ယခုနှစ် တပ်မတော်ဆိုင်ရာဘွဲ့များ ချီးမြှင့်ရာတွင် ထိပ်တန်းဘွဲ့သုံးမျိုးမပါ

ပို့စ်တင်ချိန် - 1/06/2014 08:36:00 AM


တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဆုတံဆိပ်ရ အရာရှိနှင့် အခြားအဆင့် စစ်သည်များအား လှိုက်လံနှုတ်ဆက်နေသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲများပြင်းထန်ခဲ့သည့် ၂၀၁၂ခုနှစ်က တပ်မတော်ဆိုင်ရာ ဘွဲ့ထူးဂုဏ်ထူးများ ပေးအပ်ရာတွင် သူရဘွဲ့များအထိ ပေးအပ်ချီးမြှင့်ခဲ့သော်လည်း ၂၀၁၃ခုနှစ်အတွက် ချီးမြှင့်သော ဘွဲ့ထူး၊ ဂုဏ်ထူးများတွင်  သူရဘွဲ့များ ချီးမြှင့်ခြင်းမပြုဘဲ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ကိုသာ အမြင့်ဆုံးချီးမြှင့်ခဲ့သည်။

(၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် တပ်မတော်ဆိုင်ရာဘွဲ့ထူး၊ ဂုဏ်ထူးများ ချီးမြှင့်ရာတွင် ထင်ရှားသော ဘွဲ့ထူးများဖြစ်သည့် အောင်ဆန်းသူရိယ၊ သီဟသူရ၊ သူရဘွဲ့တို့ ချီးမြှင့်ခြင်းမရှိဘဲ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ ၂၅ ဦး အပါအ၀င် ဘွဲ့ထူး၊ ဂုဏ်ထူးရရှိသူ ၃၆၂ ဦး အား ဇန်န၀ါရီ ၄ ရက်က ပေးအပ်ချီးမြှင့်ခဲ့သည်။
““ကျွန်တော်သိသလောက် ၁၉၉၃-၉၄ နောက်ပိုင်းကစပြီး သူရတို့၊ သီဟသူရတို့ မပေးတော့ဘူး။ ကချင်တိုက်ပွဲတွေဖြစ်တဲ့နှစ်ကျမှ သူရဘွဲ့ပြန်ပေးတာ။ ဒီနှစ်ကအဲလိုတွေ မပေးတော့ဘူးဆိုတာ တိုက်ပွဲတွေနည်းသွားတာပါတာပေါ့။ တိုက်ပွဲတွေရှိတော့ မဆုတ်တမ်း ခံစစ်ကို မလွတ်အောင်အသက်ပေးခဲ့သူတွေ၊ စီမံခန့်ခွဲမှုကောင်းတဲ့သူတွေ၊ အဲလိုလူမျိုးတွေကိုပေးတာပါ””ဟု တပ်မတော်အရာရှိတစ်ဦးကပြောသည်။
အဆိုပါဘွဲ့ထူးများ ပေးအပ်ခြင်းအခမ်းအနားကို ဇန်န၀ါရီ ၄ ရက်နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိဗိမာန်၌   ပြုလုပ်ခဲ့ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် ပေးအပ်ချီးမြှင့်ခဲ့ ပြီး ၂၀၁၂နှင့် ၂၀၁၃ ခုနှစ်များအတွင်း   လုပ်ဆောင်ခဲ့သည့် လုပ်ဆောင်ချက်များအတွက် ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ကာကွယ်ရေးတာဝန်များ ထမ်းဆောင်ရာတွင် ကျရာတာဝန်ဝတ္တရားကို  သက်စွန့်ကြိုးပမ်း ထမ်းဆောင်သူများအား လွတ်လပ်ရေးနေ့၊ တပ်မတော်နေ့ အခါသမယများတွင် ယခုကဲ့သို့ နှစ်စဉ်ချီးမြှင့်ဂုဏ်ပြုပေးနေမည်ဖြစ်ပြီး တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့်အတိုင်း လူတစ်ယောက်၊ သေနတ်တစ်လက်၊ ဓားတစ်ချောင်းကျန်သည်အထိ မြန်မာနိုင်ငံတော်ကို ကာကွယ်ရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယင်းအခမ်းအနားတွင်   ပြောသည်။
တပ်မတော်အနေဖြင့် ဂုဏ်ထူးဆောင်လက်မှတ် ၄၁ မျိုးကို ချီးမြှင့်ပေးလျက်ရှိသည့်အပြင် ၂၀၀၉ ခုနှစ်၊  ဒီဇင်ဘာလမှစ၍  သရေစည်သူ၊ ဇေယျကျော်ထင်၊ သီရိပျံချီ အစရှိသည့် စွမ်းရည်ဘွဲ့ တံဆိပ် ၁၂ မျိုး ချီးမြှင့်ခဲ့သည်။
၂၀၁၄ ဇန်န၀ါရီ ၄ ရက်တွင် တပ်မတော်ဆိုင်ရာစွမ်းရည် ဘွဲ့၊ တံဆိပ်၊ လက်မှတ်များချီးမြှင့်ရာတွင် သူရဲကောင်းမှတ်တမ်းဝင် ၂၅ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ရရှိ သူ ၅၈ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူ ငါးဦးတို့အား နေပြည်တော်တွင် စစ်ရုံးချုပ်နှင့်  သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များ၌ ပေးအပ်ချီးမြှင့်ခဲ့သည်။
သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူများတွင်  ဒုတိယဗိုလ်မှူးကြီးအဆင့် ၂ ဦး၊ ဗိုလ်မှူးအဆင့် ၁ ဦး၊ ဗိုလ်ကြီးအဆင့် ၆ ဦး၊ တပ်ဖွဲ့တပ်ကြပ်ကြီးအဆင့် ၁ ဦး၊ တပ်ကြပ်ကြီးအဆင့် ၅ ဦး၊ တပ်ကြပ်အဆင့် ၁ ဦး၊ ဒုတပ်ကြပ်အဆင့် ၃ ဦးနှင့် တပ်သားအဆင့် ၅ ဦးတို့ပါဝင်သည်။
7 Day Daily