Facebook သည် သတင်းနှင့်ပတ်သက်၍ အဓိကရင်းမြစ်ဖြစ်လာ

ပို့စ်တင်ချိန် - 10/27/2013 02:05:00 PM


လူမှုဆက်သွယ်ရေးကွန်ရက်ဝက်ဘ်ဆိုက် Facebook သည် အသုံးပြုသူများအတွက် သတင်းနှင့်ပတ်သက်၍ အဓိကရင်းမြစ်တစ်ခု ဖြစ်လာကြောင်း လေ့လာမှုစစ်တမ်းတစ်ခုက ကြာသပတေးနေ့တွင် ဖော်ပြသည်။ Pew Research Center နှင့် Knight Foundation တို့ ပူးပေါင်းပြုလုပ်သည့် စစ်တမ်းသစ်အရ အရွယ်ရောက်ပြီး အမေရိကန်နိုင်ငံသား ၆၄ ရာခိုင်နှုန်းမှာ Facebook သုံးလေ့ရှိကာ ၎င်းတို့အနက် ၃၀ ရာခိုင်နှုန်းခန့်က သတင်းများကို Facebook မှပင် ဖတ်ရှုကြကြောင်း သိရသည်။ သို့သော် စစ်တမ်းအရ အသုံးပြုသူ ၇၈ ရာခိုင်နှုန်းမှာ အဓိကအားဖြင့် Facebook တွင် သူငယ်ချင်းများနှင့် ဆက်သွယ်ပြောဆိုမှု၊ ဓာတ်ပုံမျှဝေမှု စသည့် အခြားအကြောင်းအရာများ ဆောင်ရွက်ရင်းဖြင့် သတင်းများကို သိရှိနိုင်ခြင်း ဖြစ်သည်။

"လူတွေက Facebook ပေါ်မှာ သူတို့ရဲ့ပုဂ္ဂိုလ်ရေး လှုပ်ရှားမှုတွေ မျှဝေဆောင်ရွက်ရင်းနဲ့ သတင်းတွေကို ဖတ်မိသိရှိသွားတတ်ကြတာမျိုးပါ"ဟု Pew Research Center ရှိ Journalism Research ဒါရိုက်တာ အမ်မီ မစ်ချယ်က ပြောကြားသည်။ အသုံးပြသူများအနေဖြင့် သတင်းထူး၊ သတင်းဦးများ သိရလေ့ရှိခြင်းကြောင့် Facebook မှာ သတင်းအတွက် အဓိကရင်းမြစ်တစ်ခု ဖြစ်လာကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားသည်။ သတင်းများ အဓိက ဖတ်ရှုလေ့ရှိသူ အများစုမှာ လက်ရှိဖြစ်ပေါ်နေသော အကြောင်းအရာတို့အတွက် Facebook က ၎င်းတို့၏ အဓိက သတင်းရင်းမြစ်ဖြစ်ကြောင်းကိုမူ ထုတ်ဖော်ပြောဆိုလေ့မရှိဟုလည်း စစ်တမ်းကဆိုသည်။


အကြမ်းဖျင်းအားဖြင့် Facebook ပေါ်တွင် သတင်းဖတ်ရှုသူအများစုမှာ မူရင်းသတင်းအပြည့်အစုံ ဖတ်ရှုနိုင်မည့် Link ကို ကလစ်နှိပ်ကာ ဖတ်ရှုလေ့ရှိပြီး ၆၀ ရာခိုင်နှုန်းမှာ အဆိုပါ သတင်းပို့စ်တွင် Like သို့မဟုတ် Comment ရေးသားလေ့ရှိသည်။ Facebook မှတစ်ဆင့် သတင်းဖတ်ရှုသူ ၁၀ ဦးလျှင် ၄ ဦးမှာ သတင်းများကို ကိုယ်တိုင် ပို့စ်တင်ခြင်း၊ သတင်း Link ကို မျှဝေခြင်းတို့ ပြုလုပ်လေ့ရှိပြီး ၃၂ ရာခိုင်နှုန်းမှာ သတင်းတစ်ပုဒ်အပေါ် Facebook တွင် အခြားလူများနှင့် ဆွေးနွေးလေ့ရှိကြောင်း သိရသည်။ Facebook အသုံးပြုသူများသည် သတင်း Link တစ်ခုကို ကိုယ်တိုင်စိတ်ဝင်စား၍ဖြစ်စေ၊ သူငယ်ချင်းတစ်ယောက်က ဖတ်ရှုကြည့်ရန် မျှဝေတိုက်တွန်းထား၍ဖြစ်စေ သတင်းများ ဖတ်ရှုလေ့ရှိကြောင်းလည်း စစ်တမ်းရလဒ်တွင် ဖော်ပြသည်။ ၎င်းတို့အနက် ၂၀ ရာခိုင်နှုန်းမှာမူ မီဒီယာအဖွဲ့အစည်းများက မျှဝေမှုမှတစ်ဆင့် သတင်းများ ဖတ်ရှုလေ့ရှိသည်။

Facebook သတင်းဖတ်ရှုလေ့ရှိသူ ၃ ပုံ ၁ ပုံခန့်မှာ သတင်းမီဒီယာအဖွဲ့အစည်းများ သို့မဟုတ် သတင်းထောက်များနှင့် ချိတ်ဆက်ထားလေ့ရှိကြောင်းလည်း Pew စစ်တမ်းကဆိုသည်။ Facebook အသုံးပြုသူ ၄၂ ရာခိုင်နှုန်းမှာ ရုပ်မြင်သံကြားသတင်းများကိုလည်း မကြာခဏ ကြည့်ရှုလေ့ရှိပြီး ၂၁ ရာခိုင်နှုန်းမှာ ပုံနှိပ်သတင်းစာများ မကြာခဏ ဖတ်ရှုလေ့ရှိကြောင်း စစ်တမ်းရလဒ်တွင် ဖော်ပြသည်။ ယခုစစ်တမ်းမှာ Faebook အသုံးပြုသူ ၃,၂၆၈ ဦး အပါအဝင် အရွယ်ရောက်ပြီး အမေရိကန်နိုင်ငံသား ၅,၁၇၃ ဦးကို ၂၀၁၃ ခုနှစ် သြဂုတ်လ ၂၁ ရက်မှ စက်တင်ဘာ ၂ ရက်အထိ မေးမြန်းမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

planet