ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပြီး တိုက်ပွဲများကြောင့် ကချင်ဒုက္ခသည် နှစ်ထောင်ကျော်တိုး

ပို့စ်တင်ချိန် - 10/27/2013 11:20:00 AM


ရန်ကုန်၊ အောက်တိုဘာ ၂၆

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီနှင့် ကေအိုင်အိုတို့ မြစ်ကြီးနားမြို့တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ပြီ သုံးပတ်အတွင်းမှာပင် ဒီတပ်မတော်နှင့် ကေအိုင်အေတို့၏ ဗန်းမော် ခရိုင်တွင် ဖြစ်ပွားသော တိုက်ပွဲများကြောင့် ကချင်ဒုက္ခသည် နှစ်ထောင်ကျော် တိုးလာသည်ဟု ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်ခွန်ဂျာက The Voice သို့ ပြောကြားသည်။

ကချင်ပြည်နယ် ဗန်းမော်ခရိုင်တွင် တပ်မတော်နှင့် ကေအိုင်အေ တပ်မဟာ (၃) တပ်ရင်း (၁၂) တို့ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် မိုင်းခေါင်၊ မုန်ဒိန်ပါ၊ ကောင်ဂျာနှင့် နမ်လင်းပါ ရွာတို့မှ ရွာသားများပါ တောထဲတိမ်းရှောင် နေရသည့်အတွက် စစ်ပြေးဒုက္ခသည်များ တိုးလာခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။
“အဲဒီနေရာမှာ နေထိုင်တဲ့ မူလဒုက္ခသည်က နှစ်ထောင်ကျော် ရှိပါတယ်။ ပြီးလို့ရှိရင် (တိုက်ပွဲ ဖြစ်ပွားပြီးနောက်) အဲဒီမှာ နေထိုင်တဲ့ ရွာသားတွေပါ ဒုက္ခသည် ဖြစ်သွားတဲ့အတွက် သူတို့ကိုပါ ဒုက္ခသည်အဖြစ် ထည့်သွင်းလိုက်မယ် ဆိုလို့ရှိရင်တော့ ၄၅၀၀ လောက် ရှိလာမယ်” ဟု ဒုက္ခသည် တိုးလာမှုအပေါ် ဒေါ်ခွန်ဂျာက ရှင်းပြသည်။

လက်ရှိတွင် ထပ်တိုးလာသော ဒုက္ခသည်များအတွက် စားနပ်ရိက္ခာ အကူအညီ လိုအပ်နေသည်ဟု ၎င်းကဆက်ပြောသည်။
ကေအိုင်အိုနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီတို့ အောက်တိုဘာလ ၈၊ ၉၊ ၁၀ ရက်တို့က မြစ်ကြီးနားမြို့တွင် ဆွေးနွေးခဲ့ပြီး အောက်တိုဘာလ ၁၆၊ ၁၇နှင့် ၂၂၊ ၂၃ ရက်နေ့တို့တွင် တပ်မတော်နှင့် ကေအိုင်အေ တပ်မဟာ (၃) တပ်ရင်း (၁၂) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
The Voice Weekly