တန်ဖိုးနည်းအိမ်ရာ စီမံကိန်း မြေသိမ်းခံရသူများ စတုတ္ထအကြိမ် ဆန္ဒထုတ်ဖော်

ပို့စ်တင်ချိန် - 10/27/2013 04:44:00 PM



ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကြောင့် ဖယ်ရှားခံရမည့်လူ ၁၀၀ ခန့်က တန်ဖိုးနည်းတိုက်ခန်း ဝယ်ယူခွင့် ရရှိရေးအတွက် စတုတ္ထအကြိမ် ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ကြောင်း ဆန္ဒပြခေါင်းဆောင် ဒေါ်မြင့်မြင့်ဝေက ပြောကြားသည်။

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် အမှတ် (၆၇) ရပ်ကွက် အပိုင်း (၃) တွင်မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းတို့က အကောင်အထည်ဖော်မည့် ဧရာဝဏ်နှင့် ရတနာ တန်ဖိုးနည်းအိမ်ရာ အကောင်အထည်ဖော်ရန် နေအိမ် ဖယ်ရှားပေးရန် ဖိအားပေး ခံနေရခြင်း၊ ပြောင်းရွှေ့ရမည့် နေရာ မှာလည်း ဝေးကွာလွန်းခြင်းနှင့် တန်ဖိုးနည်း အိမ်ရာတွင်လည်း ပြန်လည် ဝယ်ယူခွင့် မရခြင်းတို့ကြောင့် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း ဆန္ဒပြသူများထံမှ သိရသည်။

အဆိုပါမြေယာတွင် နေထိုင်သူများကို မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ ကနောင်ခန်းမတွင် တွေ့ဆုံကာ တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ပြီးပါက တိုက်ခန်းကို အရစ်ကျ ရောင်းမည်ဟု ဆိုသောကြောင့် နာမည်စာရင်းများ ပေးထားသော်လည်း ယင်းနောက်တွင်မူ သတိပေးစာ ငါးကြိမ်ထုတ်ကာ ဒဂုံမြို့သစ် အရှေ့ပိုင်းရှိ ချောင်ကျသည့် (၁၃၈) ရပ်ကွက်နှင့် (၁၅၅) ရပ်ကွက်တို့တွင် ငွေနှစ်သိန်းနှင့် ပေ၂၀၊ ပေ ၆၀ မြေကွက်များကိုသာ ချထားပေးကြောင်း ဆန္ဒပြသူများက ပြောကြားသည်။

ကိုယ့်မြေအပိုင် မဟုတ်သူများကို ကျူးကျော်ဟု သတ်မှတ်ကြောင်း၊ တန်ဖိုးနည်းအိမ်ရာ ဆိုသည်မှာလည်း လူတိုင်းလျှောက်ခွင့်ရှိကာ တိုက်ခန်း နေရာချထားရေး ကော်မတီက စိစစ်နေရာချထား ပေးကြောင်း၊ အစိုးရအဖွဲ့ အနေနှင့် ၎င်းတို့နေရာအတွက် ဖန်တီးပေးခဲ့ကြောင်း၊ ပြီးနောက် ကနောင်ခန်းမတွင် ပြောကြားစဉ်က လူတိုင်း လျှောက်ထားခွင့် ရှိကြောင်း ပြောကြားခဲ့ ခြင်းဖြစ်ကာ အိမ်ရာ မဆောက်လုပ်မီက အခြားနေရာတွင် မြေနေရာ ချထားခြင်းကို ဆောင်ရွက်ခြင်း ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာန မြေခွန်မြေတိုင်းဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက ပြောကြားသည်။
“တန်ဖိုးနည်းအိမ်ရာက အဲဒီမြေကွက်မှာ နေတဲ့သူတွေ အတွက်တင် မဟုတ်ပါဘူး။ အခြားပြည်သူတွေ အတွက်လည်း ပါတယ်” ဟု ဆိုသည်။

တန်ဖိုးနည်အိမ်ရာ ဆောက်လုပ်ရန်အတွက် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် စီမံကိန်းစတင်ခဲ့ကာ မြေယာပိုင်ဆိုင်သူများမှာ သတိပေးစာ ရရှိပြီးနောက် ဆန္ဒသုံးကြိမ် ထုတ်ဖော်ခဲ့ပြီး မြေယာ ပြန်လည် ရရှိရေးအတွက် ယခုတစ်ကြိမ် ဆန္ဒထုတ်ဖော်မှုသည် စတုတ္ထအကြိမ်မြောက် ဖြစ်ကြောင်း အိမ်ထောင်စု လေးရာကျော်အနက် အိမ်ထောင်စု လေးရာမှာ သတ်မှတ်ထားသည့် နေရာသို့ ပြောင်းရွှေ့ သွားပြီ ဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
The Voice Weekly