နိမ့်ကျလျက် ဥပေက္ခာ ပြုခံထားရသော မင်းကင်းမြို့ – ချင်းတွင်းချစ်ဆန်း

ပို့စ်တင်ချိန် - 1/18/2014 06:42:00 PM


    တောင်တွင်းဒေသနှင့် မင်းကင်းမြို့ လူသွားနိုင်ရန် ကားလမ်းမရှိ ဖြစ်နေသည်မှာ အံ့သြစရာဖြစ်ပါသည် . . .  မင်းကင်းမြို့နှင့်တောင်တွင်း လူသွားကားလမ်း မရှိသော်လည်း  သစ်တုံးကြီးများ သွားရန် ကားလမ်း ရှိနေပါတကား . .

မင်းကင်းမြို့နယ်သည် ကလေးခရိုင်အတွင်း ကလေးမြို့၊ ကလေးဝမြို့ (၂) မြို့ပေါင်း နီးပါးမျှ ကျယ်ဝန်း သော်လည်း  ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး ဆင်းရဲမွဲတေမှု အများဆုံး မြို့နယ်ဖြစ်ပါသည်။ မင်းကင်းမြို့နယ်၊ ကြိုးဝိုင်း ၃၉၁၄၁၆ ဧကတွင်းမှ ထိန်းသိမ်းမှု မရှိ သစ်ထုတ်လုပ်သူများ လွန်ခဲ့သော နှစ်ပေါင်း ၂၅ နှစ်အတွင်း ထင်ရှားစွာ တွေ့မြင်နေရပြီး မင်းကင်းမြို့နယ် တောင်တွင်း ဒေသ ချောင်အကျဆုံး သစ်ဆိပ်မှ ထုတ်ခဲ့သမျှ သစ်လုံးကြီးများ ကို ၁၂ ဘီး၊ ၁၆ ဘီးကားကြီးများဖြင့် မင်းကင်းမြို့၊ ပဲလျှော်ဖို ဆိပ်ကမ်းအထိ ချောမောစွာ ထုတ်၍ ချင်းတွင်းမြစ် အတွင်း (Barge) ကြီးများဖြင့် စုံဆင်းနေကြသည်ကို မြင်တွေ့နေကြရပါလျက်။ တောင်တွင်းဒေသနှင့် မင်းကင်းမြို့ လူသွားနိုင်ရန် ကားလမ်းမရှိ ဖြစ်နေသည်မှာ အံ့သြစရာ ဖြစ်ပါသည်။ မင်းကင်းမြို့နှင့် တောင်တွင်း လူသွားကားလမ်း မရှိသော်လည်း သစ်တုံးကြီးများ သွားရန် ကားလမ်း ရှိနေပါတကားဟု မြင်တွေ့ နေရပါသည်။

မင်းကင်းမြို့နယ်တွင်းမှ သစ်ထုတ်လုပ်သူ သစ်ကုမ္ပဏီ အမြောက်အမြား ရှိသည့် အနက်မှ တစ်ခုသော ကုမ္ပဏီ ဖြစ်သည့် တင်ဝင်းထွန်း ကုမ္ပဏီသည် အမြတ်အစွန်းများတွင်မှ မုံရွာမြို့ ရွှေစီးခုံ(မြောက်) ဘုရားကြီးအတွင်း ဓမ္မာရုံနှင့် တရားနာကွင်းကြီး လှူဒါန်းထားသည်ကို ရင်သက်ရှုမော မြင်တွေ့ရပါသည်။

မင်းကင်းမြို့ သစ်တောကြိုးဝိုင်းများတွင်းမှ ထုတ်လုပ် အမြတ်ရရှိသူ ကုမ္ပဏီ မြောက်များစွာ ရှိနေသော်လည်း မင်းကင်းမြို့နယ် အကျိုးအတွက် အကျိုးပြုမူ တစ်စုံတစ်ရာ မပြုဘဲ နေကြသည်ကို တွေ့နေ မြင်နေရပါသည်။

ကလေး-ကလေးဝ(၂) မြို့ ပေါင်းမျှ ကျယ်ဝန်းသော မင်းကင်းမြို့နယ်မှ သစ်သီး၊ သီးနှံစပါး၊ ပဲ၊ ပြောင်း၊ နှမ်းနှင့် သစ်မျိုးစုံ ထုတ်လုပ်နေပါလျက် တိုင်းရင်းသားကျေးရွာ၊မြို့ငယ် တစ်မြို့နယ် ရပိုင်ခွင့်မျှလောက်ကိုပင် ခံစားခွင့် မရသည့်အတွက် ယနေ့တိုင် ပြည်အတွင်းမှ ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး ဆင်းရဲမွဲတေမှု အမြင့်မားဆုံး မြို့နယ် ဖြစ်နေရ ပါသည်။

ဆက်သွယ်ရေး ကားလမ်းမရှိ၊ ရထားလမ်းမရှိ၊ နွေရာသီတွင် သင်္ဘော မသွားနိုင်၊ မြန်မာနိုင်ငံ တစ်နိုင်ငံလုံး တန်ဖိုးနည်း မိုဘိုင်းဖုန်းများ ရရှိနေသော်လည်း မင်းကင်းမြို့နယ်တွင် ၀ယ်ယူ မရပါ ၀ယ်ယူ ရရှိပြီးဖြစ်သော ၀၉ ဖုန်းများပင်လျှင် သုံး၍မရ ဖြစ်နေပါသည်။

မင်းကင်းမြို့ ပြည်သူ့ဆေးရုံမှာလည်း ပျက်စီးယိုယွင်းနေပြီး ဓာတ်ခွဲမှူးမရှိ၊ ဆရာမ အလုံအလောက်မရှိ ကျေးရွာနေ ပြည်သူများအတွက် ကျန်းမာရေးအတွက် ဒုက္ခရောက်နေကြရ ပါသည်။ မင်းကင်းမြို့၊ အုတ် လှေကားဆိပ် မှာလည်း ရေတိုက်စား၍ ပြိုကျပျက်စီးနေပြီး ပြုပြင်မှု မရှိ၍ ပျက်စီးနေပါသည်။ လျှပ်စစ်မီး မှာလည်း တစ်ရက်မှာ (တစ်နာရီခွဲသာလျှင်) ပေး၍ မကြာခဏ ပျက်နေပါသည်။ ကမ်းနားဘေး တဲဆိုင်ခန်း များမှာလည်း ပြည်သူများ အပန်းဖြေနေရာ မရှိဖြစ်နေပါ၍ သက်ဆိုင်ရာမှ လိုအပ်သလို စိစစ် အရေးယူ ပေးပါရန် တင်ပြအပ်ပါသည်။

မင်းကင်းမြို့နယ်၏ ကျယ်ဝန်းသော သစ်တော ကြိုးဝိုင်းများ၊ စိုက်ပျိုးရေး ဧကများ၊ မွေးမြူရေး ကဏ္ဍများမှ ထွက်ရှိ ထုတ်လုပ်မှုကို ကိန်းဂဏန်း အတိအကျ တင်ပြနိုင်ရန် အခက်အခဲ ရှိသော်လည်း နိုင်ငံတော်အတွက် အကျိုးပြု ထုတ်လုပ် ဖြန့်ချိမှုများ၊ အခြားမြို့နယ်များထက် သာလွန် ကောင်းမွန်မှု ရှိကြောင်း လက်ခံရမည် ဖြစ်ပါသည်။

သို့ရာတွင် မင်းကင်းမြို့နယ်၏ လက်ရှိ အနေအထားမှာ အခြားမြို့နယ်များနှင့် ရာသီမရွေး သွားလာနိုင်သော လမ်းမရှိသေးခြင်း (၂) ကျေးရွာချင်းဆက် လမ်းများ စနစ်တကျ ဖောက်လုပ်ထားသော လမ်းများ မဟုတ်ခြင်း၊ နိုင်ငံတော်မှ ဖောက်လုပ်ထားသော လမ်းများမရှိခြင်း၊ နည်းတူ ချောင်း-မြောင်းများကို ဖြတ်သန်း ကူးထားသော တံတားများ မရှိခြင်း မြို့နယ်တွင်း ရပ်ကွက်၊ ကျေးရွာ ၁၈၈ ရွာ ရှိသော်လည်း နိုင်ငံတော်မှ လျှပ်စစ်မီး ပေးနိုင်သော ရပ်ကွက် ၃ ခုသာ ရှိခြင်း။

ကျေးရွာ ၁၈၈ ရွာ ရှိသော်လည်း ကျေးလက် ကျန်းမာရေးဌာန (၄)ခု၊ ဌာနခွဲ ၂၃ ခုသာ ရှိခြင်း၊ တစ်မြို့နယ်လုံး ဆရာဝန် ၃ ဦးသာ ရှိခြင်း တို့ကြောင့် မင်းကင်းမြို့နယ်တွင် လူဦးရေ ၃၆၁၄၁ ဦးတွင်မှ ဆရာဝန် ၁ ဦးသာ ရှိပါသည်။ ကျေးလက် ကျန်းမာရေးဌာန တစ်ခုလျှင် လူဦးရေ ၂၇၁၀၉ ကို စောင့်ရှောက် ကုသပေးနေရ ပါသည်။

ရွာချင်းဆက် လမ်းများ၊ မြို့နှင့်ရွာဆက် လမ်းများ ကောင်းမွန်မှု မရှိသဖြင့် အရေးကြီး လူနာများ အချိန်မီ ကုသနိုင်ခြင်း မရှိဘဲ အသက်ဆုံးရှုံးရမှု အလွန်များပြားပါသည်။ မင်းကင်း မြို့နယ်တွင် သဘာဝအလျောက် ထွက်ရှိသော ရေအဆင့်အတန်း အလွန် ကောင်းမွန်သဖြင့် ရေကောင်းရေသန့် သုံးစွဲထုတ်လုပ်သော နိုင်ငံခြား အရက်များ ထုတ်လုပ်သည့် စက်ရုံများ အခြေစိုက်မည် ဆိုလျှင် ကမ္ဘာ့ဈေးကွက်သို့ ကောင်းမွန်စွာ ထိုးဖောက် နိုင်ပါသည်။

သို့ရာတွင် ကျေးလက်နေ ပြည်သူ အများစုမှာ ကျေးရွာများတွင် သောက်သုံးရေ စနစ်တကျ တူးဖော်ထားမှု နည်းပါးခြင်းကြောင့် ရေကို အခြေခံသော ရောဂါဘယ ဖြစ်ပွားမှု များပြားပါသည်။ သောက်သုံး ရေတွင်းများ လုံလောက်အောင် တူးဖော်ပေးရန် လိုအပ်ပါသည်။

မြို့နယ်ကျေးလက် ဖွံ့ဖြိုးမှု နည်းပါးသည့် အလျောက် ခိုကိုးရာမဲ့ သက်ကြီးရွယ်အိုနှင့် မိဘမဲ့ ကလေးသူငယ် များလည်း များပြားကြောင်း စာရင်းကောက်ခံမှုကြောင့် သိရှိရပါသည်။ တစ်မြို့နယ်လုံးတွင် ခိုကိုးရာမဲ့ သက်ကြီး ရွယ်အို ၃၈၀ မှ ၄၅၀ ခန့် အတွင်း ရှိပါသည်။ ထိုသူတို့မှာနီးရာ အိမ်များမှ တစ်ဆင့် နိုင်သမျှ မျှဝေပေးမှုများကို အားကိုး သုံးစွဲနေကြရပါသည်။ ကျန်းမာရေး စောင့်ရှောက်မှု ခံစားရမှု မရှိပါ။ ထို့ကြောင့် မင်းကင်းမြို့နယ်တွင် သက်ကြီး ဘိုးဘွားရိပ်သာနှင့် လူငယ် စောင့်ရှောက်ရေးစခန်း ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းရဦးမည် ဖြစ်ပါသည်။

မင်းကင်း မြို့နယ်သည် မြို့အနေဖြင့် အိမ်ခြေ ၁၀၀၀ ၀န်းကျင်သာ ရှိသဖြင့် မြို့ငယ်ဟု ခေါ်ဆိုနိုင်သော်လည်း စင်ကာပူနိုင်ငံ၏ ၆ ဒသမ ၈ ဆမျှ ကျယ်ဝန်းပြီး စင်ကာပူနိုင်ငံတွင် မရှိသော ရေချို၊ သစ်တောကြိုးဝိုင်း ရေနံတွင်း၊ ၀ါးတောကြီးများနှင့် သီးနှံ စိုက်ပျိုးနေသော စိုက်ကွင်းများ၊ မွေးမြူရေး အကြီးအကျယ် လုပ်ကိုင် နိုင်သော ပလပ်မြေများ အလုပ်လုပ်ကိုင်မည့် လုပ်သားများလည်း ရှိနေပါသည်။

ကျယ်ဝန်းလှသော ၀ါးတောများကို အားပြု၍ စက္ကူစက်ရုံများ၊ သစ်တောကြိုးဝိုင်းများမှ အလုံးလိုက် ထုတ်ပြီး ပြည်ပသို့ ရောင်းစားနေသော သစ်လုံးကြီးများအား သစ်အခြေခံ ကုန်ချော ထုတ်လုပ်မည့် စက်ရုံကြီးများ အခြေစိုက်ပြီး ထုတ်လုပ်မည်ဆိုလျှင် မင်းကင်းမြို့နယ်သည် အထူးစီးပွားရေးဇုံ အဖြစ် ပြည်တွင်းအတွင်း အောင်မြင်စွာ ထူထောင်နိုင်မည့် ဒေသဖြစ်ပါသည်။ မင်းကင်းမြို့နယ်၊ လက်ချိတ် ကျေးရွာတွင် အီငယ်မစ်ဆု ကုမ္ပဏီမှ ရေနံတူးဖော်ခဲ့ပြီး ခေတ္တပြန်ပိတ်ထားသော ရေနံသိုက်လည်း ရှိပါသည်။ ဖက်ထုပ်ကျေးရွာတွင် ၎င်းဇနပုဒ်တွင် လည်းကောင်း၊ လက်ခပ် ရေနံတွင်း ရှိကြောင်း မှတ်သားဖူးပါသည်။ ဓာတ်ငွေ့များ အလိုအလျောက် ထွက်ရှိနေသော နေရာလည်း ရှိပါသည်။

စီးပွားဖြစ် ရောင်းစားနိုင်ခြင်း မရှိသော သစ်အမျိုးအစားများ၊ သစ်ထုတ်ရာမှ ထွက်ရှိသော အပိုင်းအစကိုင်များ ကိုင်း၊ နွားများနှင့်မြစ်ဆုံများကို စက်ဖြင့် ကြိတ်ခြေပြီး ရရှိသော သစ်အမှုန့်များကို ဓာတုကော်ဖြင့် ရောစပ်၍ Press လုပ်ခြင်း အားဖြင့် လူသုံးနိုင်သော ကြိတ်သားသစ် ထုတ်လုပ်ခြင်းကို ကျယ်ပြန့်စွာ ကိန်းဂဏန်းကြီးမားစွာ ထုတ်လုပ်ပြီး ပြည်တွင်း၊ ပြည်ပ၊ ဖြန့်ဖြူးခြင်းဖြင့် သစ်တောဖြုန်းတီးမှု လျှော့ချနိုင်ခြင်း ရာသီဥတု ထိန်းသိမ်း နိုင်ခြင်း၊ ချင်းတွင်းမြစ် ရေစီးရေလာ ကောင်းမွန်စေခြင်းတို့ အလိုအလျောက် ရရှိမည် ဖြစ်ပါသည်။

၁၅၂၇ စတုရန်းမိုင် အတွင်း နိုင်ငံတော်ကို အကျိုးပြုမည့် ကုန်ချော စက်ရုံများစွာ အခြေချ လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။ စားကျက်မြေများ စနစ်တကျ ဖော်ဆောင်ပြီး မွေးမြူရေး လုပ်ငန်းကို လုပ်ဆောင်မည် ဆိုလျှင် ကျွဲနွား စီးပွားဖြစ် မွေးမြူခြင်း၊ ၀က်၊ ကြက်၊ ဘဲနှင့် ငါး မွေးမြူရေးလုပ်ငန်း စသည်တို့ကို လုပ်ငန်းရှင်ကြီးများ ရင်းနှီး-မြှုပ်နှံ ဆောင်ရွက်လိုစိတ် ရှိကြမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံအတွင်း ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့် အနီးတစ်ဝိုက်တွင် ဆားစက်ရုံ အလုပ်ရုံနှင့် GDI များ အခြေစိုက် ကြမည့်အစား မင်းကင်းမြို့နယ်ကဲ့သို့ မြို့နယ်တွင် အခြေစိုက်နိုင်ရန် ပြည်တွင်း/ ပြည်ပ လုပ်ငန်းရှင်ကြီးများ ကုမ္ပဏီများအား Data အချက်အလက်များ ပေး၍ ဆွဲဆောင် စည်းရုံးပါက မြေကွက် အတွက် ဈေးကြီးစွာ ပေး၍ ရင်းနှီးရခြင်း၊ ရှုပ်ထွေး ပွေလီသော အခြေစိုက် လုပ်ငန်းများတွင် ယှဉ်ပြိုင် ထုတ်လုပ် ရမှုများကို ရင်ဆိုင်နေရသည့် ကုမ္ပဏီများ စိတ်ဝင်စားလာဖွယ် ရှိနေပါသည်။

စက်ရုံ အလုပ်ရုံများ အခြေစိုက် လုပ်ငန်းများကို ဗဟိုပြု၍ မဟာ ဓာတ်အားလိုင်း ဆက်သွယ်မှု အဆင့်မီ ကွန်တိန်နာတင် ကားကြီးများ သွားလာနိုင်ရန် လမ်းဖောက် လုပ်ရမှုများ ဖြစ်ပေါ်လာပြီး မင်းကင်းသူ/ မင်းကင်းသားများစွာ အလုပ်အကိုင် ရရှိပြီး အလျင်အမြန် တိုးတည်မည် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

ချင်းတွင်းချစ်ဆန်း
Myanmar Thandawsint Newspaper