စက်ခလုပ်နိပ်၍ မဲခွဲဆုံးဖြတ်ရာတွင် မဲပျောက်နေခြင်းကြောင့် လွှတ်တော် ကိုယ်စားလှယ်များ ကိုယ်စား ရှက်မိဟု သူရဦးရွှေမန်း ပြော

ပို့စ်တင်ချိန် - 1/18/2014 03:14:00 PM


နေပြည်တော်၊ ဇန်န၀ါရီ ၁၇

ပြည်ထောင်စု လွှတ်တော်အတွင်း စက်ခလုပ်နိပ်၍ မဲခွဲဆုံးဖြတ်ရာ မဲပျောက်နေခြင်းကြောင့် လွှတ်တော်ကိုယ်စားလှယ်များ ကိုယ်စား ရှက်မိကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းကပြောသည်။

"၂၁ မဲပျောက်နေတယ်၊ ကိုယ်မဲကိုယ်တော့ ပေးရဲရမှာပေါ့၊ ပြည်သူ ကိုယ်စားလှယ်တွေ ဖြစ်လာပြီလေ၊ မဲမပေးရဲဘူးလား၊ ကိုယ်ဆုံးဖြတ်ချက်ပေါ်မှာ ရဲရဲတင်းတင်း မဆောင်ရွက်နိုင်ဘူး ဆိုရင်တော့ ပြည်သူ့ ကိုယ်စားလှယ်တွေအဖြစ်မထိုက်တယ်ဘူး လို့သူများတွေဝေဖန်နေတာတွေလည်း ကျွန်တော်ကြားရပါတယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ကိုယ်စား ကျွန်တော် ရှက်မိပါတယ်"ဟု သူရဦးရွှေမန်းကပြောသည်။

ယနေ့(ဇန်န၀ါရီ ၁၇)ရက်နေ့ ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် န၀မပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် နိုင်ငံတော် သမ္မတထံမှ သဘောထား မှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသော ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား လွှတ်တော်မှ အတည်ပြုရန် စက်ခလုပ်နိပ်၍ မဲခွဲဆုံးဖြတ်ရာတွင် မဲအရေအတွက် ပျောက်ဆုံးနေသောကြောင့် ၄င်းကပြောကြား ခဲ့ခြင်းဖြစ်သည်။

ရန်နိုင်

Popular Myanmar News Journal