ပင်လယ်ထွက်ပေါက်မှ မှောင်ခို တင်ပို့မှုများကြောင့် ကျွဲ၊ နွားများ ရှားပါးဟုဆို

ပို့စ်တင်ချိန် - 10/27/2013 12:28:00 PM


ဖျာပုံ၊ အောက်တိုဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ကျွဲ၊ နွားများကို သင်္ဘောများဖြင့် တင်ဆောင်ကာ ပင်လယ်ထွက်ပေါက်မှ တစ်ဆင့် ထိုင်းနိုင်ငံသို့ တရားမဝင်တင်ပို့ ရောင်းချနေသူများကြောင့် ကျွဲ၊ နွားများ ရှားပါးလာသဖြင့် ဒေသတွင်းရှိ လယ်ယာ လုပ်ကိုင်သူများမှာ လုပ်ငန်းခွင်အတွင်း ခိုင်းစေရန် ဇီဝိတဒါန အသင်းထံ အကူအညီ တောင်းခံမှုများ ရှိကြောင်း ဖျာပုံမြို့နယ် ဇီဝိတဒါန အသင်းမှ အတွင်းရေးမှူး ဦးသန်းအောင်က The Voice သို့ ပြောကြားသည်။

မြစ်၊ ချောင်းများ ပေါများသော ဒေသဖြစ်၍ ကျေးရွာများသို့ သင်္ဘောများဖြင့် ဝင်ရောက်ကာ ကျွဲနွားများကို တရားမဝင် သယ်ဆောင်နေကြောင်း သတင်းရရှိသော်လည်း လမ်းပန်း ဆက်သွယ်ရေး မကောင်းမွန်သောကြောင့် ဖမ်းမိခြင်း မရှိသေးကြောင်း၊ သို့သော် ကျွဲ၊ နွား ရောင်းချသူများနှင့် သင်္ဘောပေါ်သို့ တင်ဆောင်ပေးသူများကို သက်သေများအဖြစ် မှတ်တမ်းများ ရှိကြောင်း ဖျာပုံမြို့နယ် အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်း ပြောကြားသည်။
“ချောင်းရိုးတွေကနေ ညဘက်သင်္ဘောနဲ့ ဝင်လာပြီး အကောင် ၅၀ လောက် သယ်သွားကြတာ။ တစ်လကို အနည်းဆုံး နှစ်ကြိမ်လောက် လာသယ်သွားကြတယ်လို့ ဒေသခံတွေက ပြောပေမယ့် ပင်လယ်ထွက်ပေါက်တွေက များတော့ မှောင်ခိုသမားတွေကို လက်ရဖမ်းမိဖို့ ခက်တယ်” ဟု အမာမြို့နယ်ခွဲ ဘဝသစ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကြာစိန်က ပြောကြားသည်။

ဖျာပုံမြို့နယ်တွင်း ကျေးရွာများတွင် ကျွဲ၊ နွားများကို တရားမဝင် မြို့နယ် ဖြတ်ကျော် သယ်ဆောင်ကာ တစ်ပိုင်တစ်နိုင် လုပ်ကိုင်သူများကို ရက်ခြား ဆက်တိုက် ဖမ်းဆီးရမိမှုများ ရှိသော်လည်း မှောင်ခိုလုပ်ငန်းကြီး လုပ်နေသူများကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ယင်းမြို့နယ်ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဖျာပုံမြို့နယ်တွင် ၂၀၁၀ ပြည့်နှစ်မှစ၍ စည်ပင်သာယာက ခွင့်ပြုထားပေးသော သားသတ်လိုင်စင်ကို ဇီဝိတဒါနအသင်းက လေလံဆွဲ ဝယ်ယူခဲ့ပြီး ကျွဲ၊ နွားများ၏ အသက်အန္တရာယ် ကာကွယ်ပေးမှုများ ဆောင်ရွက်နေကြောင်း အမာမြို့နယ်ခွဲ ဇီဝိတဒါနအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ကျွဲ၊ နွားများ မှောင်ခိုတင်ပို့မှုကို တားဆီးရန် တိုင်းဒေသကြီးနှင့် ပြည်နယ် စည်ပင်သာယာရေး နယ်နိမိတ် ဖြတ်ကျော်မှု မပြုရန် တင်းကျပ်စွာ တားမြစ်ထားပြီး အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ ဖြင့် တားမြစ်ထားသော်လည်း ပို့ကုန်သွင်းကုန် ဥပဒေဖြင့် အရေးယူရန် စီစဉ် ဆောင်ရွက်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပထမအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမ ပုံမှန် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
The Voice Weekly