ဗုံးကွဲမှုတွေနောက်ပိုင်း ရခိုင်ပြည်နယ်မှာ လုံခြုံရေးတိုးမြင့် - RFA Burmese

ပို့စ်တင်ချိန် - 10/18/2013 01:24:00 PM




မြန်မာပြည်အတွင်း နေရာအတော်များများမှာ ဗုံးပေါက်ကွဲမှုတွေ မကြာခဏဖြစ်နေတာကြောင့် ရခိုင်ပြည်နယ်အတွင်း ကားလမ်း၊ ရေလမ်းစတဲ့ လူအဝင်အထွက်များနေတဲ့နေရာတွေမှာ လုံခြုံရေးကို တိုးမြှင့်ချထားကြောင်း ရခိုင်ပြည်နယ် အစိုးရတာဝန်ရှိသူတွေက RFA ကို ပြောပါတယ်။

ဒါ့အပြင် လုံခြုံရေးတာဝန်ရှိသူတွေဟာ အဲဒီလို တင်းကြပ်ထားတာအပြင် ရှောင်တခင် ၀င်ရောက်စစ်ဆေးမှုတွေလည်း ရှိနေတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေးဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က RFA ကို ပြောပါတယ်။

"လမ်းတွေမှာ လုံခြုံရေးချထားပေးတာပါ၊ ဒီမှာတော့ လုံခြုံရေးအပိုင်းက သူတို့လိုအပ်တဲ့နေရာတွေမှာ ရှာဖွေစစ်ဆေးတာတော့ရှိတာပေါ့၊ အဓိကကတော့ ကားဂိတ်တို့ဘာတို့ပေါ့၊ လူအများဆုံးရှိတဲ့ နေရာတွေလောက်ပေါ့"

တပ်မတော်၊ ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက တာဝန်ရှိသူတွေပူးပေါင်းတဲ့ စစ်ဆေးရေးအဖွဲ့တွေဖွဲ့ပြီး ရန်ကုန်-စစ်တွေ အသွားအပြန် ခရီးသည်တင်ကားတွေကို အဓိကထား စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။