လက်ပံတောင်းတောင်အနီး လျော်ကြေးမယူထားသည့် စိုက်ခင်းများတွင် လမ်းဖောက်ခြင်း၊ သံဆူးကြိုး ကာခြင်းများ မပြုလုပ်ရန် ဒေသခံ တောင်သူများနှင့် ဒေသအာဏာပိုင်များ တွေ့ဆုံဆွေးနွေး

ပို့စ်တင်ချိန် - 10/27/2013 11:42:00 AM

အာက်တိုဘာလ ၂၂ ရက်က လိပ်ခွံတောင် အနီးတွင် ဒေသခံ တောင်သူများနှင့် လုံခြုံရေး တပ်ဖွဲ့များအား တွေ့ရစဉ်

ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့ နယ် လက်ပံတောင်းတောင်အနီး လျော်ကြေးငွေ ရယူခြင်း မရှိသော စိုက်ခင်းများတွင် ၀မ်ပေါင်ကုမ္ပဏီမှ ခြံစည်းရိုး ကာရံခြင်းနှင့် သံဆူးကြိုးများ ခတ်ခြင်း၊ လမ်းဖောက်လုပ်ခြင်းတို့နှင့် ပတ်သက်၍ လက်ပံတောင်းတောင် ဒေသခံ တောင်သူများနှင့် လက်ပံတောင်းတောင် ဒေသအာဏာပိုင်များ အောက်တိုဘာ ၂၅ ရက်နေ့က ဆည်တည်း-ဇီးတောကျေးရွာ ဆက်ဆံရေးရုံးတွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

"အောက်တိုဘာလ ၂၂ ရက်နေ့နဲ့ ၂၃ ရက်နေ့တွေမှာ လက်ပံတောင်းတောင် တောင်ဘက်က လိပ်ခွံတောင်အနားမှာ ၀မ်ပေါင်ကုမ္ပဏီက မြေတူးစက်တွေ လာလုပ်ကိုင်လို့ လက်ပံတောင်းတောင် ဒေသခံ တောင်သူတွေနဲ့ လုံခြုံရေး တပ်ဖွဲ့တွေ တင်းမာမှုတွေ ဖြစ်ပွားခဲ့တယ်။ မြေတူးစက်တွေနဲ့ နှမ်းခင်းထဲမှာ လမ်းဖောက်တာကို ရွာကတောင်သူတွေ သွားတားတော့ ဘူဒိုဇာ စက်ကြီးက ပြန်ဆုတ်သွားတယ်။ အောက်တိုဘာ ၂၃ ရက်မှာ ဘူဒိုဇာတွေ လာမလုပ်ပေမယ့် လုံခြုံရေးတွေ အပြည့်ချထားပြီး တောင်သူတွေက အနားမှာ ယာထဲဆန္ဒပြရင်းနဲ့ တင်းမာမှု ဖြစ်ခဲ့တယ်။ အောက်တိုဘာ ၂၃ ရက် နံနက် ၇ နာရီ လောက်ကစပြီး မိုးကြိုးပြင်၊ ဆည်တည်းနဲ့ တုံရွာဒေသခံ ရွာသူရွာသားတွေ ဆန္ဒပြခဲ့ပါတယ်" ဟု လက်ပံတောင်းတောင် ဒေသခံ တစ်ဦးက ပြောပြသည်။

လက်ပံတောင်းတောင် ဒေသခံတောင်သူ ၂၀၀ ၀န်းကျင်သည် အောက်တိုဘာ ၂၅ ရက် မွန်းလွဲ ၂ နာရီမှ စတင်ကာ ဆည်တည်းရွာသစ် ဆက်ဆံရေးရုံးတွင် ဒေသအာဏာပိုင်များနှင့် တွေ့ဆုံကာ ဆွေးနွေးခဲ့ကြောင်း သိရသည်။

"လက်ပံတောင်းတောင်နားက ယာခင်းတွေမှာ လျော်ကြေးမယူပေမယ့် အခင်းထဲမှာ လမ်းဖောက်တာတွေ ဆူးကြိုးကာတာတွေ ခြံစည်းရိုးတိုင် ကာတာတွေက ၀မ်ပေါင်နဲ့ ဦးပိုင်က လာပြီးလုပ်တဲ့ ကိစ္စတွေကို မလုပ်ဖို့ တောင်းဆိုတဲ့ အနေနဲ့ ဆက်ဆံရေးရုံးမှာ သွားပြီးတောင်းဆိုခဲ့တယ်။ သတ္တုတွင်းဝန်ကြီး ဦးသန်းထိုက်၊ နယ်လုံဝန်ကြီး ဦးကြည်နိုင်နဲ့ ခရိုင်က ဦးတင်ထွန်းတို့ ပါဝင်ဆွေးနွေးပါတယ်။ ဆွေးနွေးမှု အဖြေက ညနေပိုင်းအထိ ကောင်းကောင်းမရဘူး" ဟု တုံကျေးရွာ ဒေသခံတစ်ဦးက ပြောပြသည်။

Eleven Media Group