ရိုက်နှက်ဖမ်းဆီးမယ်၊ ပစ်ခတ်မယ် ဆိုရင်လည်း ခံရမှာပဲ။ …. ကျွန်တော်တို့က ဘာမှ ပြန်လုပ်မှာ မဟုတ်ပါဘူး

ပို့စ်တင်ချိန် - 4/01/2014 07:02:00 PM


မိကျောင်းကန် သပိတ်စခန်းမှ ဆန္ဒထုတ်ဖော်သူ ဦးကိုကိုလေးနှင့် တွေ့ဆုံခြင်း

ယခင်အစိုးရလက်ထက် ၁၉၉၀ ပြည့်နှစ်ဝန်းကျင်က သိမ်းဆည်းခဲ့သော သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း ၁၊ အပိုင်း ၂၊ အပိုင်း ၃ တို့ရှိ မြေယာများ ပြန်လည်ရရှိရေးအတွက် မြေသိမ်းခံ လူ ၂၀၀ ကျော်ခန့် ရန်ကုန်မြို့လယ် မဟာဗန္ဓုလပန်းခြံဘေးတွင် မတ်လ ၂၄ ရက်မှ စတင်ကာ သပိတ်စခန်း ဖွင့်လှစ်ခဲ့ကြသည်။ အဆိုပါ သပိတ်စခန်းကို မတ်လ ၃၀ ရက်နေ့ နံနက် ၃ နာရီတွင် တစ်ကြိမ်၊ မတ်လ ၃၁ ရက်နေ့ နံနက် ၃ နာရီခန့်တွင် တစ်ကြိမ် လူအများ အိပ်မောကျနေချိန်ကို အလစ်အငိုက် ရယူ၍ စည်ပင်ဝန်ထမ်း၊ အရပ်ဝတ် လူရာနှင့်ချီက ထပ်မံဖြိုခွဲခဲ့ရာ ယင်းကဲ့သို့ အင်အားသုံး ဖြိုခွဲခံရမှုနှင့် ပတ်သက်၍ မိကျောင်းကန် သပိတ်စခန်းမှ ဦးကိုကိုလေးကို The Voice က တွေ့ဆုံမေးမြန်းခဲ့သည်များမှ ကောက်နုတ် ဖော်ပြအပ်ပါသည်။

The Voice။ ။ သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြရတဲ့ အကြောင်းကို သိပါရစေ။

KKL။ ။ သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ မှာ အိမ်ထောင်စု ၁၁၈၀ ရှိတယ်။ ၁၉၉၁ ခုနှစ်လောက်မှာ မိကျောင်းကန်မှာ နေတဲ့သူတချို့ကို ပဲခူးရိုးမ တောင်ခြေနားမှာ ရှိတဲ့ အုတ်ဖိုမြို့နယ် အေးမြသာယာ ရွှေ့ပြောင်းခိုင်းတယ်။ ရေမရှိ၊ မီးမရှိ။ ဦးတို့နေဖို့ အဆင်မပြေလို့ ရန်ကုန်ကို ပြောင်းလာတယ်။ ခုထိ ဘာညှိနှိုင်းပေးတာမှ မရှိသေးဘူး။ လှည့်စားခံထားရတယ်။ အသိမ်းခံရတဲ့ မြေအတွက် နစ်နာကြေး ဘာတစ်ခုမှ မရဘူး၊ တစ်ခုခု ပြန်လုပ်ပေးစေချင်တယ်။

The Voice။ ။ မိကျောင်းကန် သပိတ်စခန်းမှာ ဖြစ်သွားတဲ့ အခြေအနေကို သိချင်ပါတယ်။

KKL။ ။ အဲဒီညက ပန်းခြံမှာ မီးတွေ အမှောင်ချထားတယ်။ ရုန်းရင်းဆန်ခတ် တော်တော်လေး ဖြစ်သွားတော့ သပိတ်စခန်းမှာလည်း ဒဏ်ရာရတဲ့သူတွေ များတယ်။ သပိတ်စခန်းမှာ အရင်က မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ က လူကုန်ဆန္ဒပြတာ မဟုတ်ဘူးလေ။ အခုတော့ မခံရပ်နိုင်လို့ စိတ်အားထက်သန်ပြီး အရင်က ဆန္ဒမပြဘဲ ကျန်တဲ့သူတွေပါ လာဆန္ဒပြတော့ လူအင်အား ပိုများတာ ၂၅၀ လောက် ရှိတယ်။

The Voice။ ။ သပိတ်စခန်းမှာ ရှိနေတဲ့ ဆန္ဒပြနေတဲ့ သူတွေရဲ့ လက်ရှိ နေထိုင်စားသောက်မှုတွေ အကြောင်း သိချင်ပါတယ် ။

KKL။ ။ ဆန္ဒထုတ်ဖော်သူတွေမှာ ရှိတဲ့ပိုက်ဆံလေးတွေ စုပြီး စားသောက်တာရယ်၊ လာလှူဒါန်းတာတွေနဲ့ပဲ စားသောက်နေရပါတယ်။ ကျန်းမာရေးကိစ္စအတွက် ပန်းခြံထောင့်က သန့်စင်ခန်းကို ငွေနှစ်ရာပေးပြီး သွားရတယ်။ အသက်ကြီးတဲ့ သူတွေကတော့ ရာသီဥတုဒဏ်ကြောင့် နေမကောင်း ဖြစ်ကြတာတွေ ရှိတယ်။

The Voice။ ။ သပိတ်စခန်းကို ပိတ်သိမ်းဖို့ အစီအစဉ် ရှိပါသလား။

KKL။ ။ကျွန်တော်တို့က ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုတာကို ရိုက်နှက်ဖမ်းဆီးမယ်၊ ပစ်ခတ်မယ် ဆိုရင်လည်း ခံရမှာပဲ။ ပြန်လုပ်ဖို့တော့ အစီအစဉ်တော့ မရှိဘူး။ လူသေရင် သေပါစေ ကျွန်တော်တို့က ဘာမှ ပြန်လုပ်မှာ မဟုတ်ပါဘူး။ တောင်းဆိုတာ မရမချင်း သပိတ်စခန်းကို ဘယ်နှကြိမ်ဖျက်ဖျက် ဖွင့်ထားမယ်။ သေရင်သေပါစေ၊ အဖြေတိတိကျကျရမှ ဖြစ်မယ်။

The Voice။ ။ ဟုတ်ကဲ့ အခုလို ဖြေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

(အေးသန္တာထွန်း)
The Voice Weekly