ရန်ကုန်မြို့ ဒဂုံမြို့သစ်(မြောက်ပိုင်း) ထားဝယ်ချောင်အမှိုက်ပုံမှ ဓာတ်အားထုတ်ယူမည်

ပို့စ်တင်ချိန် - 4/01/2014 07:04:00 PM


ရန်ကုန် မတ် ၃၁

စီးပွားရေးမြို့တော် ရန်ကုန်ကို နိုင်ငံတကာအဆင့်မီ မြို့တော်ဖြစ်ရန် ကြိုးစားလျက်ရှိသည်။ သန့်ရှင်း စိမ်းလန်းသောမြို့ဖြစ်စေရန် အမှိုက် များကို စုစည်းသယ်ဆောင်၊ စွန့်ပစ် လျက်ရှိရာ ယခုအခါ ရန်ကုန်မြို့ ဒဂုံ မြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ထားဝယ်ချောင်ရှိ နောက်ဆုံးစွန့်ပစ် အမှိုက်ပုံနေရာတွင် စွန့်ပစ်အမှိုက်မှ ဓာတ်အားထုတ်ယူမည့် စီမံကိန်းကို ဆောင်ရွက်ရန်အတွက်

ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ နှင့် တိုင်းရင်းသားကုမ္ပဏီဖြစ်သည့် Zeya & Associates တို့အကြား တည်ဆောက်၊ လုပ်ဆောင်၊ လွှဲပြောင်း သဘောတူညီချက်စာချုပ်ကို ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့တော်ခန်းမအစည်း အဝေးခန်းမ(၄)တွင် မတ် ၃၁ ရက် မွန်းလွဲ ၁ နာရီက လက်မှတ်ရေးထိုး ခဲ့ကြသည်။

''ရန်ကုန်မြို့ကို နိုင်ငံတကာ အဆင့်မီ စီးပွားရေးမြို့တော်အဖြစ် ရောက်ရှိအောင် ဆောင်ရွက်နေပါ တယ်။ ဒီလို ဆောင်ရွက်တဲ့အခါ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု
အနည်းဆုံးဖြစ်အောင် ကြိုးစားနေ ပါတယ်'' ဟု အခမ်းအနားသို့ တက်ရောက်လာသော ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြားသည်။

''စွန့်ပစ်အမှိုက်ပုံ တွေကနေပြီး ဓာတ်အားထုတ်ယူ တဲ့အခါ ပတ်ဝန်းကျင်ကို ဆိုးကျိုး သက်ရောက်မှုမရှိအောင် နိုင်ငံတကာ ပညာရှင်တွေက စနစ်တကျ ဆောင်ရွက်သွားမှာဖြစ်ပါတယ်'' ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ဒဂုံ မြို့သစ်(မြောက်ပိုင်း) မြို့နယ်ရှိ ထားဝယ်ချောင် နောက်ဆုံးစွန့်ပစ် အမှိုက်ပုံနေရာတွင် စွန့်ပစ်အမှိုက် များမှ ဓာတ်အားထုတ်ယူ စီမံကိန်း လုပ်ငန်းအတွက် ၂ဝ၁၂ ခုနှစ်က ပွင့်လင်းမြင်သာစွာ တင်ဒါခေါ်ယူ ခဲ့ရာ ကုမ္ပဏီပေါင်း ၄၃ ခုတို့ ယှဉ်ပြိုင် ခဲ့ကြရာ Zeya & Associates ကုမ္ပဏီက တင်ဒါအောင်မြင်ခဲ့ခြင်း ဖြစ်သည်။

ယခု သဘောတူစာချုပ်ချုပ်ဆိုပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် မှ ခွင့်ပြုပါက လုပ်ငန်းများစတင် နိုင်တော့မည်ဖြစ်သည်။ ထားဝယ် ချောင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံမှ ဓာတ်အားထုတ်ယူမည့် စီမံကိန်း လုပ်ငန်းသည် မြေအကျယ်အဝန်း ၅၅ ဒသမ ၇၇ ဧက ပေါ်တွင် ပြုလုပ်မည် ဖြစ်သည်။

ယခုစီမံကိန်းသည် အမေရိကန် ဒေါ်လာ ၁၂၈ သန်း အကုန်အကျ ခံကာ ဆောင်ရွက်မည်ဖြစ်ပြီး တစ်နေ့ အမှိုက်တန်ချိန် ၆ဝဝ ခန့်ကို အသုံး ပြုကာ ဓာတ်အား ၁၅ ဒသမ ၄ မဂ္ဂါဝပ် အသုံးပြုနိုင်မည်ဖြစ်သည်။ BOT စနစ်ဖြင့် ၂၅ နှစ်တာ လုပ်ငန်း ဆောင်ရွက်ပြီးပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ အပြီးလွှဲပြောင်းပေးမည်ဖြစ်သည်။

စွန့်ပစ်အမှိုက်ပုံမှ ဓာတ်အား ထုတ်ယူရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်ရန်နှင့် ဘေးထွက်ဆိုးကျိုးမရှိစေရန် နိုင်ငံတကာ စံနှုန်းများ၊ နိုင်ငံတကာမှ ပညာရှင် များဖြင့် ဆောင်ရွက်သွားမည်ဖြစ်ရာ ထွက်ရှိလာသော ဓာတ်အားများကို ရန်ကုန်မြို့နေ ပြည်သူများအားဖြန့်ဖြူး ပေးသွားမည်ဖြစ်သည်။

(မြန်မာ့အလင်း)