ပြည်တွင်း အင်တာနက်လိုင်းကြောင့် နိုင်ငံခြားသားများ Visa နှင့် Master ကတ်သုံးစွဲမှုများ အခက်ကြုံ

ပို့စ်တင်ချိန် - 4/01/2014 06:46:00 PM


ပြည်တွင်းအင်တာနက်လိုင်းများ၏ ဝန်ဆောင်မှုများမကောင်းမွန်ခြင်းကြောင့် နိုင်ငံခြားသားများအနေဖြင့် နိုင်ငံတကာသုံး အီလက်ထရွန်နစ်စနစ် ငွေပေးချေရေးကတ်များကို အသုံးပြုရာတွင် အဆင်မပြေမှုများ ကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။

ရန်ကုန်မြို့တွင်းနှင့် အခြားသော နယ်မြို့ကြီးများတွင် အင်တာနက်လိုင်း အရည်အသွေးကျဆင်းမှုကြောင့် Visa နှင့် Master ကတ်များ သုံးစွဲရာတွင် အဆင်မပြေမှုများ ကြုံတွေ့ရခြင်းဟု ပြည်တွင်းဧည့်လမ်းညွှန် အလုပ်လုပ်ကိုင်သူတချို့ထံမှ သိရသည်။

“ရန်ကုန်ကနေ ပုဂံကိုသွားခါနီး လေဆိပ်က ATM စက်တစ်ခုမှာ ကတ်ကိုသုံးနေရင်းနဲ့ ချို့ယွင်းတာ။ ငွေကထွက်မလာဘူး။ ဘာလို့လဲ စုံစမ်းကြည့်တော့ အင်တာနက်လိုင်း ကျသွားတယ်။ တဖက်မှာလည်း လေယာဉ်ချိန်ကနီးလာပြီ။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီလိုဝန်ဆောင်မှုတွေကြောင့် နိုင်ငံတကာက ဧည့်သည်တွေကို အားနာမိရပါတယ်” ဟု လုပ်သက်ငါးနှစ်ရှိပြီဖြစ်သည့် အမျိုးသမီး ပြင်သစ်ဧည့်လမ်းညွှန်တစ်ဦးက ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ၎င်း၏ ပြင်သစ်ဧည့်သည်များ ကြုံတွေ့ခဲ့ရသည့် ပြဿနာကို အထက်ပါအတိုင်း ပြောသည်။

အင်တာနက်လိုင်းများ၏ အရည်အသွေးမကောင်းမှုကြောင့် အပြင် ဘဏ်အချို့၏  စက်များသည် မကြာခဏဆိုသလို အမှားများဖြစ်ပေါ်လေ့ရှိကြောင်း သုံးစွဲသူများက ဆိုသည်။ “ပုဂံဘက်မှာ ဖြစ်တာဗျ။ မာစတာကတ်ထည့်နေရင်းနဲ့ ဘာအချက်အလက်မှ တက်မလာတာ။ အင်တာနက်လိုင်း ပြတ်တောက်သွားလို့ပါတဲ့။ နိုင်ငံခြားသားတွေကို ဒီလိုခရီးတစ်ခုအတွက် ပို့ဆောင်ပေးရတာ အချိန်စာရင်း အတိအကျနဲ့ လုပ်နေကြရတာပါ။ နာရီဝက်လောက် အချိန်ကုန်သွားတယ်ဗျ။ ကျွန်တော်ကတော့ တောင်းပန်ပါတယ်ဆိုတာ ဘယ်နှစ်ခါပြောမိမှန်းမမှတ်မိတော့ပါဘူး” ဟု ဂျာမဏီ ဧည့်လမ်းညွှန် အမျိုသားတစ်ဦးက ပြီးခဲ့သည့်လပိုင်းအတွင်း ၎င်းကြုံတွေ့ခဲ့ရသည့် ATM စက်ချို့ယွင်းမှုနှင့် ပတ်သတ်ပြီးဆိုသည်။

အဆိုပါ ဘဏ်များ၏ အလိုအလျောက်ငွေထုတ်စက်များတွင် ငွေသားများ ထုတ်ယူသုံးစွဲကြသည့်အခါ လက်ကျန်ငွေစာရင်းတွင် အမှန်တကယ်ကျန်ရှိရမည့်   ငွေပမာဏထက်ပိုများနေသည့် ချို့ယွင်းမှုကို ကြုံတွေ့ရသည်ဟု စုံစမ်းသိ ရသည်။ “အရင်ကတည်းကရှိခဲ့တဲ့ ပုဂ္ဂလိကဘဏ်တစ်ခုမှာ ငွေထုတ်တာ လက်ကျန်ငွေပမာဏကို စစ်လိုက်တော့များနေတယ်။ ဘဏ်ကိုပြောတော့ သူတို့စက်ချို့ယွင်းမှုကြောင့်လို့ ပြောတယ်။ ဒီလိုဝန်ဆောင်မှုမျိုးက တိတိကျကျပဲ ကောင်းပါတယ်။ ဒါကပြည်တွင်း အင်တာနက်လိုင်းတွေ မကောင်းတာနဲ့လည်း ဆက်စပ်နေတာဘဲ။ ရှက်စရာကြီးပါ” ဟု MPU (Myanmar Payment Union) ကတ်သုံးစွဲသူ အမျိုးသမီးတစ်ဦးက သူမ၏အတွေ့အကြုံကို ပြောပြသည်။

ယခုလက်ရှိ အစိုးရလက်ထက်တွင် ပြည်တွင်းသို့ ဝင်ရောက်လာသော နိုင်ငံခြားသားခရီးသွားများလည်း မြင့်တက်လာနေပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှာလည်း ဆက်တိုက်ဝင်ရောက်လာနေပြီဖြစ်သဖြင့် အစိုးရအနေဖြင့် အဓိကကျသည့် အင်တာနက်ဆက်သွယ်မှုနှင့် ဆက်စပ်ဝန်ဆောင်မှုများကို လျစ်လျူရှုထားမည်ဆိုပါက လာမည့်နှစ်များတွင် ပြဿနာတစ်ရပ်အဖြစ် သိသိသာသာ ပေါ်ထွက်လာမည်ဖြစ်သည်ဟု ကွန်ပျူတာပညာရှင်တချို့က သုံးသပ်သည်။

“အစိုးရဘက်က အင်တာနက်လိုင်း ပြဿနာကို သေသေချာချာကိုင်တွယ်ဖို့ကို လိုနေပြီ။ ဒီအတိုင်းဆက်သွားနေရင် ရှက်ရစရာတွေ ဆက်ဖြစ်နေလိမ့်မ်။ မြန်မာအင်တာနက်ဆိုရင် အရည်အသွေးကို မရှိတာဆိုတဲ့စကားက အခုနိုင်ငံခြားသားတွေရဲ့ ပါးစပ်ဖျားမှာကျင့်သားရနေပြီ” ဟု စင်္ကာပူနိုင်ငံ ကုမ္ပဏီတစ်ခု၏ အိုင်တီဌာနတွင် အလုပ်လုပ်ကိုင်နေသည့် ကိုထွန်းထွန်းလင်းက သူ၏အတွေ့အကြုံကို ပြောသည်။

ပြည်တွင်း၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရတနာပုံတယ်လီပို့လုပ်ငန်းနှင့် Red Link Communication တို့က အင်တာနက်လိုင်းများကို ရောင်းချနေကြပြီး ၎င်းတို့၏ ဝန်ဆောင်မှုများသည် ယခုအချိန်အထိ သုံးစွဲသူများ၏ ကျေနပ်မှုကို မရရှိကြသေးပေ။


ယုဇနကိုကို
Internet Journal