HIV ပိုးဖြင့် နေထိုင်သူ တစ်ယောက်အတွက် (အမေး အဖြေ)

ပို့စ်တင်ချိန် - 1/18/2014 08:00:00 PM


မေး။    ။ HIV ဝေဒနာ ခံစားနေရမှန်း ဆေးစစ်ချက် အဖြေထွက်မှ သိလာရတယ်။ အမေ့ကို HIV လို့ မပြောဘဲ အဆုတ် C ပိုးနဲ့ နှလုံးအားနည်း ရောဂါလို့ ပြောပြီး မကြာခဏ ဖြစ်တတ်တဲ့ ကိုက်ခဲ၊ ဖျားနား၊ ချောင်းဆိုး၊ ခေါင်းကိုက် တာတွေကို အနီးနားမှာရှိတဲ့ ဆေးခန်းနဲ့ ပြသ၊ ဆေးထိုးဆေးသောက်ပါတယ်။ နောက်တစ်ခုက နာမကျန်း ကာလတွင်း အခုရောဂါပိုး ရှိတယ်လို့ သိချိန်ထိ ညီမလေးက သူ့ကို အနီးကပ်ပြူစုသူ ဖြစ်ပါတယ်။ နယ်ကလာပြီး ခုမှ ရန်ကုန်မှာ ကျွန်တော့်ဆီ အလည်လာရင်း ဆေးစစ်လိုက်မှ သိရတာပါ။ ခုရက်ပိုင်းတွင်း ရှမ်းပြည်ကို ပြန်နေခိုင်းဖို့ စီစဉ်ထားပါတယ်။

သိချင်တာက သူသက်တမ်းစေ့ နေနိုင်အောင် -
၁။ နေထိုင်စားသောက်မှု (ဇွန်း၊ ခွက်၊ ပန်းကန်၊ ပုဝါစသဖြင့်)
၂။ တစ်ကိုယ်ရေ သန့်ရှင်းမှု (သွားတိုက်တံ၊ ဆပ်ပြာ ပိုးသတ်ဆေး၊ ရေအိမ် ကျင်ကြီး/ငယ် အသုံးပြုပုံ)
၃။ ART ဆေးလျှောက်ထားပုံစံ နှင့် မည်သို့ NGO တွင်လျောက်ရမည်။
၎။ မည်သည့် ပိုးသတ်ဆေးဖြန်းရမည် (ရေအိမ်၊ ပတ်ဝန်းကျင် အိပ်ခန်း၊ လူနာအနီး၊ ဆပ်ပြာ၊ ပိုးသတ်ဆေးတံဆိပ်)

အနီးကပ်ပြုစုသူ ညီမလေးအတွက်
၁။ ကာကွယ်ဆေး ရှိပါသလား။ ရှိလျင် မည်သို့ မည်သည့်နေရာတွင် ထိုးရမည်။
၂။ နေထိုင်မှု
၃။ တကိုယ်ရေသန့်ရှင်းရေး အသုံးပြုပုံများ ဆပ်ပြာပိုးသတ်ဆေး
၎။ လူနာအတွက် နောက်ဆုံး အချိန်အတွက် မည်သို့ပြင်ဆင်ပုံ၊ ကိုင်တွယ်ပုံ၊ ပိုးသတ်ဆေး။
၅။ လူနာနောက်ဆုံး အချိန်သည် မည်သို့ လက္ခာများပြသ သနည်း။

ကျနော့်နာမည် (......) ဖြစ်ပါတယ်။ အမေတို့ကတော့ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ကပါ။ အကြံဥာဏ် တစ်ခုလောက် လိုချင်တယ်။ သူ့ကိုလည်း HIV ရောဂါဆိုးကြီးလို့ ဖွင့်ပြောပြဖို့ ခက်နေကြပါတယ်။ TV၊ အဆုတ်နဲ့ နှလုံး ကျောက်ကပ်တွေ မကောင်းဘူးလို့ပဲ ဖွင့်ဟပြောထားတာတောင် တော်တော်စိတ်ဓာတ် ကျနေပုံဖြစ်နေပါတယ်။ ကျွန်တောလဲ လက်လှမ်းမှီရာ HIV Information for Myanmar ဆိုပြီး အင်တာနက်က တဆင့် link တစ်ခုတွေ့လို့ အခုလို ဆက်သွယ်မေးမြန်းရတာပါ။ ဆရာတို့ ဖြေကြားချက်တွေကို စောင့်မျော်နေပါမယ်။ ခုလိုရောဂါသည်များအတွက် ထားရှိတဲ့ ဂေဟာ (သို့) NGO နှင့် ငွေရေးကြေးရေး မတတ်နိုင်သူများ အတွက် လူမှုရေး ပရဟိတဂေဟာများလည်း ရှိလျှင် မည်သို့ ပြုမှု ဆောင်ရွက်ရမလဲဆိုတာလဲ သတင်းအချက်အလက်များနဲ့ အကြံဥာဏ်များ ပေးစေချင်ပါတယ်။

ဖြေ။    ။ မေးခွန်းတွေအတွက် တစ်ခုချင်းဖြေပေးပါ့မယ်။

၁) သက်တမ်းစေ့အောင် နေထိုင်ခြင်း
HIV ပိုးရှိတဲ့ သူအတွက် သက်တမ်းစေ့အောင် နေနိုင်ဖို့ အတွက် အောက်ပါ အချက် ၃ ချက်ကို ဂရုပြုရပါမယ်။
(က) နေထိုင်စားသောက်မှုပုံစံ
(ခ) အခွင့်ကောင်းစောင့် ၀င်လာသော ရောဂါများကို ကုသခြင်း
(ဂ) အေအာတီဆေး သောက်ခြင်း

နောက်ဆုံးအချက်ကတော့ ဆရာဝန်က သောက်ဖို့ လိုတယ်လို့ပြောမှ အေအာတီဆေးကို သောက်ရမှာပါ။

အခွင့်ကောင်းစောင့် ၀င်လာတတ်တဲ့ ရောဂါတွေကတော့ -
၁ - တီဘီရောဂါ
၂ - ၀မ်းပျက်ဝမ်းလျော
၃ - ရေယုံ
၎ - မက်ခရု
၅ - အရေပြားရောဂါ
၆ - အဆုတ်ရောင်ရောဂါ စတာတွေပါ။ ဒါတွေဖြစ်ရင် နီးစပ်ရာ ဆရာဝန်နဲ့ စနစ်တကျ ကုသမှု ယူရပါမယ်။

အနေအထိုင်လို့ ဆိုရာမှာ
- သန့်ရှင်းလတ်ဆတ်သော အစားအစာများကို စားပါ၊ အပြင်က အစားတွေ (အထူးသဖြင့် လက်သုတ်၊ ချဉ်ဖတ်) ကိုရှောင်ပါ။
- တစ်ကိုယ်ရည်သန့်ရှင်းရေး ဂရုစိုက်ပါ။
- အိပ်ရေးဝအောင် အိပ်ပါ၊ အိပ်ရေးပျက်မခံပါနဲ့။
- ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ (ဥပမာ-လမ်းလျှောက်ခြင်း)
- ဆေးလိပ်၊ အရက်၊ မူးယစ်ဆေး ရှောင်ပါ။
- တရားဘာဝနာ ပွားများပါ။
- မိတ်ဆွေ၊ သူငယ်ချင်းများနဲ့ ပျော်ပျော်ရွင်ရွင်နေပါ။
- စာဖတ်ခြင်း၊ ဂီတနားထောင်ခြင်း၊ ပန်းချီဆွဲခြင်းများ လုပ်တတ်ပါက လုပ်ပါ။
- ပုံမှန် ဆေးခန်းပြပါ။ (ဥပမာ ၁ လတစ်ခါ)
- ဆေးမြီးတိုတွေရှောင်ပါ။
- နေမကောင်းဖြစ်ပါက ဆရာဝန်နဲ့ ချက်ချင်းပြပါ။
- လိင်ဆက်ဆံရင် ကွန်ဒုံးသုံးပါ။
- အခါသင့်တိုင်း စိတ်ပိုင်းဆိုင်ရာ တိုင်ပင်ဆွေးနွေးမှု Counseling ခံယူပါ။

ရောဂါပိုး ရှိသူအတွက် ဇွန်း၊ ပန်းကန်၊ ခွက်၊ အ၀တ်အထည် စတာတွေကို ခွဲထားစရာ မလိုပါဘူး။ ဒါတွေကနေ HIV ပိုး မကူးစက်ပါဘူး။ ရောဂါပိုးရှိသူနဲ့ အတူတူနေထိုင်လို့ ရပါတယ်။ ပစ္စည်းတွေကို ခွဲပြီးသုံးရင် ရောဂါပိုး ရှိသူ စိတ်ဓာတ်ကျသွားနိုင်ပါသည်။

ဆပ်ပြာ၊ သွားတိုက်ဆေးတွေကိုလည်း ခွဲထားစရာ မလိုပါဘူး။ အိပ်ပတ်ဝန်းကျင်ကိုလည်း ဆေးဖြန်းစရာ မလိုပါဘူး။

အေအာတီဆေးအတွက် နီးစပ်ရာ ဆရာဝန် သို့မဟုတ် HIV အထူးကုနဲ့ ပြစေချင်ပါတယ်။ ဆရာဝန်က လိုအပ်မှ ဒီဆေးသောက်ဖို့ကို ညွှန်ကြားပါလိမ့်မယ်။ ကျောက်မဲမှာဆိုရင် လားရှိုး သို့မဟုတ် မန္တလေးမှာရှိတဲ့ အစိုးရဆေးရုံ သို့မဟုတ် အန်ဂျီအိုတွေမှာ ပြလို့ရပါတယ်။ ဥပမာ မန္တလေးတွေင် The Union အဖွဲ့ရှိပါသည်။ လားရှိုးတွင်လည်း PSI, MSI, UNODC စတဲ့ ရုံးခွဲတွေမှာ မေးမြန်းလို့ ရပါတယ်။

အနီးကပ်ပြုစုသူအတွက် HIV ကာကွယ်ဆေးမရှိပါ။ လူနာဆီက သွေး၊ ပြည်၊ အနာ စတာတွေနဲ့ မထိမိအောင် သတိပြုရပါမယ်။ လူနာရဲ့ သွေး၊ပြည်၊ သားငံရည်တွေကနေ HIV ပိုးကူးနိုင်ပါတယ်။ လူနာရဲ့ တံတွေး၊ ချွေး၊ ဆီး၊ မျက်ရည် စတာတွေက HIV မကူးစက်နိုင်ပါဘူး။ လူနာကို ကိုင်တွယ်ပြီးတိုင်း ဆပ်ပြာနဲ့ လက်ဆေးတဲ့ အကျင့်လုပ်ပါ။

လူနာရဲ့ နောက်ဆုံးအခြေအနေမှာတော့ အသက်တကယ် ဆုံးပါးသွားရင် ပါးစပ်၊ နား၊ မျက်စိနဲ့ စအိုပေါက်တွေကို ဂွမ်းနဲ့ ပိတ်စေချင်ပါတယ်။ လူနာဆုံးသွားရင် ကိုယ်ထဲက ထွက်တဲ့ အရည်တွေနဲ့ လူနာစောင့်ကို မထိမိအောင် သတိပြုပါ။ အထူးသဖြင့် သွေး၊ပြည်၊ သားငံရည်တွေပါ။

နောက်ဆုံးအခြေအနေမှာ လက္ခဏာပြတာကတော့ ခုခံအားအလွန်ကျတဲ့ လက္ခဏာတွေပါ။ ဒါတွေက -
- ကာလအတန်ကြာ ၀မ်းလျောခြင်း၊ အလေးချိန်ကျခြင်း၊ ပိန်သွားခြင်း
- ရေယုံ၊ မက်ခရု ပါးစပ်၊ ပေါင်ခြံမှာပေါက်ခြင်း
- အကြိတ်များထွက်လာခြင်း
- အမောဖောက်ခြင်း (အဆုတ်ရောင်ခြင်း)
- သတိမေ့ခြင်း (ဦးနှောက်တွင် ကပ်ပါးမှိုများ ရှိနေလျှင်)... စတာတွေဖြစ်တတ်ပါတယ်။

အခု လူနာက ကျန်းမာနေသေးရင် မိဘဖြစ်တဲ့အတွက် မခွဲခြားပဲ ပုံမှန်အတိုင်း ဆက်ဆံ ပြုစုပေးပါ။ ယုယမှုပေးပါ။ မိဘဖြစ်နေတဲ့ အတွက် စိတ်နဲ့တောင် မပြစ်မှားစေချင်ပါဘူး။ စကားနဲ့ပြောဖို့၊ အမူအရာနဲ့ ခွဲခြားတဲ့ ပုံစံတွေလည်း မလုပ်စေချင်ပါဘူး။

ပိုးရှိသူတွေမှာ ချက်ချင်း သေရမယ်ဆိုတာ မရှိပါဘူး။ စနစ်တကျ ကုသရင် သက်တမ်းစေ့အောင် နေနိုင်ပါတယ်။ စိတ်ကျန်းမာနေရင်၊ ခုခံအားကောင်းနေလို့ ကျန်းမာစွာ နေနိုင်ပါသေးတယ်။

ဒီလောက်ဆို ကျေနပ်မယ်ထင်ပါတယ်။

လမင်းကို
HIV Information for Myanmar