ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေး စီမံချက်များတွင် ဒေါ်လာ သန်း ၁၀၀ ကျော် လိုအပ်နေပြီး လက်ရှိတွင် သန်း ၈၀ ခန့် ရရှိထား

ပို့စ်တင်ချိန် - 10/27/2013 11:39:00 AM


(သံတွဲပဋိပက္ခ ဖြစ်စဉ်အတွင်း နေအိမ်တစ်လုံး မီးရှို့ခံထားရသည့် မြင်ကွင်းအား တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်))

ရခိုင်ပြည်နယ် စီမံချက်တွင် ဒေါ်လာ ၁၀၉ ဒသမ ၃ သန်း လိုအပ်နေပြီး လက်ရှိတွင် သန်း ၈၀ ခန့် ရရှိထားကြောင်း ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီထံမှ သိရသည်။

၂၀၁၂ ခုနှစ် ဇွန်လမှ စတင်ပြီး ရခိုင်ပြည်နယ်အတွင်း လူမျိုးရေး ပဋိပက္ခ ဖြစ်ပွားရာမှ လူမှုဘ၀ ဘက်ပေါင်းစုံ ထိခိုက်မှုများ ရှိနေပြီး အဓိက အနေဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဖြစ်သော ကျန်းမာရေး၊ ပညာရေး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတို့တွင် အများဆုံး လိုအပ်နေမှုများ ရှိကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်။

ယခု ရရှိထားသော ဒေါ်လာ ၇၉ ဒသမ ၄၉ သန်းကို စီမံချက် ၁၀၉ ခုတွင် အသုံးပြုထားပြီးဖြစ်ကြောင်း၊ ကျန်ရှိသည့် စီမံချက်များအတွက် ဒေါ်လာသန်း ၃၀ ခန့် ထပ်မံလိုအပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ ယူနီဆက် (ဖ်) ဌာနေ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ ရခိုင်ပြည်နယ်အတွင်း ကယ်ဆယ်ရေး စခန်းများတွင် ရေနှင့်ပတ်ဝန်းကျင် သန့်ရှင်းရေး၊ ရေကောင်းရေသန့် ရရှိမှုနည်းပါးခြင်း၊ အိမ်သာလုံလောက်မှု မရှိခြင်းတို့အတွက် လုပ်ဆောင်ရန် ငွေကြေးမှာ အဓိက လိုအပ်ချက် ဖြစ်နေကြောင်း ပြောကြားခဲ့ပါသည်။

ရခိုင်ပြည်နယ်ရှိ ကယ်ဆယ်ရေး စခန်းများတွင် လူဦးရေ စုစုပေါင်း တစ်သိန်းလေးသောင်းကျော်ခန့် ရှိနေပြီး ယင်းတို့အနက် လူဦးရေ ရှစ်သောင်းလေးထောင်ခန့်မှာ အသက် ၁၈ နှစ်အောက် ကလေးသူငယ်များ ဖြစ်ကြောင်း၊ ယခုနှစ် စက်တင်ဘာအတွင်း ရခိုင်ပြည်နယ် သံတွဲမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်တွင် အိမ်ခြေ ၁၁၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး လက်ရှိအချိန်ထိ အခြေခံ ပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူ ၈၀၀ ကျော်မှာ ပြန်လည်တက်ရောက်နိုင်ခြင်း မရှိသေးကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ထံမှ သိရသည်။

လက်ရှိတွင် ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း ခြောက်ဖွဲ့၊ နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်း ၁၂ ဖွဲ့နှင့် ပြည်တွင်းအစိုးရအဖွဲ့ မဟုတ်သော အဖွဲ့အစည်း တစ်ဖွဲ့တို့နှင့် အစိုးရမှ ပူးပေါင်းဆောင်ရွက်နေသည်။

Eleven Media Group