လူ့ဘောင်သစ် ၃စု မပေါင်းနိုင်ရင် ပါတီအမည်ရွှေကွပ်ပြီး ပြတိုက်မှာသာထားတော့ဟု ရှင်းကြပြီ

ပို့စ်တင်ချိန် - 1/18/2014 07:33:00 PM


သုံးစုကွဲနေတဲ့ လူ့ဘောင်သစ်ပါတီဝင်တွေ တစ်စုတစ်စည်းတည်း ပြန်လည်မပေါင်းစည်းနိုင်ရင်တော့ ပါတီနာမည်ကို ဘယ်သူမှ မသုံးသင့်ဘဲ ရွှေကွပ်ပြီး ပြတိုက်ထားမှာပဲ ထားသင့်တယ်လို့ ၁၉၈၉ ဗဟိုကော်မတီအဖွဲ့ဝင်တွေ ဇန်နဝါရီ ၁၈ရက်နေ့မှာ ပြောလိုက်ပါတယ်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဟာ ပါတီဝင်ရဲဘော်တွေအကုန် ပိုင်ဆိုင်တာမို့ တစ်ဦးတစ်ယောက်တည်းအတွက် သီးသန့်ပိုင်ဆိုင်ခွင့်မပေးနိုင်သလို ပါတီဂုဏ်သိက္ခာ အစွန်းအထင်းမခံနိုင်တာကြောင့် ပြတိုက်ထဲမှာပဲ ထားခဲ့တော့မယ်လို့ ဦးအောင်ဇေယျက ဆိုပါတယ်။

ထိုင်းနိုင်ငံ အခြေစိုက်တဲ့ ဦးအောင်မိုးဇော်ဦးဆောင်တဲ့ လူဘောင်သစ်ပါတီနဲ့ ပြည်တွင်းက လူ့ဘောင်သစ် ဗဟိုကော်မတီဝင်ဟောင်းတွေကို ချန်လှပ်ပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို မှတ်ပုံတင် လျှောက်ထားတာ မလုပ်ကောင်းတဲ့ကိစ္စလို့ ပါတီဥက္ကဌ ကိုမိုးသီးဇွန်က ဆိုပါတယ်။

ပထမအကြိမ် ညီလာခံဗဟိုကော်မတီဝင်တွေတစ်စု၊ ဦးအောင်မိုးဇော်ရဲ့ ပါတီဝင်တစ်စုနဲ့ ကိုဇေယျဦးဆောင်တဲ့ မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတို့ တစ်စုဟာ အုပ်စု ၃စုအဖြစ်ကွဲပြားနေပြီး ပြန်လည်ပေါင်းစည်းရေးမှာ ကိုဇေယျနဲ့ညှိနှိုင်းမှု မအောင်မြင်ခဲ့တာကြောင့် ဦးအောင်မိုးဇော်တို့အစုက ပါတီကို မှတ်ပုံတင်ခဲ့ပါတယ်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဟာ ၁၉၈၈ အရေးတော်ပုံကနေ ပေါ်ထွက်လာတဲ့ ကျောင်းသားအင်အားစုတွေနဲ့ စုစည်းပြီး နိုင်ငံရေးပါတီအဖြစ် ထူထောင်ခဲ့တာဖြစ်ပေမယ့် စစ်အစိုးရလက်ထက်မှာ ဖျက်သိမ်းခြင်းခံခဲ့ရတာကြောင့် ထိုင်းနယ်စပ်မှာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ပြန်လည်ထူထောင်ခဲ့ပါတယ်။
Kamayut Media