်းကျင်အခြေအနေမျိုးစုံ အတွက် ထောက်ပံ့ပေးနိုင်လိမ့်မည်ဟုလည်း Zhong မှယုံကြည်လျက်ရှိပါသည်။ သုတေသနအဖွဲ့အနေဖြင့် Graphene အား ဈေးကွက်ရှိကင်မရာများတွင် ပါဝင်သော CMOS Silicon Imaging အာရုံခံစနစ်ကဲ့သို့ တုံ့ပြန်မှု လွယ်ကူ အောင် တီထွင်နိုင်ခဲ့ကြပါသည်။ Graphene ဆိုသည်မှာ Ultra-broadband Photodetector အတွက် အသုံးပြု ရန် ကောင်းမွန်သော ဒြပ်ပစ္စည်းတစ်မျိုးဖြစ်ပါသည်။

ကျွန်ုပ်တို့အနေဖြင့် ညအမှောင်ထုအတွင်း မြင်နိုင်ရန် အနီအောက်ရောင်ခြည်သုံး ကိရိယာများကို အသုံးပြုခဲ့ကြသော်လည်း ၄င်းပစ္စည်းများမှာ အရွယ်အစားအနေဖြင့် ကြီးမားလှပါသည်။ ယခုကဲ့သို့ လူ၏ မျက်ကပ်မှန်အရွယ်အစားအဖြစ် ဖြစ်ပေါ်လာရန်မှာ လွန်စွာခက်ခဲသော လုပ်ဆောင်ချက်ဖြစ်ပြီး ဆက်လက်၍ ထုတ်လုပ်ဖြန့်ဖြူးနိုင်သည်အထိ ဖြန့်ဝေနိုင်ပါက လူသားများအတွက် လွန်စွာအသုံးဝင်သော ပစ္စည်းတစ်ခု ဖြစ်လာတော့မည်ဖြစ်ပါသည်။

Ref:dailymail
WorldWide(BMSTU)
TechSpace Journal

အန္တာရာယ်ရှိတဲ့ ထမင်းများ


တကယ်ကို လူတွေအတွက် သိသင့်တယ်ထင်လို့ မျှဝေပေးလိုက် ရပါတယ်။
အဲဒါကတော့ ပှုပှုနွေးနွေးချက်ပြုတ်ထားတဲ့ ထမင်းမဟုတ်ဘဲ ထမင်းကျန်တွေဟာလူတွေ အတွက် အန္တာရာယ်များစွာ ရှိကြောင်း သိရပါတယ်။

အထူးသဖြင့် စားသောက်ဆိုင်များတွင် ရောင်းချသော ထမင်းကျန်တွေဟာ
ပြန်နွေးခြင်း မပြုလုပ်ထားသည့်အတွက် မှိုများကပ်ညိုနေနိုင်တယ်လို့ သိရပါတယ်။

အဲဒီလို မှိုကပ်နေတဲ့ ထမင်းများကို စားသုံးကြတဲ့ သူတိုင်းများ ပြင်းထန်သော
ရောဂါများကို ဖြစ်စေမှာဖြစ်တယ်လို့ သိရပါတယ်။ ထမင်းကျန် ဆိုပေမယ့်လည်း ပြန်နွေးကာ စားသောက်ခြင်း (သို့) ရေခဲသေတ္တာထဲတွင် ထည့်ထားမယ်ဆိုရင်တော့ အန္တာရယ် မရှိပါဘူး။

ဒါကြောင့် အေးနေပြီး ထမင်းကျန်ပုံ ပေါ်နေတဲ့ ထမင်းများကို မစားကြပါနဲ့လို့
တိုက်တွန်းပါရစေ။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

အစ္စလာမ်ဘာသာဝင်အချို့ကို သန်းခေါင်စာရင်းကောက်ရာတွင် လူမျိုးအမည် မမေးဟုဆို


အစ္စလာမ်ဘာသာဝင်အချို့ကို ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရာတွင် လူမျိုးအမည် မေးမြန်း ခြင်းမရှိဘဲ ကောက်ယူသွားသည်ဟု ပဲခူးတိုင်း မြန်မာမွတ်ဆလင်လူငယ်များအဖွဲ့ ဥက္ကဋ္ဌဦးခင်မောင်မြင့် က မတ်လ ၃၁ ရက်တွင် ပြောသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် ပြည်တွင်းရှိ အစ္စလာမ်ဘာသာဝင်များသည် ဘင်္ဂါလီ၊ ရိုဟင်ဂျာတို့ နှင့်အတူ မြန်မာနိုင်ငံအတွင်းရှိ အခြားလူမျိုးများနှင့် အခြားနိုင်ငံခြားသားများအဖြစ် ကုတ်နံပါတ်(၉၁၄)အုပ် စုတွင် ပါဝင်သည်ဟု ဆိုသည်။

“ကျွန်တော့်ကို အနယ်နယ်အရပ်ရပ်က အစ္စလာမ်ဘာသာဝင်တွေ ဖုန်းနဲ့ အကြောင်းကြားတယ်။ လူမျိုး အမည် ဖြည့်ခွင့်မရလိုက်ဘူး။ ကုတ်ပဲဖြည့်လိုက်ရတယ်လို့ ပြောတယ်။ မော်လမြိုင်နဲ့ ပေါက်ခေါင်းမှာ တော့ ပြန်ဖြည့်ခွင့်ရသွားကြပြီ။ ပြည်မှာတော့ မရသေးဘူး။ အခုလို လူမျိုးအမည်မရေးဘဲ(၉၁၄)ပဲ ရေး မယ်ဆိုရင် ကျွန်တော်တို့ အလိုလို ဧည့်နိုင်ငံသားထဲရောက်သွားမယ်”ဟု ဦးခင်မောင်မြင့်က ပြောသည်။

သို့သော် သန်းခေါင်စာရင်းကောက်ယူရာတွင် အစ္စလာမ်ဘာသာဝင်များကို လူမျိုးအမည် ထည့်သွင်းဖော် ပြပေးခဲ့သည်ဟု ပြည်မြို့၊ ကျောင်းကြီးအိုးတန်းရပ်ကွက် သန်းခေါင်စာရင်းရုံးမှ စာရင်းစစ် ဦးရဲလွင်က တုံ့ ပြန်ပြောဆိုသည်။

“လူမျိုးထည့်ရေးပေးပါတယ်။ နိုင်ငံတော်က သတ်မှတ်ထားတဲ့အတိုင်းပဲ လုပ်တယ်။ ကျန်တာရေးလို့မရ ဘူး။ ကျွန်တော်တို့က မှားပြီးရေးလို့မရဘူး။ သူတို့ဘက်က မှန်မှန်ကန်ကန်ပြောဖို့လိုသလို ကျွန်တော်တို့ ဘက်ကလည်း မှန်မှန်ကန်ကန်ရေးဖို့လိုတယ်”ဟု ဆိုသည်။

သန်းခေါင်စာရင်းကောက်ယူသည့် နေရာတချို့တွင် အစ္စလာမ်ဘာသာဟု ပြောလိုက်ရုံဖြင့် လူမျိုးအမည် မေးမြန်းခြင်းမရှိဘဲ ကုတ်နံပါတ်(၉၁၄)ဟုသာ ဖော်ပြမှုများရှိနေကြောင်း ၊ အစိုးရက နိုင်ငံခြားသားအဖြစ် အသိအမှတ်ပြုသွားမည်ကို အစ္စလာမ်ဘာသာဝင်များက စိုးရိမ်နေကြောင်း ဦးခင်မောင်မြင့်က သုံးသပ် ပြောဆိုသည်။

ပြည်မြို့၊ ကျောင်းကြီးအိုးတန်းရပ်ကွက်မှ အစ္စလာမ်ဘာသာဝင် ဟိန္ဒူစတန်နီလူမျိုး ဦးဇော်ဝင်းဆိုသူက “ကျွန်တော်က အစ္စလာမ်ဘာသာလို့ ပြောလိုက်တာနဲ့ (၉၁၄)ပဲဆိုပြီး လာကောက်တဲ့ဆရာမက သူ့ဟာ သူဖြည့်လိုက်မယ်လို့ ပြောတယ်။ လူမျိုးဖြည့်ပေးဖို့ ရုံးသွားပြောတော့ ထည့်လိုက်ပါပြီ။ စိတ်ချပါလို့ပဲ ပြော တယ်။ ဖြည့်လား မဖြည့်လား ဘာမှကို မမြင်ရတာ။ ကျွန်တော် ဘာလူမျိုးပါဆိုတာ ပြောခွင့်မရသလိုဖြစ် နေတယ်”ဟု ပြောသည်။

သန်းခေါင်စာရင်းကောက်မှုနှင့်ပတ်သက်၍ ဖြည့်စွက်ပြီးစာရင်းစာရွက်များအား စာရင်းစစ်၊စာရင်းကောက် နှင့် ကော်မရှင်မှသာ ကြည့်ခွင့်ရှိသဖြင့် ကာယကံရှင်များ ပြန်လည်စစ်ဆေးခွင့်မပေးနိုင်ကြောင်း၊ လူမျိုး အမည်စာရင်း ထည့်သွင်းခြင်းမရှိဟုဆိုသည်မှာလည်း အစ္စလာမ်ဘာသာဝင်များအနေဖြင့် ၎င်းတို့၏ ထင် မြင်ယူဆချက်ကို တစ်ဖက်သတ်ပြောဆိုခြင်းဖြစ်ကြောင်း ဦးရဲလွင်က ပြန်လည်ပြောဆိုသည်။

Mizzima Burmese

သေနတ်ဖြင့်ပစ်ဖမ်းသော်လည်း လွတ်မြောက်သွားသည့် မူးယစ်တရားခံ ဖမ်းဆီးရမိရေး အရှိန်မြှင့်တင်ဆောင်ရွက်မည်


မူးယစ်ဆေးဝါးရောင်းချသူတစ်ဦးထံမှ ၀ယ်လက်အသွင်ယူဖမ်းဆီးရန် မန္တလေးခရိုင်ရဲတပ်ဖွဲ့က မတ်လ ၃၀ ရက် ညနေ ၆ နာရီခွဲခန့်တွင် ၁၉ လမ်းနှင့် ၆၂ လမ်းကြား၌ စီစဉ်ဆောင်ရွက်ရာ ထွက်ပြေးသဖြင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့သော်လည်း လွတ်မြောက်သွားသောကြောင့် ဖမ်းဆီးမှု အရှိန်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ဦးစိန်ထွန်းက မတ်လ ၃၁ ရက်တွင် မဇ္ဈိမကို ပြောသည်။

“ကွင်းဆက်အလိုက် လိုက်လံဖမ်းဆီးသွားမှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာနယ်မြေအလိုက် ရဲတပ်ဖွဲ့များနဲ့ ချိတ်ဆက်ဖမ်းဆီးဖို့ သေသေချာချာ ပြင်ဆင်လုပ်ဆောင်သွားမှာဖြစ်ပါတယ်”ဟု ဒုတိယရဲမှူးကြီးက ပြော သည်။

ချမ်းအေးသာစံမြို့နယ် City Grand Hotel တွင် မူးယစ်ဆေးဝါးသုံးစွဲနေသူများ တည်းခိုနေကြောင်း သတင်းရရှိသဖြင့် သွားရောက်ဖမ်းဆီးခဲ့ရာ သုံးစွဲသူသုံးဦးကို ၈၈ စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိခဲ့သူအား စစ်ဆေးရာတွင် ရောင်းချသည့်သူမှာ အောင်ကျော်မိုး(ခ) ဦးကျော်ဆိုသူ ဖြစ်ကြောင်း ထွက်ဆိုခဲ့သဖြင့် ရောင်းချခဲ့သူအားဖမ်းဆီးနိုင်ရန် ၀ယ်လက်အသွင်ယူ စောင့်ဆိုင်းခဲ့ခြင်းဖြစ်သည်။ ယင်း သို့ စောင့်ဆိုင်းနေစဉ် ရောင်းချသူက နံပါတ် ၂ဃ/၃၇၈၁ပါ တိုယိုတာကရောင်းအမျိုးအစားကားဖြင့် လာ ရောက်ခဲ့၍ တားဆီးစစ်ဆေးခဲ့ရာ လက်မခံဘဲ ထွက်ပြေးခဲ့သဖြင့် ရဲအုပ်ရဲမြင့်က ၃၈ ဗို့ ခြောက်လုံးပြူးဖြင့် တစ်ချက် ခြောက်လှန့်ပစ်ခတ်ပြီး ထွက်ပြေးသူအား လိုက်လံဖမ်းဆီးရာ မန္တလေးတောင်ခြေတွင် မျက်ခြေ ပြတ်သွားခဲ့သည်။

တရားခံဖမ်းဆီးရမိရေးအတွက် ဆက်စပ်သူများအား စစ်ဆေးလျက်ရှိပြီး ဖမ်းဆီးရမိသူ သုံးဦးဖြစ်သည့် ကျော်ဝင်းထွန်း(ခ)ကျော်ကျော်၊ သူရဘို၊ ဇေယျာသိန်း(ခ)ကိုဇေတို့ကို မမစ(မဟာအောင်မြေ)မယ (ပ) ၈/ ၂၀၁၄ မူး/စိတ် ပုဒ်မ ၁၅/၁၆ (ဂ) /၂၁ဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်းနှင့် ထွက်ပြေးတိမ်းရှောင်နေ သော အောင်ကျော်မိုး(ခ)ဦးကျော်အား မယ(ပ) ၉/ ၂၀၁၄မူး/စိတ် ပုဒ်မ ၁၅/၁၆ (ဂ)/၂၁ဖြင့် အမှုဖွင့်အ ရေးယူထားရှိသည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

မန္တလေးခရိုင်အတွင်း ယခုကဲ့သို့ အများပြည်သူသွားလာသည့်နေရာတွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းမှာ တရားခံအား ဖမ်းဆီးရမိရန် အဓိကထား လုပ်ဆောင်ခြင်းဖြစ်သောကြောင့် အများပြည်သူကို ထိတ်လန့်မှု ဖြစ်စေကာ မဟုတ်မမှန်သတင်းများလည်း ထွက်ပေါ်လာနိုင်သဖြင့် တိကျသော ထုတ်ပြန်ချက်မရှိဘဲ သတင်းများကို မယုံကြည်ကြစေလိုကြောင်း လက်ရှိဖြစ်စဉ်နှင့်စပ်လျဉ်း၍ တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိ သူတစ်ဦးက ထိတ်လန့်မှုဖြစ်ပေါ်နေသည့် ပြည်သူများအား အသိပေးပြောကြားသည်။

Mizzima Burmese

သင်္ကြန်တွင်း ယာဉ်စီးခပိုတောင်းသည့် ယာဉ်များကို အရေးယူမည်


သင်္ကြန်ကာလအတွင်း ယာဉ်စီးခပိုတောင်းသည့် ယာဉ်များကို အရေးယူသွားမည်ဟု မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌဦးလှအောင်က မတ် ၃၁တွင် မဇ္ဈိမကို ပြောသည်။

ရန်ကုန်မြို့တွင်းတွင် နှစ်သစ်ကူး သင်္ကြန်ကာလအတွင်း ယာဉ်လိုင်း ၁၁၃ လိုင်းမှ ယာဉ်စီးရေ ၁,၆၂၈ စီး ပြေးဆွဲမည်ဟု ဆန္ဒပြုသောကြောင့် ပြေးဆွဲရန် ခွင့်ပြုထားပြီးဖြစ်ကာ အဆိုပါယာဉ်များက ယာဉ်စီးခ ပိုမို ကောက်ခံပါက အရေးယူသွားမည်ဖြစ်သည်။

ကော်မတီဥက္ကဋ္ဌ ဦးလှအောင်က “ခရီးသွားပြည်သူက တိုင်ကြားလာရင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ ခွင့်ပြု ထားတဲ့ပြစ်မှု၊ ပြစ်ဒဏ် ၁၃၈ ချက်အရ ဒဏ်ငွေသုံးသောင်းကို ယာဉ်ပိုင်ရှင်တွေက ပေးဆောင်ရမှာပါ၊ ပြစ် ဒဏ်ပေါ်မူတည်ပြီး လုပ်ငန်းလိုင်စင် တစ်လရပ်ဆိုင်းတဲ့အထိ အရေးယူသွားမှာပါ”ဟု ပြောသည်။

သင်္ကြန်ကာလအတွင်း ယာဉ်စီးခ ပိုမိုတောင်းခံခြင်းများရှိပါက မထသ(ဗဟို)ဖုန်းနံပါတ်- ၀၁ ၈၅၀၀၆၅၁ ကို ဆက်သွယ် တိုင်ကြားနိုင်မည် ဖြစ်သည်။

သင်္ကြန်ကာလအတွင်း ယာဉ်စီးခပိုမိုကောက်ခံခြင်းမပြုရန်၊ သတ်မှတ်လမ်းကြောင်းအတိုင်းမောင်းနှင်ရန်၊ အရက်သေစာသောက်စားမူးယစ်၍ မောင်းနှင်ခြင်းမပြုရန်၊ ယာဉ်အမိုးပေါ် ကုန်ပစ္စည်းတင်ဆောင်ခြင်း မပြုရန်၊ ယာဉ်ကို တွယ်စီးခြင်းမပြုရန်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးကို အထူးဂရုစိုက်ရန် မထသက ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို ညွှန်ကြားထားမည်ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

နှစ်ကူးကာလအတွင်း ပြေးဆွဲမည့် အဝေးပြေးယာဉ်လိုင်းများအဖြစ် စည်းစိမ်ရှင်၊ မန်းရာဇာ၊ မန္တလာမင်း ယာဉ်လိုင်းများက ရန်ကုန်-မန္တလေးခရီးစဉ်နှင့် ရန်ကုန်-နေပြည်တော်-မန္တလေး-ပြင်ဦးလွင် ခရီးစဉ်များ အတွက် ယာဉ်စီးရေသုံးစီးဖြင့် ပိတ်ရက်မရှိ ပြေးဆွဲပေးရန်လည်း မထသက ခွင့်ပြုထားသည်။



ထိုင်းအအေးခန်းစက်ရုံမှ လျှော့ချခံရသည့် မြန်မာအလုပ်သမား ၁,၂၀၀ နီးပါး အလုပ်ပြန်ရမည်ဟုဆို


ထိုင်းနိုင်ငံရှိ ငါးပုစွန်အအေးခန်းစကရုံမှ အလုပ်ရပ်စဲခံရသော မြန်မာအလုပ်သမား ၁,၂၀၀ နီးပါးကို မြန်မာ နိုင်ငံသို့ ပြန်ပို့မည်မဟုတ်ဘဲ လုပ်ငန်းခွင်အစားထိုး ၀င်ရောက်လုပ်ကိုင်ခွင့်ပေးသွားမည် ဖြစ်သည်ဟု ထိုင်း နိုင်ငံအခြေစိုက် မြန်မာအလုပ်သမားသံအရာရှိ ဦးကျော်ကျော်လွင်က မဇ်္ဈိမ ကိုပြောသည်။

ထိုင်းနိုင်ငံ၊ ဆမွတ်ဆခွန် (Samut Sakhon) ပြည်နယ်ရှိ Charoen Pokphand Foods ပုစွန်အအေးခန်း စက်ရုံသည် စက်ရုံအတွင်း ပုစွန်ကုန်ကြမ်းများ ကူးစက်ရောဂါပိုးကျနေသဖြင့် လုပ်ငန်းရပ်စဲလိုက်ခြင်း ဖြစ် သည်။ စက်ရုံရှိ အလုပ်သမားများ လျှော့ချဆောင်ရွက်ခြင်းဖြစ်သည်ဟု ယင်းက ဆိုသည်။

ဦးကျော်ကျော်လွင်က “လျှော့ချခံရတဲ့ မြန်မာအလုပ်သမားတွေကို မြန်မာနိုင်ငံကို ပြန်ပို့မှာ မဟုတ်ဘူး။ တခြားအအေးခန်းရုံမှာ အလုပ်ပြန်ပေးသွားမှာပါ။ လျှော့ချရတဲ့အကြောင်းကတော့ ပုစွန်ကူးစက်ရောဂါ ဖြစ်နေတဲ့အတွက် ထိုင်းနိုင်ငံဥပဒေအရ လျော်ကြေးပေးရ မှာစိုးတာကြောင့် လျော့ချ လိုက်တာပါ။ ဒါပေမဲ့ သူတို့ကို တခြား အလုပ်ရုံတစ်ခုခုမှာ အလုပ်ရအောင် လုပ်ပေးမှာပါ” ဟု မဇ်္ဈိမ၏ ဆက်သွယ်မေးမြန်းမှု အပေါ် ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ထိုသို့ အလုပ်သမား၏ အလုပ်အစား ထိုးရွှေ့ပြောင်းခြင်းကိုမူ Charoen Pokp hand Foods ကုမ္ပဏီစု ပိုင်ဖြစ်သော အခြားစက်ရုံသို့ရွှေ့ပြောင်းပေးသွားမည်ဖြစ်သည်ဟု ဦးကျော်ကျော်လွင်က ဆက်လက်ပြော သည်။

ယခု ၂၀၁၄ခုနှစ်၊ ဇန်န၀ါရီလဆန်းပိုင်းတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား ရာပေါင်းများစွာသည် နစ်နာ ကြေးတစ်စုံ တစ်ရာမရရှိဘဲ အလုပ်ရပ်စဲခြင်းများ ခံခဲ့ရသဖြင့် ထိုင်းနိုင်ငံရှိ ရွေ့ပြောင်းအလုပ်သမား ကာ ကွယ်ရေးအဖွဲ့ချုပ်မှ အလုပ်သမားများကိုယ်စား တိုင်တန်းမှုများရှိခဲ့သည်ဟု DBV သတင်းဌာနတွင် ဖော်ပြ ထားသည်။

ထိုအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးအောင်ကျော်က “အစောပိုင်းတုန်းက ရပ်ဆိုင်းခံရတဲ့ အလုပ်သမားတွေကိုတော့ ကျွန်တော်တို့ ကာကွယ်ပေးလို့ မရဘူး။ ဒါပေမဲ့ သူတို့ အလုပ်မရတော့ဘူးဆိုရင်တော့ ကျွန်တော် တို့ကို ဆက်သွယ်နိုင်ပါတယ်” ဟု DVB သတင်းဌာနကို ပြောထားသည်။

ထိုင်းနိုင်ငံရှိ ငါးပုစွန်အအေးခန်းစက်ရုံများ၏ နှစ်စဉ်ပို့ကုန် တန်ဖိုးခန့်မှန်းခြေ အမြတ်ငွေမှာ အမေရိကန် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော်ရှိပြီး အလုပ်သမား ၆၅၀,၀၀၀ ဖြင့် လုပ်ကိုင်လျက်ရှိခြင်း ဖြစ်သည်။ အဆိုပါ အလုပ်သမားများအနက် မြန်မာအလုပ်သမားအများစုပါပြီး တရားဥပဒေအရကာကွယ်ထားမှု နည်း လှသည်ဟု မတ်လ ၂၈ ရက် က ထုတ်ပြန်သော DVB သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

မြန်မာအလုပ်သမားများသည် ထိုင်း နိုင်ငံဥပဒေအရ သတ်မှတ်ထားသော တစ်နေ့လုပ်အားခ ထိုင်းဘတ် ၃၀၀ ကို နည်းလမ်းအမျိုးမျိုးဖြင့် အပြည့်အ၀မရရှိခြင်း၊ လုပ်အားခမပေးဘဲ အလုပ်ရှင်များ၏ မောင်းထုတ်ခံ ရခြင်း၊ ကိုယ်ပိုင် အထောက်အထားများကို သိမ်းဆည်းထားခံရခြင်း၊ လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာ များရပါက အလုပ်ရှင်များအနေဖြင့် လျော်ကြေးပေးရန် ပျက်ကွက်ခြင်းတို့ကို ကြုံတွေ့နေရသည်ဟု အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

Mizzima Burmese

သင်္ကြန်ကာလ အဝေးပြေးလက်မှတ်ခ မတက်ဖို့ မထသ(အဝေးပြေး)သတိပေး


သင်္ကြန်ကာလအတွင်း အဝေးပြေးခရီးသည်တင်ကားတွေမှာ မသမာတဲ့နည်းလမ်းဖြင့် လက်မှတ်ကြိုရောင်းတာတွေနဲ့ ဈေးနှုန်းပိုတောင်းတာတွေ မလုပ်ဖို့ မော်တော်ယာဉ်လုပ်ငန်း ပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ(အဝေးပြေး)က သတိပေး ထုတ်ပြန်ထားပါတယ်။

ရန်ကုန်မှာရှိတဲ့ အောင်မင်္ဂလာနဲ့ ဒဂုံဧရာ အဝေးပြေးယာဉ်ရပ်နားစခန်းတွေနဲ့ တခြားတိုင်းနဲ့ ပြည်နယ်အခြေစိုက်ယာဉ်အသင်းတွေကို ရန်ကုန်တိုင်းဒေသကြီး မထသ အဝေးပြေးကော်မတီက သတိပေး အကြောင်းကြားထားတာ ဖြစ်ပါတယ်။

အဝေးပြေးကားလက်မှတ်ခတွေ မမြင့်တက်ဖို့ စီမံချက်ချ ဆောင်ရွက်နေတယ်လို့ မထသ(အဝေးပြေး)ရဲ့ ဥက္ကဋ္ဌ ဦးညွန့်ဝေက ပြောပါတယ်။
“အဓိကတော့ လက်မှတ်ခတွေ မှောင်ခိုဈေးနဲ့ မရောင်းဖို့၊ နောက်တခုက ယာဉ်လိုင်းအချင်းချင်း ပြဿနာမဖြစ်ဖို့ နောက်တခါ ကိုယ့်ယာဉ်လိုင်းဂိတ်မှာ ကိုယ့်ယာဉ်လိုင်းကနေ ထွက်တဲ့ ခရီးစဉ်လမ်းကြောင်းအလိုက် လက်မှတ်တွေ ရှိတယ်။ အဲဒီလက်မှတ်တွေရှိတဲ့အခါမှာ ဘယ်ခရီးစဉ် လမ်းကြောင်းအတွက် လက်မှတ်ကတော့ ဘယ်နေ့ကနေ ဘယ်နေ့အထိ ရောင်းထားတာ ကုန်ပြီ။ ဘယ်နေ့မှာ ထပ်ရောင်းမယ်ဆိုတဲ့ဟာကို ကြေညာကလေးနဲ့ ၀ှိုက်ဘုတ်နဲ့ ရေးဖို့ ပြောထားတယ်။ ခရီးသည်တွေက မကျေနပ်တဲ့သူရှိရင် လက်မှတ်ခတွေက ဈေးကြီးတယ် ဆိုရင် ခရီးသည်အတွက် ပိုရောင်းထားတဲ့ ပိုက်ဆံကို ရှိရင် ဦးတို့ တခါတည်း ရှင်းပေးလိုက်မယ်။ ရှင်းပေးလိုက်ပြီးတော့ အဲဒီယာဉ်လိုင်းက ဦးတို့ရှင်းပေးတဲ့ ပိုက်ဆံအပါအ၀င် ဒဏ်ကြေးဆောင်ရမယ်။”

မထသ(အဝေးပြေး)က ထုတ်ပြန်ထားချက်မှာတော့ ယာဉ်စီးခ သတ်မှတ်နှုန်းထားထက်
ပိုမရောင်းဖို့ မလိုအပ်ဘဲ ကြိုတင်လက်မှတ် ဖြတ်ထားပြီး ဈေးနှုန်း ပိုမိုမရောင်းချရန် ၊ လက်မှတ်များ ကြိုတင်ရောင်းချရာမှာလည်း အမှန်တကယ်ခရီးသွားမည်သူကိုသာ ရောင်းချရန်နဲ့ သင်္ကြန်ကာလ အတွင်း လူခေါ်ပွဲစားတွေနဲ့ လက်မှတ်ရောင်းချတာ၊ လက်မှတ်ကုန်ပြီဟု အကြောင်းပြပြီး အခြားသောနည်းဖြင့် လက်မှတ်ခ ပိုရောင်းချခြင်း မပြုလုပ်ရန်နဲ့ ခရီးသည်တဦးကို ၁၀၀ ကျပ်နဲ့ ခရီးသွားအာမခံ ထားရှိသွားဖို့စတာတွေ ပါဝင်ပါတယ်။

ဒါပြင် သင်္ကြန်ကာလအတွင်း အဝေးပြေးယာဉ်လမ်းကြောင်း စစ်ဆေးရေးစခန်း များထားရှိပြီး တာဝန်ကျဝန်ထမ်းတွေ စည်းကမ်းစနစ်တကျရှိစေရေးတို့အတွက် ကော်မတီဖွဲ့ ဆောင်ရွက်မယ်လို့လည်း သိရပါတယ်။

သင်္ကြန်ရုံးပိတ်ရက်တွေ့မှာ ဒေသအသီးသီးကို ပြန်မယ်ပြည်သူတွေ့အနေနဲ့ လက်မှတ်ဝယ်ယူမှုဟာ လက်တလောအဆင်ပြေနေပေမဲ့ တချို့ခရီးသည်တွေဟာ အခုချိန်ထိ လက်မှတ်ဖြတ်လို့ မရသေးတာတွေ ရှိနေတယ်လို့ သင်္ကြန်ရုံးပိတ်ရက်မှာ လာရှိုးကို ပြန်မဲ့ ဒေါ်အေးစန္ဒာက လက်မှတ်ဝယ်ယူမှု အခုချိန်ထိ အဆင်ပြေမှုမရှိသေးဘူးလို့ ဒီဗွီဘီကို ခုလိုပြောပါတယ်။
“၈ ရက်နေ့ပဲ စရောင်းမယ်ပြောတယ်။ ဒါပေမယ့် အခြားဂိတ်တွေကတော့ ၁၁ ရက် ၁၂ ရက်လက်မှတ်ကို လဆန်းပိုင်းလောက်မှ စရောင်းမယ်ပေါ့နော်။ သူတို့ ကားတွေ စီစဉ်နေတုန်းပဲဆိုလို့လေ မရသေးဘူး။ လဆန်းပိုင်းလောက်မှ ထပ်ဆက်လို့ တက်လမ်းဂိတ်ကော ရွှေလားရှိုးကောလေ။”

သင်္ကြန်အတွင်း ကားလက်မှတ်များကို ၁၀ ရက် ကြိုတင်ရောင်းချနေပြီး ကားလက်မှတ်တွေ မှောင်ခိုဈေးကွက် မဖြစ်ပေါ်ဖို့ နိုင်ငံသားစိစစ်ရေးကတ်နဲ့ ရောင်းချပေးနေတယ်လို့ မန္တလာမင်း ကားဂိတ်က အရောင်းတာဝန်ခံ ဒေါ်ကြည်ကြည်က ပြောပါတယ်။
“ဈေးနှုန်းက ပုံမှန်ဈေးပဲ ဈေးနှုန်းအပြောင်းအလဲ လုံးဝ မရှိဘူး။ ၄ လပိုင်းအတွက် ဘိုကင် လုံးဝ မပေးဘူး။ လလည်လောက်ကတည်းက ၇ ရက်နေ့အထိ ရောင်းထားပြီးပြီ။ အများနဲ့လာဝယ်တဲ့ ခရီးသည်ကို ပုံစံကြည့်ပြီးတော့ နာမည်နဲ့ မှတ်ပုံတင် တခါတည်းတွဲ ရောင်းတယ်။ ၇ ရက်လောက်အထိ ၈ လောက်အထိက တကယ်တမ်း ပြောမယ်ဆိုရင် ခရီးသွားတွေ သိပ်မရှိဘူး။ များသောအားဖြင့် ခရီးသည်ရှိတာ ၁၀ ရက် ၁၁ ရက်ပဲ အဲဒီနေ့တွေအတွက် ကြိုပြီးလာဝယ်ပြီး အပြင်မှာ ရောင်းမှာစိုးလို့ မရောင်းတာ။”

မထသ (အဝေးပြေး)က တာဝန်ရှိသူတွေကတော့ ကားလက်မှတ်တွေကို ဂိတ်ခွဲတွေမှာ ရောင်းချခွင့်မပြုတော့ပဲ အောင်မင်္ဂလာကားဝင်းမှာ ကိုယ်တိုင်ဝယ်ယူကြဖို့နဲ့ သင်္ကြန်အတွက် ကားလက်မှတ်များကို ရောင်းချမည်နေ့ကို တရားဝင်ကြေငြာရောင်းချဖို့ ဂိတ်တွေ့ကို ထပ်မံ စည်းကမ်းချက်ထုတ်ထားတယ်လို့ ယနေ့သတင်းစာရှင်းလင်းပွဲကျင်းပပြီး ပြောကြားခဲ့ပါတယ်။

DVB Burmese