မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ကတိမတည်ခြင်းအတွက် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကြောင့် နေရာပြောင်းရွှေ့ခြင်း ခံရမည့်သူများက ဆန္ဒပြ

ပို့စ်တင်ချိန် - 10/27/2013 11:33:00 AM


ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်တွင် တည်ဆောက်နေသော ဧရာဝဏ်နှင့် ရတနာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကြောင့် အိမ်နေရာ ပြောင်းရွှေ့ခြင်းခံရမည့် သူများက မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဆိုသူ၏ ကတိမတည်ခြင်းအတွက် မဟာဗန္ဓုလ ပန်းခြံဘေးတွင် အောက်တိုဘာ ၂၆ ရက်က ဆန္ဒပြခဲ့ကြသည်။

အဆိုပါ ဆန္ဒပြမှုကို ကျောက်တံတား မြို့မရဲစခန်း၏ တရားဝင် ခွင့်ပြုချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ကာ ဆန္ဒပြသော်လည်း အဆင်ပြေမှု မရှိပါက သပိတ်စခန်းဖွင့်ကာ အဆင်ပြေမှု ရှိသည်အထိ ဆန္ဒပြသွားမည်ဖြစ်ကြောင်း စီမံကိန်း တည်ဆောက်မည့် ဧရိယာတွင် ပါဝင်သော ၆၇ ရပ်ကွက်နေ ဦးတော်မီက ပြောကြားသည်။

"ကျွန်တော်တို့ကို စီမံကိန်း မစခင်ကတော့ အိုးအိမ်ဌာနက ညွှန်ကြားရေးမှူး ဦးအောင်ကျော်က တန်းဖိုးနည်းအိမ်ရာ ဆောက်ပြီးရင် ပြန်ပြီးနေခွင့်ရဖို့ ဦးစားပေးနဲ့ အရစ်ကျ ရောင်းပေးမယ်လို့ ကတိပေးတယ်။ စီမံကိန်းလည်း စလုပ်ရော ၁၀ ပေ x ပေ ၆၀ မြေကွက်နဲ့ ပြောင်းရွှေ့ကြေး နှစ်သိန်းပဲ ပေးမယ်လို့ ပြောတယ်။ သူ့ရဲ့ ကတိမတည်မှုကြောင့် ကျွန်တော်တို့ အခုလို ဆန္ဒပြတာ ဖြစ်ပါတယ်" ဟု ၆၇ ရပ်ကွက်တွင် နေထိုင်သော ဦးတော်မီက ပြောကြားသည်။

စီမံကိန်း စတင်နေပြီ ဖြစ်သော်လည်း မူလနေထိုင်သူများက ၎င်းတို့အတွက် နေစရာ ခိုင်ခိုင်မာမာ ရရှိမှသာ ပြောင်းရွှေ့သွားမည်ဖြစ်ပြီး လက်ရှိတွင် ပြောင်းရွှေ့ရန်အတွက် သတိပေးစာ ငါးကြိမ်ထုတ်ပြန် ခံခဲ့ရပြီဖြစ်ကြောင်း ဆန္ဒပြသူများထံမှ သိရသည်။

ယင်းဆန္ဒပြမှုကို နံနက် ၉ နာရီမှ နံနက် ၁၁ နာရီထိ ပြုလုပ်ခဲ့ပြီး ကျောင်းသားရွယ် ကလေးငယ်များနှင့် လူကြီးစုစုပေါင်း ၁၀၀ ခန့်ဖြင့် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ထို့ပြင် ၎င်းတို့ကို ပြောင်းရွှေ့ခိုင်းပြီး အစားပြန်ပေးသော ဒဂုံအရှေ့ပိုင်းရှိ ၁၃၈ ရပ်ကွက်နှင့် ၁၅၅ ရပ်ကွက်တို့မှာ နေဖို့ရန် မလွယ်ကူဘဲ ရေရရှိဖို့ ခက်ခဲကြောင်း ဆန္ဒပြရာတွင် ပါဝင်သူ ဒေါ်မြင့်မြင့်ဝေက ဆိုသည်။

"ကျွန်မတို့ကို ပြောင်းခိုင်းတဲ့ နေရာက ရေမရှိ၊ မီးမရှိနဲ့ ကလေးတွေ ကျောင်းတက်ဖို့လည်း အခက်အခဲ ဖြစ်ရပါတယ်။ ကိုယ့်နေရာမှာ အနှစ် ၂၀ လောက် စိုက်ပျိုးရေးလုပ်ပြီး နေလာပြီးမှ အခုတော့ ကြုံရာကျပန်း လုပ်ကိုင်စားသောက်တယ်။ နေဖို့အတွက် သူတို့ပေးထားတဲ့ ကတိအတိုင်းရဖို့ မျှော်လင့်ပါတယ်" ဟု ဒေါ်မြင့်မြင့်ဝေက ပြောကြားသည်။

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် ဧရာဝဏ်နှင့် ရတနာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို ၂၀၁၃ ခုနှစ် ဇွန်လမှ စတင်ကာ အကောင်အထည် ဖော်နေပြီဖြစ်ပြီး အကျယ်အ၀န်းဧက ၂၀၀ ခန့်ရှိကြောင်း သိရသည်။

(တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကြောင့် ခိုင်မာသော နေစရာ ရရှိရေး မိဘများကိုယ်စား ဆန္ဒပြနေသော ကျောင်းသားရွယ် ကလေးငယ်များအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်))
Eleven Media Group