မြို့ကြီးများနှင့် ကမ်းခြေများ ဟိုတယ် လုံခြုံရေးသင်တန်း တစ်ပြိုင်နက် ဖွင့်လှစ်မည်

ပို့စ်တင်ချိန် - 10/27/2013 04:45:00 PM



မြန်မာတစ်နိုင်ငံလုံးရှိ မြို့ပေါင်း ၁၃ မြို့နှင့် ကမ်းခြေများတွင် ဟိုတယ်လုံခြုံရေး သင်တန်းများကို အောက်တိုဘာလ ၂၈ ရက်မှ နိုဝင်ဘာလ ၁ ရက်နေ့အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

ရန်ကုန်မြို့တော်နှင့် မန္တလေးမြို့တော်တို့တွင် ဗုံးပေါက်ကွဲမှုနှင့် ဗုံးတွေ့ရှိမှုများ ဖြစ်ပွားပြီးနောက် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်ဖြင့် ပြည်ထဲရေးဝန်ကြီး ဌာနနှင့် မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနတို့ကို ပထမအကြိမ် ဟိုတယ် လုံခြုံရေးသင်တန်းကိ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ တောင်ကြီးမြို့တို့တွင် အောက်တိုဘာ ၂၁ ရက်နေ့က ငါးရက်ကြာ ဖွင့်လှစ်ခဲ့ပြီးဖြစ်ရာ ယခု ဒုတိယအကြိမ်အဖြစ် ၁၃ မြို့နှင့် ကမ်းခြေသုံးခုတွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ဆိုသည်။

အဆိုပါ သင်တန်းအတွက် မန္တလေးမြို့တော် ဟိုတယ်များမှ ဟိုတယ် မန်နေဂျာနှင့် ကြီးကြပ်ရေးမှူး အဆင့်ရှိသူများက တက်ရောက်နိုင်ပြီး ယင်းတို့မှတစ်ဆင့် မိမိလုပ်ကိုင်လျက်ရှိသော ဟိုတယ်များတွင် ဆင့်ကဲသင်တန်း ပေးသွားကြရမည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

အဆိုပါ သင်တန်းကို ပြည်ထဲရေးဝန်ကြီးဌာနမှ နယ်မြေခံ ရဲတပ်ဖွဲ့၊ မှုခင်းရဲ တပ်ဖွဲ့ (CID) နှင့် ရဲအထူးတပ်ဖွဲ့ (Special Brand) တို့က သင်ကြား ပြသပေးမည် ဖြစ်ပြီး အဆိုပါ မြို့ ၁၃ မြို့နှင့် ကမ်းခြေများတွင် ငါးရက်တာ သင်တန်း ဖွင့်လှစ်ပေးမည်ဖြစ်ကာ သင်တန်းသား အနည်းဆုံး ၃၀ မှ ၁၀၀ ဦးခန့်အထိ ဒေသအလိုက် တက်ရောက်ရန် မှန်းထားကြောင်း အဆိုပါ တာဝန်ရှိသူက ထပ်မံပြောကြားသည်။

ယင်းကဲ့သို့ သင်တန်းပေးမည့် မြို့နှင့် ကမ်းခြေများမှာ မြစ်ကြီးနား၊ ကျိုင်းတုံ၊ တာချီလိတ်၊ မူဆယ်၊ မကွေး၊ စစ်တွေ၊ လားရှိုး၊ ပုသိမ်၊ မော်လမြိုင်၊ ဘားအံ၊ ပဲခူး၊ တောင်ငူ၊ ပြည်မြို့နှင့် ငွေဆောင်ကမ်းခြေ၊ ချောင်းသာကမ်းခြေ၊ ငပလီကမ်းခြေ စသည်တို့တွင် ဟိုတယ်လုံခြုံရေး သင်တန်း ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း အဆိုပါဌာန တာဝန်ရှိသူထံမှ သိရသည်။

ရန်ကုန်မြို့တော် ကုန်သည်ကြီးများ ဟိုတယ်တွင် အောက်တိုဘာ ၁၄ ရက်နေ့ညက ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အမေရိကန် နိုင်ငံသူတစ်ဦး ဒဏ်ရာရရှိခဲ့ကာ အဆိုပါနေ့တွင် မန္တလေးမြို့တော် ရွှေဘဲ စားတော်ဆက်၌ လက်ပစ်ဗုံးတစ်လုံး တွေ့ရှိခဲ့သည်။
The Voice Weekly