မြန်မာ့တပ်မတော်ကို စစ်ရေးလေ့ကျင့်ပေးနေခြင်း မဟုတ်ဟု အမေရိကန် သံအမတ် ရှင်းလင်း

ပို့စ်တင်ချိန် - 10/27/2013 11:31:00 AM


မြစ်ကြီးနား၊ အောက်တိုဘာ ၂၆

အမေရိကန် ပြည်ထောင်စုက မြန်မာ့တပ်မတော်ကို စစ်ရေးလေ့ကျင့် ပေးနေသည်ဟု နိုင်ငံတကာ မီဒီယာများတွင် ဖော်ပြနေခြင်းမှာ မဟုတ်မှန်ကြောင်း မြစ်ကြီးနား သို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် မစ္စတာဒဲရစ်မစ်ချယ်က ကချင်လူမှု အဖွဲ့အစည်းများနှင့် အောက်တိုဘာလ ၂၆ ရက်နေ့က တွေ့ဆုံစဉ်တွင် ရှင်းလင်းပြောကြားခဲ့သည်။
“တပ်မတော်ကို လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး စောင့်ထိန်းရမယ့် အပိုင်းတွေကို သင်တန်းပေးခဲ့တာ ရှိပေမယ့် စစ်ရေးနဲ့ ပတ်သက်ပြီး ဘာပညာမှ မပေးခဲ့ဘူး ဆိုတဲ့အကြောင်း ရှင်းပြသွားတယ်” ဟု အမေရိကန် သံအမတ်ကြီးနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ ကချင်အမျိုးသားတစ်ဦးက ဆိုသည်။

ကေအိုင်အို နည်းပညာအကြံပေး အဖွဲ့ရုံးတွင် အောက်တိုဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်သော ယင်းတွေ့ဆုံပွဲ မတိုင်မီ အမေရိကန် သံအမတ်ကြီးသည် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် သွားရောက် တွေ့ဆုံခဲ့ပြီး ပြည်သူလူထု၏ ယုံကြည်မှုကို ရရှိရန်အတွက် တပ်မတော်၏ အခန်းကဏ္ဍသည် အရေးကြီးသည်ဟု ပြောဆိုခဲ့ကြောင်း၊ ကေအိုင်အို နည်းပညာ အကြံပေး အဖွဲ့နှင့်လည်း သီးသန့် တွေ့ဆုံခဲ့ရာတွင် အစိုးရနှင့် ကေအိုင်အို ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို စိတ်ဝင်တစားဖြင့် စောင့်ကြည့်လေ့လာလျက် ရှိသည်ဟု ပြောဆိုခဲ့ရုံ သာမက ယခုရက်ပိုင်းအတွင်း မန်စီမြို့နယ် နမ်လင်းပါ ကျေးရွာတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲ အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကာ ကေအိုင်အို၏ သဘောထား များကိုလည်း မေးမြန်းခဲ့ကြောင်း ကေအိုင်အို နည်းပညာ အကြံပေးအဖွဲ့မှ ဆရာဒေါင်ခါးက ပြောကြားသည်။
“နမ်လင်းပါကိစ္စနဲ့ ပတ်သက်ပြီးတော့ မြန်မာ ငြိမ်းချမ်းရေး စင်တာနဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို အကြောင်းကြား ညှိနှိုင်းပြီး အမြန်ဆုံး ပြေလည်အောင် ဆောင်ရွက်နေတဲ့အကြောင်း ပြောပြခဲ့တယ်။ သံအမတ်ကြီးကလည်း လိုအပ်ရင် အမေရိကန်သံရုံးက နိုင်ငံရေးအရာရှိ
(Political Officer) နဲ့ ဆက်သွယ်ဖို့ ပြောခဲ့တယ်” ဟု ၎င်းကဆိုသည်။

အဆိုပါတိုက်ပွဲ ဖြစ်ပွားရာ နမ်လင်းပါကျေးရွာ အနီးတစ်ဝိုက်သည် ယခင်က ကေအိုင်အေ တပ်မဟာ (၃) လက်အောက်ခံ အမှတ် (၁၂) တပ်ရင်း ဌာနချုပ်နယ်မြေ ဖြစ်ခဲ့ပြီး တိုက်ပွဲများ ဖြစ်ပွား ခဲ့သည့် နောက်ပိုင်းတွင် ဌာနချုပ်ဟူ၍ အတည်တကျ မရှိတော့ဘဲ ကေအိုင်အေတပ်များက တပ်ခွဲတပ်စိတ် တပ်စုများ အနေဖြင့် ပြန့်ကျဲတည်ရှိနေရာ တပ်မတော်ဘက်မှလည်း တပ်ရင်း ၁၅ ရင်း (စ.က.ခ-၁၆၊ စ.က.ခ-၂၁) ဖြင့် လှုပ်ရှားနေသောကြောင့် တစ်ချိန်မဟုတ် တစ်ချိန် ထိတွေ့မှု ဖြစ်နိုင်သည် ဆိုသည်ကို အမေရိကန် သံအမတ်ကြီးကို ရှင်းပြခဲ့ကြောင်း ကေအိုင်အို နည်းပညာအဖွဲ့ထံမှ သိရှိရသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချယ် ကချင်ပြည်နယ်သို့ ရောက်ရှိလာပြီး ပြည်သူလူထုနှင့် တွေ့ဆုံ ခဲ့ခြင်းသည် ကောင်းမွန်သော အလားအလာ ဖြစ်ပြီး နိုင်ငံတော်အစိုးရက သံအမတ်ကြီးကို ကချင်ပြည်နယ်သို့ လာခွင့်ပြုခဲ့ခြင်းသည်လည်း ဆောင်ရွက် လျက်ရှိသော ပြုပြင်ပြောင်းလဲမှုများ၏ တစ်စိတ်တစ်ဒေသ အဖြစ် ပေါ်လွင်စေသည်ဟု ကချင် လူမှုအဖွဲ့အစည်း ခေါင်းဆောင်များက မှတ်ချက်ပြုသည်။
The Voice Weekly