လူမှုဝန်ထမ်းရုံးများနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးရုံးများ မြို့နယ် ၃၃၀ တွင် အသစ်ဖွင့်မည်

ပို့စ်တင်ချိန် - 10/27/2013 05:18:00 PM



မြန်မာနိုင်ငံရှိ မြို့ပေါင်း ၃၃၀ တွင် လူမှုဝန်ထမ်း ရုံးများနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးရုံးများ အသစ်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်စုစုလှိုင်က ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမြင့်က လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ရုံးခွဲများ ဖွင့်လှစ်ရန် အစီအစဉ် ရှိမရှိနှင့် ပတ်သက်ပြီး ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မေးမြန်းရာ ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

ခရိုင်အဆင့် လူမှုဝန်ထမ်းရုံး ၆၄ ရုံး၊ မြို့နယ်အဆင့် လူမှုဝန်ထမ်းရုံး ၃၃၀ ရုံး၊ ခရိုင်အဆင့် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးရုံး ၃၁ ရုံး၊ မြို့နယ်အဆင့် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးရုံး ၃၃၀၊ အရေးပေါ် အခြေအနေ စီမံခန့်ခွဲမှု ဗဟိုဌာနတစ်ခု၊ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု သင်တန်းကျောင်း တစ်ခုတို့ကို ဖွင့်လှစ်ရန် စီစဉ်လျက် ရှိကြောင်း ဒေါ်စုစုလှိုင်က ဆိုသည်။

အဆိုပါရုံးများ ဖွင့်လှစ်နိုင်ရန်အတွက် နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စု အစိုးရအဖွဲ့၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဖွဲ့စည်းပုံ စစ်ဆေးရေး အဖွဲ့တို့ထံ တင်ပြထားပြီး ဖြစ်ကြောင်း ၎င်းကထပ်လောင်းရှင်းပြ သည်။

ဘိုးဘွားရိပ်သာများ၊ လူကုန်ကူး ခံရသူများ၊ သဘာဝဘေးကြောင့် ပျက်စီးခဲ့ရသည့် လူနေအိမ်များ၊ ဌာနဆိုင်ရာ အဆောက်အအုံများ၊ ပုဂ္ဂလိက အဆောက်အအုံများကို ထောက်ပံ့ ကူညီရန်အတွက် တိုင်းဒေသကြီးနှင့် ခရိုင်အဆင့် မြို့ကြီးများတွင်သာမက မြို့နယ်အဆင့်တွင်ပါ လူမှုဝန်ထမ်းရုံးများ၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးရုံးများ လိုအပ်လျက် ရှိသည်ဟု ဝမ်းတွင်း မဲဆန္ဒနယ်မှ ဦးသန်းမြင့်က ဆိုသည်။

ပြီးခဲ့သည့် လပိုင်းအတွင်းကလည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် အိန္ဒိယနိုင်ငံနှင့် အင်ဒိုနီးရှား နိုင်ငံရောက် မြန်မာ့ရေလုပ်သား ၁၆၀ ဦး ကို မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်နိုင်ခဲ့သည်။
The Voice Weekly