ငွေယူပြီး ဆန္ဒပြဟု စွပ်စွဲသော မြဝတီကို မိကျောင်းကန်က တရားစွဲမည်

ပို့စ်တင်ချိန် - 1/18/2014 05:08:00 PM


သင်္ဃန်းကျွန်း မိကျောင်းကန် ဆန္ဒပြသူတွေဟာ အခကြေးငွေယူပြီး ဆန္ဒပြခဲ့တယ်လို့ မြဝတီ အင်တာနက်စာ မျက်နှာတွေမှာ စွပ်စွဲရေးသားမှုတွေအတွက် ဆောင်းပါးရှင်တွေကို တရားစွဲဆိုသွားမယ်လို့ မိကျောင်းကန် ဆန္ဒပြသူတွေက ဇန်နဝါရီ ၁၇ရက်နေ့မှာ တုံ့ပြန်လိုက်ပါတယ်။

၃လအတွင်း မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ ကို တပ်မ ၂၂က အဓမ္မ သိမ်းယူထားတဲ့အပေါ် အာဏာပိုင်တွေက ဘယ်လိုဖြေရှင်းပေးသွားမလဲ စောင့်ကြည့်နေမှာဖြစ်တယ်လို့ သပိတ်စခန်း ၂ကြိမ်ဖွင့်ခဲ့ပြီး ၇ကြိမ် ဆန္ဒပြခဲ့သူတွေက ပြောဆိုခဲ့ပါတယ်။

သန့်ရှင်းသောအစိုးရလို့ ကြေညာထားတဲ့ သမ္မတဦးသိန်းစိန်အစိုးရဟာ မိကျောင်းကန် မြေသိမ်းမှုကို ၃လအတွင်း ဖြေရှင်းမပေးနိုင်ရန်တော့ နောက်ထပ် သပိတ်စခန်းဖွင့်ပြီး တောင်းဆိုဆန္ဒပြသွားမှာဖြစ်တယ်လို့ဆိုပါတယ်။

မိကျောင်းကန် ဆန္ဒပြသူတွေဟာ ပြီးခဲ့နှစ် ဒီဇင်ဘာလမှာ ဆီးဂိမ်းဖွင့်ပွဲမတိုင်ခင် သပိတ်စခန်းပိတ်သိမ်းပေးဖို့ သဘောတူခဲ့ပြီး စစ်တပ်က အဓမ္မသိမ်းယူထားတဲ့ ရပ်ကွက်အတွက် ပြည်သူ့လွှတ်တော်ကနေ ပြေလည်အောင် ဖြေရှင်းပေးဖို့ကိုလည်း စောင့်ဆိုင်းနေတယ်လို့ ဆိုပါတယ်။
Kamayut Media