မိတ္ထီလာမြို့ အင်းပက်လက် ကျေးရွာတွင် ထင်းခွဲ စဉ်းတီတုံး ဖြတ်ရာမှ သစ်သားတုံး ပေါ်တွင် စေတီတော် ပုံများ တွေ့ရှိ

ပို့စ်တင်ချိန် - 10/27/2013 01:44:00 PM



မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာမြို့ ကျောက်ဖြူကုန်း ကျေးရွာ အုပ်စု အင်းပက်လက် ကျေးရွာတွင် ကိုနိုင်ဝင်း- မစန်းနွယ် မိသားစု နေအိမ်တွင် အလှူအတန်း ပြုလုပ်ရန် အောက်တိုဘာ ၂၄ ရက် နံနက် ပိုင်းက မန်ကျည်းပင်သားကို

ထင်းခွဲ စဉ်းတီတုံးဖြတ်ရာမှ သစ်သားတုံး ပေါ်တွင် ထူးခြားစွာ စေတီတော်ပုံ များ တွေ့ရှိ ကြောင်း သိရသည်။

''အလှူက သီတင်းကျွတ်လပြည့် ကျော် ၁၃၊ ၁၄ ရက်မှာ လုပ်မှာ ဆိုတော့ ရွာထဲက လူငယ်တွေကို အိမ်အတွက် ထင်းခွဲကူဖို့ ခေါ်ထားတာ။ သူတို့ထင်းခွဲ နေတုန်း အိမ်မှာအသုံး ပြုဖို့ စဉ်းတီတုံးဖြတ် ခိုင်းတယ်။ အဲ့ဒီမှာ ထူးထူးခြားခြား စေတီပုံများကို သစ်သားတုံးပေါ်မှာ တွေ့ရှိတာပါပဲ။ ပထမ စဉ်းတီတုံးမှာ စေတီ တော်ပုံ မပါရှိဘဲ ဒုတိယ၊ တတိယ စဉ်းတီတုံးတွေ ပေါ်မှာ စေတီတော် ပုံတစ်ဆူစီ ပါရှိတယ်။ နောက်ပြီး အဲ့ဒီစေတီတော် ခြေရင်းမှာ ရဟန်း တစ်ပါးစီ သီတင်းသုံး နေဟန်ပုံရိပ် တွေကို ဖူးတွေ့ရပါတယ်။ အခုတော့ အင်းပက်လက်ကျေးရွာ ဒေသခံ တွေနဲ့ ရွာအနီးက ဆူးဖြူကွက်၊ အံ့ထူး၊ အုတ်နှဲဘုတ် စတဲ့ ကျေးရွာတွေက ဘုရားဖူး လာသူတွေ တော်တော်များ စေတီတော် ပုံရိပ်တွေကို လာရောက် ဖူးမြော်နေကြပါတယ်'' ဟု ကိုနိုင်ဝင်းက ပြောသည်။

အဆိုပါ စေတီတော်ပုံရိပ်နှင့် ရဟန်းတော် ပုံရိပ်များ ဖူးတွေ့ရသည့် မန်ကျည်းပင် သားများကို လွန်ခဲ့သည့် သုံးနှစ်ခန့်က မိတ္ထီလာ ဝန်ဇင်းရပ်ကွက်မှ ထင်းအဖြစ် ရောင်းချရန် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး အလှူအတန်းပြုလုပ်ရန် ထင်းခုတ် စဉ်းတီတုံးလုပ်ရာမှ ထူးခြားစွာ ဖူးတွေ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။
မြ၀တီ