ယူကရိန်း အရှေ့ဘက်နယ်စပ်ရှိ ရုရှားတပ်တွေ ရုပ်သိမ်း

ပို့စ်တင်ချိန် - 4/01/2014 01:08:00 PM


ယူကရိန်းနိုင်ငံ အရှေ့ဘက် နယ်စပ်မှာ ရောက်နေတဲ့ ရုရှားတပ်တွေကို မတ် ၃၁ ရက်နေ့ကတည်းက ပြန်ရုပ်သိမ်းနေတယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးက မနေ့က ပြောပါတယ်။

ရုရှားတပ်တွေကို အားလုံးကို ရုပ်သိမ်းလိုက်ပြီလား၊ ဒါမှမဟုတ် ရုပ်သိမ်းဖို့ ရှိသလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူ။ ယူကရိန်းအရေးနဲ့ ပတ်သက်လို့ အရှေ့နဲ့ အနောက် ထိပ်တိုက်တွေ့မှုတွေကို ရှောင်လွဲနိုင်ဖို့ဆိုရင် နယ်စပ်မှာ ရုရှားတပ်တွေ အလုံးအရင်းနဲ့ ချထားတာကို ပြန်ရုပ်သိမ်းဖို့ အရေးကြီးတယ်လို့ အမေရိကန်အစိုးရက ပြောထားပါတယ်။

ယူကရိန်းနဲ့ ရုရှားနယ်စပ် ရော့စတော့ဗ်ဒေသမှာ ရုရှားတပ်တွေ လနဲ့ ချီပြီး ရုရှားက စစ်ရေး လေ့ကျင့်မှုတွေကို လုပ်နေခဲ့တာ ဖြစ်ပါတယ်။

စစ်ရေးလေ့ကျင့်ခန်းအတွက် ရောက်နေတာ ဖြစ်ပြီး ယူကရိန်းဘက်အခြမ်းကို ဖြတ်ကျော်ဖို့ အစီအစဉ်မရှိဘူးလို့ ရုရှားဘက်က ပြောပေမယ် အမေရိကန်နဲ့ နေတိုး စစ်မဟာမိတ် အဖွဲ့တို့ကတော့ ကရိုင်းမီးယားအရေးအခင်းနောက်ပိုင်းမှာ ရုရှားက ကျူးကျော်နိုင်တဲ့ အန္တရာယ်ကို ကြိုတင် ဟန့်တားနေပါတယ်။

မတ် ၃၁ ရက်နေ့နှောင်းပိုင်းမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဂျာမနီဝန်ကြီးချုပ် အန်ဂျလာ မာကယ်လ်နဲ့ ဖုန်းစကားပြောတဲ့အခါမှာ ယူကရိန်း အရှေ့ဘက်ဒေသက ရုရှားတပ်တွေကို တစိတ်တပိုင်း ရုပ်သိမ်းနေတဲ့အကြောင်း ပြောခဲ့တယ်လို့ ဂျာမနီဝန်ကြီးချုပ်ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။

DVB Burmese