Red Link၏ ၀န်ဆောင်မှုများ ညံ့ဖျင်းနေသည်ဟု အသုံးပြုသူများ ပြောဆို

ပို့စ်တင်ချိန် - 4/01/2014 05:46:00 PM


အင်တာနက် လုပ်ငန်း လုပ်ကိုင်ခွင့် ရထားသည့် Red Link အင်တာနက် လိုင်းအား ချိတ်ဆက် အသုံးပြုနေသူများ အနေဖြင့် သုံးစွဲရ အဆင် မပြေကြောင်း ပြောဆိုလာ ကြသည်။

Red Link ၏ အင်တာနက် သုံးစွဲခသည် ရတနာပုံ တယ်လီပို့နှင့် ယှဉ်ပါက ဈေးနှုန်းများသည့် အပြင် အင်တာနက်လိုင်း မကြာခဏ ကျတတ်ကြောင်း ရတနာပုံ တယ်လီပို့နှင့် Red Link နှစ်မျိုးလုံး ချိတ်ဆက် သုံးစွဲနေသည့် တာမွေ မြို့နယ်မှ ကုမ္ပဏီ ပိုင်ရှင် တစ်ဦးက ပြောသည်။

“ကျွန်တော်က ၅၁၂ KB ကို ရတနာပုံ တယ်လီပို့ ADSL ကနေ ယူထားတယ်။ တစ်လကို သုံးစွဲခ ၆၀ ဒေါ်လာ ပေးရတယ်။ အဲဒီ ရတနာပုံ သုံးတာ ဘာပြဿနာမှ မရှိဘူး။ အဆင်ပြေတယ်။ Red Link ကို ၂MB ယူထားတယ်။ ပလက်တီနမ်လို့ ခေါ်တာပေါ့။ တစ်လကို ဒေါ်လာ ၉၀ ပေးရတယ်။ တစ်လ မပြည့်သေးဘူး။ သုံးစွဲခွင့် Data ပြည့်ပြီဆိုပြီး လိုင်းက ပိတ်လိုပိတ်သွား၊ အင်တာနက် လိုင်းက တစ်ချိန်လုံး ကျလိုကျနဲ့ သုံးစွဲရတာ အဆင်ကို မပြေဘူး။ တစ်ဆင့်မြင့်တဲ့ Unlimited ပလက်တီနမ် ပလပ်စ်ကို ယူဖို့ကျတော့လည်း ငွေပဲ ပိုပေးရမှာ ဘာဝန်ဆောင်မှုမှ ထူးပြီး ကောင်းလာမှာ မဟုတ်ဘူး။ လောလောဆယ်တော့ ဘာပဲပြောပြော ဈေးသက်သက် သာသာနဲ့ တစ်ရုံးလုံး သုံးလို့ အဆင်ပြေ နေတာကတော့ ရတနာပုံ တယ်လီပို့ပဲ”ဟု သူတွေ့ကြုံ နေရသော အခက် အခဲ များကို ပြောပြ သွားသည်။

Red Link၏ အင်တာနက် သုံးစွဲသူ အခြား တစ်ဦးကမူ Red Linkက မြို့တစ်မြို့ကို Promotion ၀င်တော့မယ် ဆိုရင် အဲဒီ မြို့နယ်ထဲမှာ သုံးလို့ အရမ်း ကောင်းလာတယ်။ အင်တာနက် Speed တက်လာတယ်။ သူတို့ Promotionလည်း ပြီးရော ဒုံရင်း ဒုံရင်းပဲ။ ၀ယ်မယ့်သူ များအောင် ညာနေတာပဲ”ဟု ပြောပြသည်။

Red Link သည် လွှတ်တော် နာယက သူရ ဦးရွှေမန်း၏ သား စီးပွားရေး လုပ်ငန်းရှင် ဦးအောင်သက်မန်း ပိုင်ဆိုင်ပြီး အင်တာနက် ၀န်ဆောင်မှုကို မည်သည့် ပုဂ္ဂလိကမှ လုပ်ပိုင်ခွင့် မရှိသည့် ခေတ်ကပင် ပုဂ္ဂလိက ကုမ္ပဏီ အနေဖြင့် လုပ်ဆောင်ခွင့် ရရှိထားသည့်သူ ဖြစ်သည်။

Tomorrow