Pregnancy and Good diet အစားအစာနဲ့ ကိုယ်ဝန်ရခြင်း

ပို့စ်တင်ချိန် - 10/27/2013 04:49:00 PM



သမီးတနေ့က စာစောင်တခုမှာ ဖတ်လိုက်ရတာက ညံဖျင်းတဲ့ အစားအစာရယ် အရက်ရယ် အဝလွန်ခြင်းရယ်က အမျိုးသား-အမျိုးသမီးတွေကို ကလေးမရစေဘူးလို့ သိရပါတယ်။ အဲဒီ ညံဖျင်းတဲ့ အစားအစာဆိုတာ ဘယ်လိုဟာကို ပြောတာပါလဲ မသိလို့ပါဆရာ။

အမေရိကားမှာ ကလေးမရသေးတဲ့ စုံတွဲ ၆ သန်းလောက်ရှိနေတယ်။ ကျွန်တော်တို့နိုင်ငံမှာ စာရင်းမရှိသေးပါ။ Infertility ကလေးမရနိုင်သေးတဲ့အကြောင်း ၂ ပုဒ်ရေးပြီးပါပြီ။ ဒီမေးခွန်းရလို့ နံပါတ် ၃ ကို မွေးထုတ်လိုက်ပါတယ်။
အစာနဲ့ ဘာဆိုင်သလဲ။ “Fat, Carbs and the Science of Conception အဆီ-(ကာဗွန်ဟိုက်ဒရိတ်) နဲ့ သိပ္ပံနည်းကျ ကိုယ်ဝန် ရခြင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ လေ့လာချက်တခု ၂ဝဝ၇ ဒီဇင်္ဘာမှာ ထွက်ထားပါတယ်။

• အသက် ၃ဝ အောက် မိန်းကလေးတွေထဲက ကလေးမရနိုင်သေးတဲ့ပြဿနာဟာ ၁ဝ% ထက်နည်းတယ်။ အသက် ၃ဝ ကျော်ရင် ဒီလိုဖြစ်တာ ၃ဝ% အထိရှိလာတယ်။
• STD လိင်ကတဆင့် ကူးစက်ရောဂါတွေ အထူးသဖြင့် ကနေ့ကာလမှာ အဖြစ်ပိုလာတဲ့ Chlamydia (ကလာမိုင်ဒီယား) နဲ့ Gonorrhea (ဂနိုရီးယား) ရောဂါတွေကြောင့် ကလေးမရမှာ ဖြစ်စေနိုင်တယ်။
• ကပ်ရောဂါလိုဖြစ်လာနေတဲ့ လူအဝလွန်တာနဲ့ ဆီးချိုရောဂါတွေကလဲ အကြောင်းတရားတွေထဲမှာ ပါတယ်။
• သဘာဝပတ်ဝန်းကျင် အချက်အလက်တွေထဲက တချို့ ပိုးသတ်ဆေးတွေဟာ ဟော်မုန်းထွက်မှာကို သက်ရောက်စေတယ်။ ပလပ်စတစ် မီးရှို့လို့ ထွက်တဲ့ အနံ့အသက် တွေကနေလဲ ယောက်ျားကိုရော မိန်မကိုသာ ကလေးမရစေတာ ဖြစ်နိုင်သေးတယ်။
• စိတ်ဖိအား များတာနဲ့ စိုးရိမ်စိတ်ကဲတာတွေကလဲ ဖြစ်စေနိုင်သေးပြန်ပါတယ်။
• အာဟာရ၊ လေ့ကျင့်ခန်း နဲ့ လူနေမှုပုံစံတွေဟာ အသဲ၊ နှလုံး၊ ကင်ဆာ၊ စတာတွေကို ဖြစ်စေနိုင်တာတွေထဲမှာ ပါတယ်။

အစားအစာကို ဒီစာရင်းထဲမှာ ထည့်မလားမေးရင် ဖြစ်နိုင်စရာရှိပါမယ်လို့ဖြေပါမယ်။ ဒီအဖြေက ဆရာဝန်ဆီက မဟုတ်ဘဲ အတွေ့အကြုံရ မိန်းမကြေီးတွေကနေပြောလို့ သတ်မှတ်နိုင်ပါတယ်။ သုတေသနတွေ မများသေးပါ။

ဒါ့ကြောင့် အမျိုးသမီးပေါင်း ၁၈ဝဝဝ ကို Nurses' Health Study လေ့လာမှုပြုပါတယ်။ အစားအစာနဲ့ နှလုံးရောဂါ၊ ကင်ဆာနဲ့ တခြား နာတာရှည်ရောဂါတွေ ဘယ်လို သက်ရောက်မှုရှိတယ် ဆိုတာကို လေ့လာခဲ့တာ ဖြစ်ပါတယ်။ အမျိုးသမီးတိုင်းက “ကျမ ကလေးရချင်နေတယ်” လို့လဲ ပြောကြတယ်။ ၆ ယောက်မှာ ၁ ယောက်မှာ ကလေးမရတာ ဖြစ်တယ်။ ၈ နှစ်အကြာမှာ သူတို့ထဲက အတော်များများ ကလေးရသွားကြတယ်။ အဲဒီထဲမှာ ရာပေါင်းများစွာဟာ Ovulatory infertility မ-မျိုးဥထွက်ပေမဲ့ ကလေးမရကြဘူး။ ကလေးမရသေးသူတွေနဲ့ ရသွားသူတွေ အကြား ခြားနားတာတွေကတော့ အစားအသောက်၊ လေ့ကျင့်ခန်း နဲ့ လူနေမှုပုံစံတွေ ဖြစ်နေတယ်။

ဒါတွေကနေ ကောက်ချက်တွေဆွဲပြီး “ကလေးရနည်းဗျူဟာ” ဆိုတာ ထွက်လာတယ်။ ဒါက မ-မျိုးဥ ထွက်ပေမဲ့ ကလေး မရသေးသူတွေအတွက်သာ အကျိုးရှိနိုင်မှာ ဖြစ်ပါတယ်။ ဒီအားနည်းချက်ကြောင့်ကလေးမရတာက လေးပုံတပုံ မက ရှိပါတယ်။ တခြားအကြောင်းတွေ ဥပမာ သားအိမ်ပြွန်ပိတ်နေသူတွေကိုတော့ အထောက်အကူ မရစေနိုင်ပါ။ နောက်ပြီး အခုလေ့လာမှုကနေ အမျိုးသမီးတွေရဲ့ အဖေါ်-ခင်ပွန်းတွေကိုတော့ ဆန်းစစ်မှု မလုပ်ခဲ့ပါ။

(ကာဗွန်ဟိုက်ဒရိတ်) ကို လျှော့စားပါ၊
လူတိုင်း နေ့တိုင်း မစားဘဲမနေတဲ့ အစားအစာအမျိုးအစားဖြစ်တဲ့ ဆန်၊ ဂျုံ၊ ပြောင်းတွေကနေ ချက်တဲ့-လုပ်တဲ့ ထမင်း၊ ပေါင်မုံ့၊ ရိုတီး၊ ခေါက်ဆွဲ ဆိုတာမျိုးတွေကို (ကာဗွန်ဟိုက်ဒရိတ်) အစာလို့ခေါ်တယ်။ ဒါမျိုးစားရင် (ကလိုရီ) ရစေမယ်။ အား (အင်နာဂျီ) ဖြစ်စေမယ်။ သွားနိုင်၊ လာနိုင်၊ ခုန်နိုင်-ပြေးနိုင်စတာတွေ လုပ်စေနိုင်တယ်။ လူတယောက်တနေ့တာ လိုအပ်တဲ့ (ကလိုရီ) တဝက်မကဟာ ဒါကနေရတယ်။

(ကာဗွန်ဟိုက်ဒရိတ်) ဆိုတိုင်း အတူတူမဟုတ်ဘူး
ပေါင်မုံ့ဖြူ၊ အာလူး၊ ဆိုဒါပါ အချိုရည်တွေက သိပ်မြန်မြန် ကလိုရီရစေလို့ ပိုဆိုးစေမယ်။ (ကယ်လိုရီ) ကို ဖြေးဖြေးလေးသာ ရစေတဲ့ အစာတွေမှာ Fiber (ဖိုင်ဘာ) ပါတယ်။ ပိုကောင်းတယ်။ တခြား အစာအမျိုးအစားတွေထက် (ကာဗွန်ဟိုက်ဒရိတ်) ကနေ သွေးထဲက သကြားဓါတ်နဲ့ (အင်စူလင်) အခြေအနေကို သက်ရောက်စေတယ်။ (အင်စူလင်) ဆိုတာ သွေးထဲက သကြားဓါတ်ကို ထိန်းပေးတဲ့ ဟော်မုန်းဖြစ်တယ်။ ဒါတွေသိပ်များနေရင် မျိုးပွါးကိစ္စတွေအတွက် လိုအပ်တဲ့ ဟော်မုန်း တွေကို ထိခိုက်စေတယ်။ မ-မျိုးဥ ထွက်မှာကို တားမယ်။

ဒါပေမဲ့ (ကာဗွန်ဟိုက်ဒရိတ်) ပမာဏနဲ့ မ-မျိုးဥထွက်ပေမဲ့ ကလေးမရနိုင်တာ တိုက်ရိုက်ဆက်စပ်မှု မရှိပါ။ ဆိုလိုတာက စားတဲ့ (ကာဗွန်ဟိုက်ဒရိတ်) အမျိုးအစားသည်သာ ကလေးမရမှာကို သက်ရောက်စေနိုင်ပါတယ်။ တိတိကျကျ ပြောရရင် (ကာဗွန်ဟိုက်ဒရိတ်) များတယ် နည်းတယ် ဆိုတာထက် သွေးထဲမှာသကြားဓါတ်များအောင် ဘယ်ဟာကနေ မြန်မြန် လုပ်ပေးသလဲ။ Glycemic load လို့ခေါ်တယ်။

ဒေါ်တင့်ဆွေ