တနင်္ဂနွေနေ့

ပို့စ်တင်ချိန် - 10/27/2013 05:19:00 PM


တနင်္ဂနွေ ပိတ်ရက်အတွင်း ပန်းခြံတစ်ခုသို့ မိသားစုလိုက် လာရောက်အပန်းဖြေစဉ်
ပြက္ခဒိန် စာရွက်ပေါ်မှာ စိတ်ဝင်စားစရာ အကောင်းဆုံးနေ့ကို ပြပါဆိုလျှင် တနင်္ဂနွေနေ့ကို လက်ညှိုးထိုးပြ မိပေလိမ့်မည်။ ရက်ပေါင်းခုနစ်ရက်ဖြင့် ဖွဲ့စည်းထားသော ရက်သတ္တပတ်ထဲမှာ တနင်္ဂနွေနေ့သည် အထူးခြားဆုံးနေ့ဟု ထင်မိသည်။ ပျော်စရာ အကောင်းဆုံးနေ့ဟု ခံစားမိသည်။ ထို့အပြင် ချစ်စရာ အကောင်းဆုံး နေ့လို့လည်း ပြောချင်သည်။ အမျှော်လင့်ဆုံး နေ့လို့လည်း တင်စားချင်ပါသည်။
ကျွန်တော်တို့လို ကုမ္ပဏီ ၀န်ထမ်းများအဖို့ တနင်္ဂနွေနေ့ ရောက်လာဖို့ တော်တော်မျှော်လင့်ရပါသည်။ တနင်္လာနေ့မှ စနေနေ့အထိ ခြောက်ရက်တာ ကာလအတွင်း ခံစားခဲ့ရသော မောပန်းနွမ်းနယ်မှု၊ စိတ်ဖိစီးမှု၊ အားအင်ကုန်ခန်းမှုတို့ကို တနင်္ဂနွေနေ့မှာ ပြန်လည်ဖြည့်တင်း ရသောကြောင့် ဖြစ်ပါသည်။ ထိုအခါ တနင်္ဂနွေနေ့သည် ကျွန်တော်တို့အတွက် ထူးခြားသည့် နေ့တစ်နေ့ ဖြစ်လာခဲ့ပါသည်။ အနောက်တိုင်းမှာတော့ ၎င်းနေ့ကို စူပါဆန်းဒေး (Super Sunday) ဟု ခေါ်ကြပါသည်။ တစ်ကမ္ဘာလုံးက တနင်္ဂနွေနေ့ကို အများပြည်သူ အပန်းဖြေ အနားယူသည့် နေ့တစ်နေ့အဖြစ် သတ်မှတ်ထားပါသည်။ (တနင်္ဂနွေနေ့ပါ မနားရရှာသည့် အလုပ်သမား အချို့က လွဲလို့ပေါ့လေ။)
တနင်္ဂနွေနေ့သည် ခရစ်ယာန် ဘာသာဝင်တွေအတွက် ဘုရားကျောင်းတက်သည့် နေ့ဖြစ်သလို ဗုဒ္ဓဘာသာဝင်တွေ အတွက်လည်း ဘုရားသွား ကျောင်းတက်သည့်နေ့လည်း ဖြစ်ပါသည်။ ထို့ကြောင့် တနင်္ဂနွေနေ့သည် ကျက်သရေမင်္ဂလာ အပေါင်းနှင့် ပြည့်စုံသောနေ့ ဖြစ်သလို ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာရသော နေ့လည်းဖြစ်ပါသည်။
တချို့က တနင်္ဂနွေနေ့မှာ မင်္ဂလာဆောင်သည်။ တချို့က တနင်္ဂနွေနေ့မှာ အိမ်တက်မင်္ဂလာ လုပ်သည်။ တချို့က တနင်္ဂနွေနေ့မှာ ပျော်ပျော်ပါးပါး ၀ိုင်းဖွဲ့ကာ မုန့်လုပ်စားကြသည်။ တချို့က တနင်္ဂနွေနေ့မှာ ပျော်ပွဲစား ထွက်ကြသည်။ တချို့က ရုပ်ရှင်ကြည့်သည်။ တချို့က ကစားကွင်း သွားသည်။ တချို့က ဘုရားဖူး ထွက်ကြသည် . . . . .
ကုမ္ပဏီ တစ်ခုမှာ အလုပ်မ၀င်ခင် အချိန်ကာလ တုန်းကတော့ တနင်္ဂနွေနေ့၏ အဓိပ္ပာယ်နှင့် အနှစ်သာရကို သတိမပြုမိခဲ့ပါ။ တနင်္ဂနွေ တစ်ရက်မှလွဲ၍ ပိတ်ရက်မရှိသည့် ကုမ္ပဏီ တစ်ခုမှာ အလုပ်ဝင်လုပ် မိသည့်နောက်ပိုင်း တနင်္ဂနွေနေ့သည် ကျွန်တော့်အတွက် အရသာရှိသော နေ့တစ်နေ့၊ ထူးခြားမွန်မြတ်သော နေ့တစ်နေ့ ဖြစ်လာခဲ့ပါသည်။ တနင်္လာနေ့မှ စနေနေ့အထိ မိမိဘ၀ကို သူများအတွက် ပေးဆပ်ထားရသော ကျွန်တော့်အဖို့ တနင်္ဂနွေနေ့သည် မိမိဘ၀ကို မိမိပိုင်ဆိုင်သည့်နေ့ မိမိကိုယ်မိမိ ပြန်လည်တွေ့ရှိသည့် နေ့လည်းဖြစ်ပါသည်။ ထို့ကြောင့် တနင်္ဂနွေနေ့ကို ကျွန်တော်တန်ဖိုး ထားပါသည်။ တနင်္ဂနွေနေ့မှာ လည်ပတ်နေသော စက္ကန့်၊ မိနစ်၊ နာရီ လက်တံများသည် ကျွန်တော့်အဖို့ တန်ဖိုးအနဂ္ဃ ထိုက်တန်သော ကျောက်မျက်ရတနာများ ဖြစ်ပါသည်။ ထိုကျောက်မျက် ရတနာလေးများ မပျောက်ပျက်ရအောင် စနစ်တကျ ထိန်းသိမ်းဖို့ ကြိုးစားရပါသည်။ တနင်္ဂနွေနေ့သည် ပျော်စရာကောင်းသော နေ့တစ်နေ့ပါပဲ။ တနင်္ဂနွေနေ့မှာ ကိုယ်လုပ်ချင်တာ လုပ်ခွင့်ရသည်။ ကိုယ်သွားချင်တာ သွားခွင့်ရသည်။ ကိုယ်နေချင်သလို နေခွင့်ရသည်။  တနင်္ဂနွေနေ့မှာ လေကို၀၀ ရှူခွင့်ရပါသည်။ နေထွက်ချိန်ကို လက်ဖက်ရည် တစ်ခွက်နှင့် ကြိုဆိုနိုင်ပါသည်။ နေ၀င်ချိန်ကို ကမ္ဘာဦး လူသားတစ်ယောက်လို နှုတ်ဆက်နိုင်ပါသည်။
ကျွန်တော်တို့ အားလုံးသည် တနင်္ဂနွေနေ့ကို ပုံသဏ္ဌာန် အမျိုးမျိုးနှင့် သရုပ်ဖော်ကြပါသည်။ တချို့က တနင်္ဂနွေနေ့မှာ မင်္ဂလာဆောင်သည်။ တချို့က တနင်္ဂနွေနေ့မှာ အိမ်တက်မင်္ဂလာ လုပ်သည်။ တချို့က တနင်္ဂနွေနေ့မှာ ပျော်ပျော်ပါးပါး ၀ိုင်းဖွဲ့ကာ မုန့်လုပ်စားကြသည်။ တချို့က တနင်္ဂနွေနေ့မှာ ပျော်ပွဲစား ထွက်ကြသည်။ တချို့က ရုပ်ရှင်ကြည့်သည်။ တချို့က ကစားကွင်း သွားသည်။ တချို့က ဘုရားဖူး ထွက်ကြသည်။ မည်သို့ပင် ပုံသဏ္ဌာန် ကွဲစေကာမူ တူညီသည့် ရည်ရွယ်ချက်ကတော့ မိမိ၏ ကိုယ်နှင့်စိတ်ကို အပန်းဖြေခြင်း ပါပဲ။ ထိုကဲ့သို့ အပန်းဖြေမှလည်း အပန်းပြေနိုင် ပေလိမ့်မည်။ အပန်းပြေမှ အားသစ်ရမည်။ အားသစ်ရမှ မနက်ဖြန်ကို ရင်ဆိုင်နိုင်လိမ့်မည်။ ကျွန်တော်တို့၏ တစ်ပတ်တာ အားအင်ကုန်ခန်း မောပန်းနွမ်းနယ်မှုကို တနင်္ဂနွေနေ့က ပြန်လည်ဖြည့်စွမ်းပေးသည့် သဘောပါပဲ။ ထို့ကြောင့် တနင်္ဂနွေနေ့သည် အားသစ်မွေးသည့်နေ့။ ခွန်အားဖြည့်သည့်နေ့ ဖြစ်ပါသည်။
တနင်္ဂနွေနေ့မှာလည်း လုပ်ရမည့် အလုပ်တွေကလည်း တန်းစီစောင့်နေပါသည်။ တစ်ပတ်တာလုံး မလျှော်ခဲ့ရသည့်ခေါင်းကို လျှော်ဖို့။ တစ်ပတ်တာလုံး ညစ်ပတ်နံစော်နေခဲ့သည့် အ၀တ်တွေကို လျှော်ဖို့။ တစ်ပတ်တာလုံး မဖတ်ရသေးသည့် စာအုပ်တွေကို ဖတ်ဖို့။ တစ်ပတ်တာအတွင်း မကြည့်ခဲ့ရသည့် ရုပ်ရှင်ဇာတ်ကားတွေ၊ သီချင်းတွေ ကြည့်ရှုနားထောင်ဖို့။ တစ်ပတ်တာအတွင်း တင်းမာခဲ့သည့် ကိုယ်ခန္ဓာ အကြောအခြင်တွေ ဖြေလျှော့ဖို့။ တစ်ပတ်တာအတွင်း ဖိစီးခံခဲ့ရသည့် စိတ်ကို သက်သောင့်သက်သာဖြစ်အောင် ဖြေလျှော့ဖို့။ တစ်ပတ်တာအတွင်း ကျွန်တော်တို့ မှားခဲ့တဲ့ အပြုအမူတွေ၊ စကားလုံးတွေ၊ အတွေးတွေကို ပြန်လည်သုံးသပ်ကြည့်ဖို့။ ပြန်လည်သန့်စင်အောင် ဆေးကြောဖို့။ တနင်္ဂနွေနေ့သည် တစ်ပတ်တာ ဖြတ်သန်းခဲ့သည့် မိမိကိုယ်မိမိ ပြန်လည်သုံးသပ် ဆင်ခြင်ရသည့်နေ့။ ရုပ်ခန္ဓာနှင့် နာမ်ခန္ဓာကို ပြန်လည်သန့်စင်သည့်နေ့။ လက်ရှိတနင်္ဂနွေနေ့သည် ရှေ့လာမည့် တနင်္ဂနွေနေ့အတွက် ပြန်လည်ပြင်ဆင်သည့် နေ့လည်းဖြစ်ပါသည်။ ထို့ကြောင့် အတိတ်က တနင်္ဂနွေနေ့ကို ပစ္စုပ္ပန် တနင်္ဂနွေနေ့က အနိုင်ရထားမှ ဖြစ်မည်။ ထို့အပြင် ပစ္စုပ္ပန် တနင်္ဂနွေကို အလဲထိုးကာ အနိုင်ယူဖို့ အနာဂတ် တနင်္ဂနွေကလည်း စောင့်ကြိုနေပြန် ပါသည်။
တနင်္ဂနွေနေ့သည် မိုးဖွဲဖွဲလေး ရွာနေသည့် နေ့တစ်နေ့ ဖြစ်နိုင်သည်။ နှင်းတွေဝေနေသည့် နေ့တစ်နေ့လည်း ဖြစ်နိုင်သည်။ ဒါမှမဟုတ် နေသာသည့် နေ့တစ်နေ့လည်း ဖြစ်နိုင်သည်။ တနင်္ဂနွေနေ့၏ အရှေ့မှာ ဘယ်လိုဂုဏ်ထူး ၀ိသေသတွေပဲ တပ်တပ် တနင်္ဂနွေနေ့၏ တန်ဖိုးအစစ်အမှန်ကနေ တစ်ပြားသားမှ လျော့ကျသွားလိမ့်မည် မဟုတ်။ ကျွန်တော်သည် တနင်္ဂနွေနေ့ကို မနက်မိုးလင်းမှ ညအိပ်ရာ ၀င်သည်အထိ အရိပ်တကြည့်ကြည့်နှင့် မျက်စိအောက်မှ အပျောက်မခံနိုင်ပါ။ တနင်္ဂနွေနေ့၏ အသုံးဝင်ပုံနှင့် တန်ဖိုးရှိပုံကို သတိပြုဆင်ခြင် ကြည့်နေမိပါသည်။ နေရိပ်သည့် တနင်္ဂနွေ နေ့လေးတစ်ရက် ရောက်လာဖို့ နေပူမှာ ခြောက်ရက်လောက် စောင့်စားခဲ့ရသည် မဟုတ်ပါလား။ ရွှေလိုတန်ဖိုးရှိသည့် တနင်္ဂနွေနေ့။ ဘာနဲ့မှ အစားထိုးလို့မရတဲ့ တနင်္ဂနွေနေ့။ လက်ဆောင်ကောင်းနဲ့တူတဲ့ တနင်္ဂနွေနေ့။ ကျွန်တော်တို့ အားလုံးရဲ့ ချစ်လှစွာသော တနင်္ဂနွေနေ့။
eleven