ဘာမှန်းညာမှန်း မသိတဲ့ ပြည်သူ

ပို့စ်တင်ချိန် - 10/27/2013 05:01:00 PM



(ဆောင်းပါးရှင် - မောင်တင်ဦး (မြောင်းမြ))

ပြည်သူဆိုတာ

ကျွန်တော်ရေးတဲ့ဆောင်းပါး အတော်များများမှာ ပြည်သူဆိုတာကို အလျဉ်းသင့်သလို တင်ပြခဲ့ပါတယ်။ အခုလည်း ထပ်မံတင်ပြ ပါဦးမယ်။

လူတွေဟာ ရေကြည်ရာမြက်နုရာ သွားလာနေထိုင်ကြရာမှာ တစ်နေရာမှာ စုဝေးနေထိုင် လာကြပါတယ်။ အဲဒီနေရာဟာ မြို့ရဲ့အစာလေးပါး ပြည့်စုံတဲ့ နေရာဖြစ်ပါတယ်။ အစာလေးပါးက (၁) မြက်၊ ထင်း၊ ရေ ဖောဖောသီသီ ရှိခြင်း၊ (၂) သလေး၊ မုယော စသည့်စပါးမျိုး ရှိခြင်း၊ (၃) နှမ်း၊ ပဲ စသည်တို့ ပေါက်ရောက်နိုင်ခြင်း၊ (၄) ထောပတ်၊ ဆီဦး၊ ဆီဖျား၊ တင်လဲ၊ ဆားဟူသော ဆေးဖက်ဝင်များ ရနိုင်ခြင်းတို့ ဖြစ်ပါတယ်။ ဒါတွေပြည့်စုံမှ မြို့ပြတစ်ခု တည်ထောင်လို့ ရနိုင်ပါတယ်။

လိုအပ်ချက်တွေ ပြည့်စုံတဲ့ နေရာမှာ မတူရာ အရပ်က မတူတဲ့ လူတွေဟာ စုမိကြပြီး အတူယှဉ်တွဲ နေထိုင်ရာ နှစ်ပရိစ္ဆေဒများစွာ ကြာမြင့်လာတဲ့အခါ မိတ်ဆွေ၊ ထိုမှတစ်ဆင့်တက်ပြီး ဆွေမျိုးတွေ ဖြစ်လာကြပါတယ်။ အစားတူ၊ ရာသီဥတုတူ၊ ဒီမြေ၊ ဒီရေကို သုံးစွဲလာတာချင်း တူလာရာမှာ အသွေးတူ၊ အသားအရောင်တူ၊ ယဉ်ကျေးမှုတူတဲ့ ပြည်သူဆိုတာ ဖြစ်ထွန်းလာတာပါ။

အဲဒီပြည်သူတွေဟာ ရင်ထဲမှာ အလိုလို ပေါ်ပေါက်လာတဲ့ သံယောဇဉ်ဆိုတဲ့ တွယ်တာမှုကြောင့် တစ်ဦးကိုတစ်ဦး မခွဲနိုင် ဖြစ်သလို တစ်ဦးဒုက္ခတစ်ဦး ကယ်၊ တစ်ဦးအပျော် တစ်ဦးကို မျှနဲ့ နေချင်စရာ ပျော်စရာကောင်းတဲ့ နေရာတစ်ခု ဖြစ်လာပါတယ်။ အဲဒီနေရာလေးမှာ သေတစ်ပန် သက်တစ်ဆုံး နေထိုင်ကြရာမှာ တိုင်းပြည်တစ်ခု ဖြစ်လာပါတယ်။ ပြည်သူတွေ တည်ဆောက်မှ တိုင်းပြည်ဆိုတာ ပေါ်ပေါက်နိုင်တာပါ။

ခေတ်မီတိုးတက်လာတာနဲ့အမျှ တိုင်းပြည်၊ နိုင်ငံရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ပြည်သူကို အဓိပ္ပာယ် ဖွင့်ဆိုချက်တွေဟာ ကျယ်ပြန့်လာပါတယ်။ ပြည်သူတွေရဲ့ အလုပ်ခွဲဝေ လုပ်ကိုင်မှု၊ လုပ်ငန်းဆောင်တာ ကျယ်ဝန်းများပြားလာမှု၊ နေရာဒေသ နယ်ပယ်ကျယ်ပြောမှု တို့ကြောင့် အမည်နာမ အသစ်တွေ ပေါ်လာပါတယ်။ စစ်သား၊ ကျောင်းဆရာ၊ ဆရာဝန်၊ လယ်သမား၊ သူရင်းငှား၊ အလုပ်သမား၊ ပန်းရန်ဆရာ၊ တံငါသည်၊ တစ်နေ့လုပ် တစ်နေ့စား ကျပန်းလုပ်ကိုင်သူ၊ အင်ဂျင်နီယာ၊ စီးပွားရေး ပညာရှင်၊ ကုမ္ပဏီပိုင်ရှင်၊ သူဌေး၊ ဆင်းရဲသား စသဖြင့်ပေါ့။ ဘယ်လို အမည်နာမ အသစ်တွေနဲ့ခေါ်ခေါ် အားလုံးဟာ ပြည်သူပါပဲ။ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြကုန်သော လူသားအားလုံးဟာ မြန်မာပြည်သူတွေပဲ ဖြစ်ပါတယ်။

ပညာတတ်မှ ပြည်သူမဟုတ်ပါဘူး။ ပညာမတတ်၊ အောက်တန်းကျတဲ့ သူတွေကိုမှ ပြည်သူမဟုတ်ပါဘူး။

ဆိုတော့ ပြည်သူတိုင်းဟာ ဘာမှန်းညာမှန်း မသိဘူးလို့ ၀ါးလုံးရှည်နဲ့ရမ်းဖို့ မသင့်တော်ပါဘူး။ ကုလသမဂ္ဂမှာ တာဝန်ထမ်းဆောင်နေတဲ့ Ph.D ဒေါက်တာဘွဲ့ရ မြန်မာနိုင်ငံသား တစ်ယောက်လည်း ပြည်သူတစ်ယောက် ဖြစ်သလို၊ နိုင်ငံခြားမှာ အနှိပ်အစက်ခံ အိမ်ဖော်သွားလုပ်နေတဲ့ ဘယ်သူ့အကူအညီမှ မရဘဲ ကိုယ့်ဘာသာ ဖြေရှင်းနေရတဲ့ မြန်မာနိုင်ငံသား တစ်ယောက်ကလည်း ပြည်သူတစ်ယောက်ပါပဲ။ ၀ါးဆစ်ဘူးနှစ်ခုကို ဗုံလိုတီးခတ်ပြီး သီချင်းဆို တောင်းရမ်းစားသောက် နေသူလည်း ပြည်သူတစ်ယောက်ပါပဲ။

ပြည်သူဆိုတဲ့ အစုထဲမှာ ပြည်သူတစ်ယောက်ချင်းစီဟာ တူညီတဲ့ အစုဝင်တွေ ဖြစ်ပါတယ်။ လက်ရှိအခြေခံ ဥပဒေပုဒ်မ ၃၄၈ မှာပင်လျှင် နိုင်ငံတော်သည် ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှု မပြုရလို့ ဖော်ပြထားပါတယ်။

ဥပဒေအရ ပြည်သူအားလုံး တန်းတူရည်တူ အခွင့်အရေး ရှိကြပါတယ်။ ဒါကို ပြည်သူအချင်းချင်း သွေးကွဲစေမယ့် သွေးခွဲချင်တဲ့၊ မရိုးသားတဲ့စိတ်နဲ့ ဆိုကြ၊ ပြောကြ၊ ရေးကြတာဟာ ရှောင်ရှားရမယ့် ကိစ္စပါ။ အကယ်၍ ပြည်သူဟာ ဘာမှန်း၊ ညာမှန်း မသိဘူးလို့ သိမ်းကျုံးပြောလိုက်တာဟာ ဒီနိုင်ငံရဲ့ ပြည်သူတစ်ယောက်ဖြစ်တဲ့ မိမိကိုယ်မိမိပါ ပြောလိုက်တာနဲ့ တူနေပါတယ်။ သူကိုယ်တိုင် ဘာမှန်းညာမှန်း မသိလို့ ဖြစ်မှာပါ။

မြန်မာပြည်သူတွေ ညံ့သလား

စင်စစ် မြန်မာပြည်သူတွေဟာ မညံ့ခဲ့ပါဘူး။ မညံ့ခဲ့လို့လည်း နှစ်ပေါင်းထောင်ချီအောင် ခိုင်ခိုင်မတ်မတ် တည်ထောင်လာခဲ့တာ အထင်အရှားပါ။

အေဒီ (၁) ရာစုကတည်းက တကောင်း၊ ဟန်လင်း၊ သရေခေတ္တရာ၊ ဗိဿနိုး ဒေသတွေမှာ ယဉ်ကျေးတဲ့ မြို့ပြနိုင်ငံတွေ တည်ထောင်ခဲ့တာ ပျူလူမျိုး ပြည်သူတွေပါပဲ။

ပထမ မြန်မာနိုင်ငံကို အနော်ရထာမင်း (၁၀၄၄-၁၀၇၇) က တည်ထောင်ခဲ့ပါတယ်။ အနော်ရထာမင်း တည်ထောင်တဲ့ မြန်မာနိုင်ငံဟာ မင်းဆက်ပေါင်း ၁၄ ပါး၊ နှစ်ပေါင်း ၃၂၅ နှစ်ကြာ မြင့်ခဲ့ပါတယ်။ ဒီလိုရေရှည်တည်တံ့ ရတာဟာ ဒေသခံ ပြည်သူတွေရဲ့ စုစည်းညီညွတ်မှုကြောင့် ဖြစ်ပါတယ်။

အနော်ရထာမင်းဆီမှာ ရေကြောင်းလှေ ရှစ်သိန်း၊ သူရဲရှစ်ကုဋေ၊ ကြည်းတပ်ဆင် ရှစ်သိန်း၊ မြင်းရှစ်သန်း၊ သူရဲကောင်း ကုဋေရှစ်သန်း၊ စစ်သူကြီး လေးယောက် (ကျန်စစ်သား၊ ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီး) စတဲ့ စစ်အင်အား အရှင်ဒိသာပါမောက္ခ၊ အနန္တသူရိယ အမတ်ကြီး၊ ရာဇသင်္ကြန် အမတ်ကြီး စတဲ့ပညာရှိများ၊ လယ်တွင်းတစ်ဆယ့်တစ်ခရိုင်တွင် လယ်ယာစိုက်ပျိုးသော လယ်သမားများ၊ လူး၊ ဆပ်၊ ပဲ၊ ပြောင်း၊ သခွား၊ ဖရုံ၊ နှမ်းစိုက်သော တောင်သူများ၊ ထန်း၊ အုန်း၊ ငှက်ပျော၊ သံပရာ၊ ရှောက်စိုက်သော ဥယျာဉ်မှူးများ၊ သီဟိုဠ်ကျွန်း၊ မဇ္ဈိမဒေသသို့ ပညာသင်ယူခဲ့တဲ့ ရဟန်းပညာရှိ၊ လူပညာရှိ အစရှိတဲ့ ပြည်သူများရဲ့အားနဲ့ ပုဂံပြည်ကို တည်ထောင်ခဲ့တာ သမိုင်းမှာ အထင်အရှား ရှိခဲ့ပါတယ်။

နောက်ဆုံးမင်းဆက်ဖြစ်တဲ့ သီပေါမင်း လက်ထက်အထိ ပြည်သူတွေဟာ နိုင်ငံနဲ့ ဘုရင်မင်းမြတ်တို့ပေါ် သစ္စာစောင့်သိ ရိုသေခဲ့ကြပါတယ်။ နန်းတွင်းအရေးတော်ပုံ အစုံစုံကြောင့် တစ်ကြောင်း၊ အဘက်ဘက်က နိမ့်ကျတဲ့ နိုင်ငံအခြေအနေကြောင့် တစ်ကြောင်း၊ အကြောင်းကြောင်းကြောင့် နယ်ချဲ့တွေရဲ့ လက်အောက်ကို ၁၈၈၅ ခုနှစ်မှာ ကျဆင်းခဲ့ရပါတယ်။

ဘာမှန်းညာမှန်း မသိတဲ့ ပြည်သူတွေ

တစ်ကမ္ဘာလုံးကို ခေတ်မီလက်နက်တွေနဲ့ လွှမ်းမိုးအုပ်ချုပ်ချင်တဲ့ နယ်ချဲ့ရဲ့လက်က မြန်မာပြည်လည်း မလွတ်ခဲ့ပါဘူး။ သိုးငယ်ကို အပြစ်ရှာနေတဲ့ ၀ံပုလွေလက်ထဲမှာ လည်စင်းပေးခဲ့ ရပါတယ်။ ကုန်းဘောင်ဆက်နောက်ဆုံး ဘုရင်သီပေါမင်းကို နယ်ချဲ့တို့က ဖမ်းဆီးခေါ်သွားတာကို ပြည်သူတွေခမျာ လက်သီးဆုပ်၊ အံကြိတ်၊ မျက်ရည်ဝဲပြီး ဂေါဝိန်ဆိပ်ကမ်းပေါ်က နှုတ်ဆက်ခဲ့ကြတာ မေ့ပျောက်လို့ မရခဲ့ပါဘူး။ မတတ်သာလို့ ရပ်ကြည့်နေတဲ့ ပြည်သူတွေ ဟာရသမျှ အချိန်တိုင်းမှာ တော်လှန်ပုန်ကန်ဖို့ ကြိုးစားနေခဲ့တာပါ။

နယ်ချဲ့လက်အောက် ရောက်ခဲ့ရပေမယ့် နယ်ချဲ့ပြုသမျှ နုနေရပေမယ့် တိုင်းချစ်ပြည်ချစ်စိတ်က ပျောက်ပြယ်မသွားပါဘူး။ ပထမဆုံး မြေဒူးမြို့စား ဗိုလ်မငနဲ့ ရှမ်းတိုင်းရင်းသား ၂၀၀ ကျော်နဲ့ နယ်ချဲ့ကို စတင်ပုန်ကန် ပါတယ်။ နောက်တော့ ရွှေလရောင်ခေါ် ဗိုလ်မင်းရောင်၊ မြင်းတပ်ဗိုလ် ဗိုလ်ရာညွန့်၊ ၀န်စာရေးဗိုလ်ချို၊ ဆရာတော်ဦးဥတ္တမ၊ ဆရာတော် ဦးဝိစာရ၊ လင်းပင်မင်းသား၊ မိုင်းပွန်စော်ဘွား၊ ရွှေချိုးဖြူမင်းသား၊ ချင်းပြည်နယ် ကြွမ်ဘိစ်၊ ကချင်မှ ဒူးဝါးဆင်၀၀ါ၊ လယ်သမားခေါင်းဆောင် ဆရာစံစတဲ့ ပြည်သူများဟာ တစ်ဦးချင်း၊ တစ်ဖွဲ့ချင်း နယ်ချဲ့တို့ကို တော်လှန်ပုန်ကန် ခဲ့ကြပါတယ်။

ပုန်ကန်မှုတွေ မအောင်မြင်ခဲ့ပေမယ့် မြန်မာပြည်သူတွေရဲ့ ဇာတိသွေး ဇာတိမာန်ကို နယ်ချဲ့တွေ ထိတ်လန့်တုန်လှုပ် စေခဲ့ပါတယ်။

နောက်တော့ လွတ်လပ်ရေး အရယူဖို့ ပြင်ဆင်ရာမှာ ညီညွတ်တဲ့ အဖွဲ့အစည်းတွေ ရှိမှဖြစ်မှာကို အတွေ့အကြုံက သင်ခန်းစာ ရလာတဲ့အတွက် ၁၉၃၀ ပြည့်နှစ်မှာ တို့ဗမာ အစည်းအရုံးကို စတင်ဖွဲ့စည်း လိုက်ပါတယ်။ နောက်မကြာမတင်မှာပဲ ကျောင်းသားများသမဂ္ဂ ဖွဲ့စည်းကာ နယ်ချဲ့ကို နည်းလမ်းစုံနဲ့ ပုန်ကန်လာကြပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ ရဲဘော်သုံးကျိပ်ကို ဖွဲ့စည်းပြီး ပြည်သူအားပေး ထောက်ခံမှုနဲ့အတူ နယ်ချဲ့ကို အပြီးသတ်ချေမှုန်းကာ ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေး ရခဲ့ပါတယ်။

ဖော်ပြပါ နယ်ချဲ့တော်လှန်ရေး ကာလတစ်လျှောက်မှာ ပြည်သူမပါဘဲ အောင်မြင်ခဲ့ပါသလား။ ဘာမှန်းညာမှန်း သိသိ၊ မသိသိ ပြည်သူဟာ တိုင်းပြည်ကို ချစ်ရမယ်။ တိုင်းပြည်လွတ်လပ်အောင် နယ်ချဲ့ကို တော်လှန်ရမယ်ဆိုတာကို ကောင်းကောင်းသိခဲ့ ကြတာပါ။

ဆိုတော့ ပြည်သူဟာ ဥပဒေကို သိချင်သိမယ်။ သိချင်မှလည်း သိမယ်။ သူတို့က ဥပဒေကို သင်ယူတတ်မြောက် လိုက်စားနေတဲ့ ပုဂ္ဂိုလ်တွေ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ့်ဘ၀ကို ကောင်းစေမယ့် ဥပဒေ၊ ကိုယ့်ဘ၀ကို နိမ့်ကျစေမယ့် ဥပဒေ ဆိုတာလောက် သိနေရင် ပြည်သူတွေ တာဝန်ကျေပါပြီ။ ၁၉၉၀ ပြည့်နှစ် ရွေးချယ်တင်မြှောက်ပွဲမှာ နိုင်ငံရေးနှိပ်ကွပ်မှု ပြင်းထန်နေတဲ့ကြားက ဘယ်ပါတီကို မဲပေးရမယ် ဆိုတာကို ရှင်းရှင်းလင်းလင်း သိရှိပြီး ပြတ်ပြတ်သားသား မဲပေးခဲ့တာ မေ့လို့မရသေးပါဘူး။

ပြည်သူကို ဘာမှန်းညာမှန်းသိအောင် လုပ်ပေးရမယ်

ဘာမှန်းညာမှန်း မသိတဲ့ ပြည်သူတွေကို ဒီအတိုင်းပဲ ပစ်ထားလိုက်တော့မလား။ ဘာမှန်းညာမှန်း မသိတဲ့ ပြည်သူတွေရဲ့ အားနည်းချက်ဟာ အသုံးချစရာ လက်နက်တစ်ခုလား။

စင်စစ် တိုင်းပြည်တစ်ခု တိုးတက်တယ်ဆိုတာ ပြည်သူတစ်ရပ်လုံး တိုးတက်မှုနှုန်းနဲ့ တိုင်းတာတာပါ။ မြန်မာပြည်မှာ ခရိုနီအချို့ အာဏာရှင်နဲ့ပေါင်းပြီး အကြီးအကျယ် ချမ်းသာနေပါတယ်။ သူတို့ဆွေမျိုး အသိုင်းအ၀ိုင်း ငွေကြေးချမ်းသာလို့ နိုင်ငံခြားမှာ ပညာသွားသင်ပြီး ပညာတတ်တွေ ဖြစ်နေပါတယ်။ သူတို့ လူလက်တစ်ဆုပ်စာကိုကြည့်ပြီး မြန်မာပြည် ဖွံ့ဖြိုးတိုးတက်နေပြီလို့ ဘယ်သူကမှ မသတ်မှတ်ကြပါဘူး။

ပြည်သူ့ ပုံရိပ်ကသာ တိုင်းပြည်ကို ပုံဖော်ပေးတာပါ။ ဆင်းရဲမွဲတေတဲ့ ပြည်သူများလို့ အဆင်းရဲဆုံးနိုင်ငံလို့ အသတ်မှတ်ခံ ခဲ့ရပြီးပါပြီ။ ဖွံ့ဖြိုးမှု အနိမ့်ဆုံးလည်း ဖြစ်ခဲ့ရပြီးပါပြီ။ ပြည်သူတွေ စာမတတ်မြောက်မှုကိုကြည့်ပြီး ပညာရေး နိမ့်ပါးတယ်။ မကျန်းမာတဲ့ ပြည်သူကို တွေ့ရှိပြီး ကျန်းမာရေး ညံ့ဖျင်းတယ်။ ဒီလိုအသတ်မှတ် ခံနေရတာ ရှက်စရာပါ။

ဆိုတော့ ပြည်သူကို ဘာမှန်းညာမှန်းသိအောင် နိုင်ငံတော်အစိုးရ အပါအ၀င် Institutions တွေ၊ ကွန်ရက်တွေ၊ တာဝန်သိ ပြည်သူတွေဟာ ၀ိုင်းဝန်းလုပ်ဆောင် ပေးကြရမှာပါ။ အခုလည်း ယခင်အစိုးရမင်းများ ပြောလေ့ရှိသလို ပြည်သူဟာ စားဝတ်နေရေးပဲ စိတ်ဝင်စားပါတယ်။ နိုင်ငံရေးကို စိတ်မ၀င်စားပါဘူးလို့ ဆိုလာပြန်ပါတယ်။ ဒါဟာ ပြည်သူကို အထင်အမြင်သေးလို့ ပြောတာပါ။ တစ်နည်း နိုင်ငံရေးထဲ ပြည်သူပါမလာအောင် လမ်းလွှဲထားတာပါ။

ဒီကနေ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ အသစ်ရေးဆွဲရေးနဲ့ ပတ်သက်ပြီး ပါတီအချို့က ပြည်သူကိုချပြ၊ ရှင်းပြဖို့ ဆောင်ရွက်နေပါပြီ။ ဒါဟာ ပြည်သူကို ဗဟိုပြုတဲ့၊ ပြည်သူ့ဘက်မျက်နှာပြုတဲ့ မှန်ကန်တဲ့ နိုင်ငံရေးလမ်းကြောင်းမှန် ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူတွေ နိုင်ငံရေး စိတ်ဝင်စားလာရင် ဘာမှန်းညာမှန်းသိတဲ့ ပြည်သူတစ်ယောက် တိုးလာမှာပါ။ ဒီလိုပဲ ဘာမှန်းညာမှန်းသိတဲ့ ပြည်သူတွေ တိုးပွားလာအောင် လုပ်ဆောင်ကြရမှာပါ။

ကားလမ်းကို မျဉ်းကျားကဖြတ်ကူးအောင် အကူအညီမပေးဘဲ ချောင်းဖမ်းတာမျိုး မလုပ်သင့်ပါဘူး။ လျှပ်စစ်မီး အန္တရာယ်အကြောင်း ပညာမပေးဘဲ မီးကြိုးမီးထလောင်မှ အိမ်ရှင်ကို ဖမ်းတာမျိုး မလုပ်သင့်တော့ပါဘူး။ ဒါကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ကောင်းကျိုး၊ ဆိုးကျိုးကို ရှင်းပြ၊ ဘာမှန်းညာမှန်းသိတဲ့ ပြည်သူတွေဖြစ်အောင် လုပ်ပေးကြရမှာ အားလုံးရဲ့ တာဝန်ဖြစ်ကြောင်းပါ။

Eleven Media Group