ရွှေတိဂုံစေတီတော်ဝန်းကျင်၌ အထပ်မြင့်အဆောက်အအုံများ ဆောက်လုပ်ခြင်းနှင့်ပတ်သက်၍ လူထုဆန္ဒမေးမြန်းရာ ရာခိုင်နှုန်း ၉၀ က သဘောမတူ

ပို့စ်တင်ချိန် - 4/01/2014 08:10:00 AM


ရွှေတိဂုံစေတီတော်ပတ်ဝန်းကျင်၌ အထပ်မြင့်အဆောက်အအုံများ ဆောက်လုပ်ခြင်းကို သဘောတူညီမှုရှိမရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက မြို့နေလူထူ၏ဆန္ဒအား မေးမြန်းရာ ၉၀ ရာခိုင်နှုန်းက သဘောတူညီမှုမရှိကြောင်း မတ် ၃၁ ရက်က ရန်ကုန်မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့သည့် ရန်ကုန်မြို့၏ မြို့နယ်အလိုက် အဆိုပြုမြို့မြေအသုံးချမှုနှင့် အဆောက်အအုံတည်ဆောက်မှုဇုန်များ အများပြည်သူ ဆွေးနွေးပွဲတွင် မြို့ပြစီမံကိန်းပညာရှင် ဒေါက်တာကျော်လတ်က ပြောကြားသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအနေဖြင့် မကြာသေးမီက ပြည်သူလူထု၏ဆန္ဒကို မေးမြန်းခဲ့ခြင်းဖြစ်သည်။

"မေးတဲ့အခါမှာ ရွှေတိဂုံစေတီတော်ပတ်ဝန်းကျင်မှာ အဆောက်အအုံအမြင့်ကြီးတွေ ဆောက်တာကို သဘောတူသလားဆိုတော့ ၉၀ ရာခိုင်နှုန်းလောက်က သဘောမတူကြဘူး။ ၁၀ ရာခိုင်နှုန်းကတော့ ပြန်မဖြေပါဘူး။ ဒါကိုသဘောတူပြီး လုပ်ကြပါဆိုတဲ့သူ မရှိပါဘူး။ အဲဒီလို နှစ် ၂၀ အတွင်းမှာ ရန်ကုန်မြို့မှာ သမိုင်းကြောင်းအမွေအနှစ်တွေကို ကွယ်သွားအောင် အဆောက်အအုံတွေ ဆောက်လုပ်ခဲ့ကြပါတယ်။ ဦးဝိစာရလမ်းလိုနေရာမျိုးမှာ ဟိုးအရင်နှစ်တွေက ရွှေတိဂုံစေတီတော်ကိုမြင်တဲ့ မြင်ကွင်းတွေနဲ့ အခုမြင်ကွင်းတွေ မတူညီတော့ဘူး။ အခုက မြင်ကွင်းတွေပိတ်လာတယ်"ဟု ဒေါက်တာကျော်လတ်က ပြောကြားသည်။

ရွှေတိဂုံစေတီတော်ပတ်ဝန်းကျင်တွင် အထပ်မြင့်အဆောက်အအုံဆောက်လုပ်ခွင့်ကို ကန့်သတ်ထားပြီး ကန့်သတ်ဧရိယာအား ၁၉၉၄ ခုနှစ်တွင် တစ်ကြိမ်သတ်မှတ်ခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံဝန်းကျင်ဖြစ်သော ရှင်စောပုလမ်းနှင့် ဗဟိုလမ်းကိုပါ တိုးချဲ့သတ်မှတ်ခဲ့ကြောင်းနှင့်  ၂၀၁၃ ခုနှစ် စက်တင်ဘာလတွင်မူ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တစ်ဝိုက်ကိုပါ ထပ်မံတိုးချဲ့ကြောင်း သိရသည်။

ရွှေတိဂုံစေတီတော်ကန့်သတ်ဧရိယာအတွင်း ဆောက်လုပ်မည့် အဆောက်အအုံများသည် အမြင့် ၆၂ ပေထက် မပိုရကြောင်း၊ စီးပွားရေးဆိုင်ရာ အဆောက်အအုံများ ဆောက်လုပ်မည်ဆိုပါက အဆောက်အအုံအမြင့်သည် ရွှေတိဂုံစေတီတော်ကြမ်းပြင် (ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၁၉၀) ထက် မကျော်လွန်ရန် သတ်မှတ်ထားပြီး စေတီတော် ကန့်သတ်ဧရိယာပြင်ပတွင်ဖြစ်ပါက စေတီတော်၏ ငှက်ပျောဖူးအောက်ခါးစည်း (ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၄၁၇ ပေ) ထက် မကျော်စေရန် သတ်မှတ်ထားသည်။ စေတီတော်ကန့်သတ်ဧရိယာသည် ဓမ္မစေတီလမ်းနှင့် ရှင်စောပုလမ်း၊ မင်းရဲကျော်စွာ လမ်း-မြို့ပတ်ရထားလမ်း-ရွှေတိဂုံဘုရားလမ်းဆုံမှ ယောမင်းကြီးဦးဖိုးလှိုင်လမ်း၊ အလံပြဘုရားလမ်း-တိရစ္ဆာန်ဥယျာဉ်လမ်း-ကန်လမ်း-စက်ရုံလမ်း နတ်မောက်လမ်း-ကမ္ဘာအေးဘုရားလမ်း၊ ဗဟိုလမ်းတို့အထိ အကျုံးဝင်သည်။

Eleven Media Group